Thursday, November 20, 2008

ခလရ ၂၉၉ နှင့် မွန်ပြည်ပြန်လည်ထူထောင်ရေးပါတီတို့ တိုက်ပွဲဖြစ်

Thu 20 Nov 2008, အာကာ

မွန်ပြည်ပြန်လည်ထူထောင်ရေးပါတီ (MRP) မှ နိုင်ချမ်းဒိန်းလက်အောက်ခံအဖွဲ့နှင့် အမှတ် (၂၉၉) ခြေလျင်တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားခြင်းကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးပြီး နိုင်ချမ်းဒိန်အဖွဲ့မှ (၃) ဦးကျဆုံးကြောင်း တိုက်ပွဲဖြစ်ပွားရာ ဝန်းကျင်ရှိကျေးရွာမှ ရွာသားများက ပြောသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့လည်ပိုင်းတွင် ရေးမြို့နယ်တောင်ပိုင်း မာန်အောင်ကျေးရွာ ချောင်းဖျား၌ အင်အား ၅ ဦးပါ နိုင်ချမ်းဒိန်းလက်အောက်ခံအဖွဲ့နှင့် အထမ်းသမား ရွာသားတစ်ဦး စခန်းချအနားယူစဉ် ကိုးမိုင်ကျေးရွာအခြေစိုက် ခလရ (၂၉၉) ၏ ထိုးစစ်ဆင်တိုက်ခိုက်ရာမှ တိုက်ပွားစတင်ဖြစ်ပွားခဲ့ကြောင်း ၄င်းတပ်ရင်းနှင့် နီးစပ်သူ ရွာသားတစ်ဦးက ပြောသည်။


ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော ခလရ (၂၉၉) ၏ စစ်အင်အားကို ၄င်းအနေဖြင့် အတိကျ မသိရှိကြောင်း၊ ၄င်းတိုက်ပွဲ၌ နိုင်ချမ်းဒိန်းအဖွဲ့မှ ၃ ဦးကျဆုံးပြီး၊ ၄င်းအဖွဲ့မှ အထမ်းသမားအဖြစ် ခေါ်ယူလာသော ဟံဂံကျေးရွားမှ ဥယျာဉ်ခြံရှင်တစ်ဦးလည်း သေဆုံးခဲ့ကြောင်း ၄င်းတိုက်ပွဲမှာ မိနစ်ပိုင်းမျှသာကြာကြောင်း တပ်ရင်းနှင့်နီးစပ်သည့်ရွာသားက ပြောသည်။

''ကျနော် ကြားရသလောက်ဆို နိုင်ချမ်းဒိန်းအဖွဲ့က စခန်းချပြီး ထမင်းချက်နေတုန်း အငိုက်မိပြီးခံလိုက်ရတယ်၊ ၂၉၉ က လက်နက်ငယ် ၃ လက်နဲ့ ဆပ်ကြေးငွေ သိန်း ၈၀ လောက် သိမ်းခဲ့တယ်လို့ ကြားတယ်'' ဟု ၄င်းရွာသားက ဆိုသည်။

''ကျမတို့လည်း တိုက်ပွဲဖြစ်တာ ကြားပါတယ်။ ဒါပေမယ့် ဘက်နှစ်ယောက် ဒဏ်ရာရပြီး၊ ဘယ်နှစ်ယောက် သေတာကိုတော့ ကျမတို့မသိပါဘူး။ ဟံဂံရွာသားတစ်ဦး သေတာကတော့ သေချာပါတယ်'' ဟု ကိုးမိုင်ရွာသူတစ်ဦးက ပြောသည်။

၎င်း၏ပြောပြချက်အရ တိုက်ပွဲဖြစ်ပွားပြီး ၎င်းတို့အနေဖြင့် ထိတ်လန့်နေကြကြောင်း၊ ရွာပြင်ထွက်ပြီး ခြံသွားရန်လည်း မဝံ့ရဲကြောင်း၊ ၄င်းတို့ရွာသားများမှာ စစ်တပ်နှင့် နိုင်ချမ်းဒိန်းတို့ နှစ်ဖက်စလုံးကို ကြောက်ရွံ့နေရကြောင်း ပြောသည်။

ကိုးမိုင်ရွာမှာ ရေးမြို့နယ်တောင်ပိုင်း၊ ရေး- ထားဝယ်ကားလမ်းဘေး၌ရှိပြီး ရေးမြို့နှင့် ၉ မိုင် ကွာဝေးသည်။ မာန်အောင်ကျေး ရွာမှာမူ ကိုးမိုင်ရွာ၏ အရှေ့ဘက် တစ်မိုင်ဝန်းကျင်ခန့်ရှိပြီး၊ ၎င်းမာန်အောင်ရွာ၏ အရှေ့ဘက် ချောင်းဖျားထက်၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော နိုဝင်ဘာလ ၃ ရက်နေ့ကပင် နိုင်ချမ်းဒိန်အဖွဲ့နှင့် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကလိန်အောင်မြို့နယ်ခွဲ အခြေ စိုက် ခလရ ၂၈၂ တို့မှ ဒုတပ်ရင်းမှူး ညီညီစိုးတို့ လဈို့ဝှက်သဘောတူချက် (၄) ချက်ရရှိထားသည်ကို ၄င်းတို့မှ လျှို့ဝှက်သ တင်းရရှိထားကြောင်း ၄င်းတို့သဘောတူညီချက်၌ (၁) တစ်ဖက်နှင့် တစ်ဖက် ပစ်ခတ်ခြင်းမပြုကြရန်၊ (၂) ရေး-ထားဝယ်ကား လမ်း၌ ပြေးဆွဲနေသော ကားများအား ဟန့်တားခြင်းမပြုကြရန်၊ (၃) ရွာသားများအား ဖမ်းဆီးခြင်းမပြုရန်နှင့် (၄) ရွာတွင်း၌ ရှိစဉ် သတင်းမပေါက်ကြားရန်တို့ ပါဝင်ကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်မှ ပါတီဝင်တစ်ဦးက ပြောသည်။

၎င်း၏သုံးသပ်ချက်အရ ယခုကဲ့သို့သော လျှို့ဝှက်သဘောတူညီချက်မှာ ၄င်းတပ်ရင်းနှင့် နိုင်ချမ်းဒိန်းအဖွဲ့၏ လှုပ်ရှားရာ နယ်မြေများတွင်သာဖြစ်ပြီး အခြားနယ်မြေများနှင့် သက်ဆိုင်မှုမရှိကြောင်း ၄င်းတို့အချင်းချင်း နားလည်မှုဖြင့် အပေးအယူ လုပ်ကြခြင်းသာဖြစ်ကြောင်း ဆိုသည်။

''တိုးတိုးတိတ်တိတ်တော့ ကြားပါတယ်။ ဒါပေမယ့် သူတို့ရဲ့ လျှို့ဝှက်ချက်ဆိုတော့ သေသေချာချာမသိပါဘူး'' ဟု ကလိန်အောင်မြို့နယ်ခွဲမှ ရွာသားတစ်ဦးက ပြောသည်။


No comments: