Friday, November 14, 2008

၂၀၁၀ ရွေးကောက်ပွဲအတွက် အပစ်အခတ်ရပ်စဲရေးအဖွဲ့များကို စစ်အစိုးရ မဟာမိတ်ဖွဲ့တော့မလား

ကိုဝိုင်း

မြန်မာစစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်အတိအကျ ထုတ်ဖော်ခြင်းမရှိသေးသည့် အဆိုပါရွေးကောက်ပွဲတွင် ပါတီထောင်၍ ၀င်ရောက်ယှဉ်ပြိုင်ကြရန် နအဖ က အပစ်အခတ်ရပ်စဲရေးအဖွဲ့များအား လိုက်လံသိမ်းသွင်းနေသည်၊ နအဖ ကျောထောက်နောက်ခံပေးထားသည့်ပါတီများက အပစ်အခတ်ရပ်စဲရေးအဖွဲ့ပါတီများနှင့် မဟာမိတ်လုပ်လိမ့်မည်ဆိုသည့်
သတင်းများ လတ်တလော ထွက်ပေါ်နေသည်။

အထူးသဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းမှ အပစ်ရပ်အဖွဲ့များအား ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်မင်းအောင်လှိုင်၊ စစ်ဖက်ရေးရာလုံခြုံရေး (စရဖ) အကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်တို့က ခြောက်တလှဲ့ ချော့တလှဲ့ဖြင့် တွန်းအားပေးနေကြောင်း ရေးသား ပြောဆိုနေကြခြင်းဖြစ်သည်။

ယင်းသို့ နအဖ၏ တွန်းအားပေးနေမှုများနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အတွင်းမှ နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေးကိစ္စများကို အထူးပြုရေးသားဖော်ပြနေသော ‘သျှမ်းသံတော်ဆင့်သတင်းစဉ်’ မှ အယ်ဒီတာတဦးဖြစ်သူ စိုင်းစိန်ကြည်ကို ခေတ်ပြိုင်က မေးမြန်းခဲ့သည်။

မေး။ ။ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်နဲ့ ဗိုလ်ချုပ်မင်းအောင်လှိုင်တို့က ရှမ်းနဲ့ ကချင်ပြည်နယ်တွေက အပစ်ရပ်အဖွဲ့တွေကို ပါတီထောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ခိုင်းဖို့ ကြိုးစားနေတယ်ကြားပါတယ်။ ဦးစိုင်းလင်းဦးဆောင်တဲ့ အထူးဒေသ (၄) မိုင်းလားအဖွဲ့က ဒု-ဗခကရဲမြင့်နဲ့ သဘောတူသွားပြီလို့လည်း ကြားပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာများသိထားတာ ရှိပါသလဲခင်ဗျ။

ဖြေ။ ။ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က အောက်တိုဘာ (၁၇) မှာ ကေအိုင်အိုနဲ့တွေ့တယ်။ (၁၈-၁၉) မှာ မိုင်းလားအဖွဲ့နဲ့ ကျိုင်းတုံမှာ တွေ့တယ်။ (၂၁-၂၂) မှာ လားရှိုးမှာ အန်ဒီအေကေ၊ မြောက်ပိုင်းအပစ်ရပ်ရှမ်းအဖွဲ့၊ မထူးနော်တို့နဲ့ တွေ့တယ်။ ဒါပေမယ့် လားရှိုးနဲ့ မြစ်ကြီးနားကတော့ ပါတီထောင်ဖို့ ဆွေးနွေးကြတယ်ဆိုတဲ့ကိစ္စ ကျနော်တို့ လုံးဝမကြားဘူး။ ထူးခြားတာက ကျိုင်းတုံမှာပြော တယ်။ မိုင်းလားအဖွဲ့က သူတို့ ထိပ်ပိုင်းခေါင်းဆောင်တွေ (၃-၄) ယောက် (ဦးစိုင်းလင်းပါတယ်လို့တော့မကြားဘူး) လာတွေ့ပြီး တော့၊ ကျနော်တို့ အဲဒါလုပ်ဖြစ်အောင် အထူး (၄) ဌာနချုပ် မိုင်းလားမှာ ဆွေးနွေးမယ်လို့ပဲ ပြောတယ်လို့ကြားတယ်။ ကျနော်တို့ လုပ်မယ်၊ ကတိပြုပါတယ် အဲဒီလိုပုံစံတော့ မဟုတ်သေးဘူးလို့ မိုင်းလားနဲ့ နီးစပ်တဲ့အသိုင်းအ၀န်းက ပြောတယ်။

ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်သည် ယခင်လက ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်ဟူသော သတင်းနှင့်ပတ်သက်၍ ကချင်နိုင်ငံခြားရေးတာဝန်ခံတဦးဖြစ်သူ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်းကို ဆက်သွယ်ခဲ့သည်။ ကေအိုင်အိုက ရွေးကောက်ပွဲဝင်ရန်ပြင်ဆင်နေသည်၊ စည်းရုံးရေးလုပ်ငန်းများ လုပ်နေသည်ဆိုသည့် သတင်းများ မှန်မမှန် မေးမြန်းရာ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်းက ယခုကဲ့သို့ စတင်ဖြေကြားသည်။

ဖြေ။ ။ ကျနော်တို့ ကေအိုင်အိုအနေနဲ့ ဘယ်နည်းမဆို ပါတီတခုဖွဲ့ဖို့ အစီအစဉ်မရှိဘူး။ ကျနော်တို့ ကေအိုင်အိုနာမည်ကို သုံးပြီးတော့ ပါတီဖွဲ့စည်းမှာ မဟုတ်ဘူး။ ရွေးကောက်ပွဲလုပ်သင့်တယ်ဆိုရင် ပြည်သူလူထုကနေ ပါတီဖွဲ့ရမှာပေါ့။ ကျနော်တို့ဟာ လက်နက်ကိုင်တဲ့အဖွဲ့ဆိုတော့ ဒါ ပါတီဖွဲ့လို့ လုံးဝမသင့်တော့တဲ့ဟာဖြစ်တယ်။

မေး။ ။ ကေအိုင်အိုထဲက အဖွဲ့ဝင်တွေကနေ သီးသန့်ပါတီထောင်မယ်ဆိုရင် ဘယ်လိုသဘောထားမလဲ ခင်ဗျာ။

ဖြေ။ ။ လူတဦးတယောက်ကနေ လုပ်ချင်ပါတယ်ဆိုရင် ကေအိုင်အိုကနေ အပြတ်ထွက်သွားပြီးတော့ သူကြိုက်တဲ့ ပြည်သူ လူထုတယောက်အနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကိုယူပေါ့။ အခုအချိန်အထိ ကျနော်တို့မှာ ဘယ်သူက ဘာသွားလုပ်မယ် ဆိုတာတော့ မရှိသေးဘူး။

မေး။ ။ နအဖ ကနေ ရွေးကောက်ပွဲမတိုင်ခင် လက်နက်ဖြုတ်မယ်ဆိုတဲ့ အစီအစဉ်လုပ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ အဲဒီအတွက် ကေအိုင်အိုက တခုခုကြိုတင်စီစဉ်ထားတာများ ရှိပါသလားခင်ဗျာ။

ဖြေ။ ။ ဒီဟာပြောဖို့က စောပါသေးတယ် ထင်တယ်။ ဘာကြောင့်လည်းဆိုတော့ ဟိုးလွန်ခဲ့တဲ့ (၅) နှစ်လောက်ကတည်းက ပြောနေတာပဲ။ ပြည်သူလူထုရဲ့ လုံခြုံရေး အားလုံး အာမခံချက်ရှိပြီဆိုရင် ငြိမ်းချမ်းတဲ့တိုင်းပြည်မှာ တပ်မတော်တခုထက်ပိုပြီး ဘယ်မှာမှ မရှိဘူး။ ဒါပေမယ့် တိုင်းပြည်တခုမှာ တော်လှန်ရေးတခုထက်ပိုပြီးရှိတယ်ဆိုတာ အဲဒီတိုင်းပြည်ဟာ မငြိမ်းချမ်းဘူး။ ပြည်သူလူထု မခံနိုင်တဲ့ဟာတွေ များပြားလို့ဆိုတဲ့ အဓိပ္ပာယ်ပေါ်တယ်။ ဒီဟာလုပ်ဖို့ဟာ ပြည်သူလူထုရဲ့ အာမခံချက်အပေါ်မှာ ပိုပြီးမူတည်လိမ့်မယ်။

အပစ်အခတ်ရပ်စဲရေးအဖွဲ့အတော်များများ၌ စစ်အစိုးရနှင့်ဆက်ပြီး ငြိမ်းချမ်းရေးလိုချင်သည့် ခေါင်းဆောင်ပိုင်းနှင့် နအဖကို တိုက်ရေး လူငယ်များကြား အုပ်စုကွာခြားမှုများဖြစ်နေသည်ဟု ရလလဖ ခွဲထွက်ခေါင်းဆောင်တဦးက ပြောခဲ့ဖူးသည်။
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အဖွဲ့အတွင်းမှာလည်း စီးပွားရေးအားသန်သည့် ဝေရှောက်ခန်းအုပ်စုနှင့် စစ်ရေးအားသန်သည့် ပေါက်ယူချန်အုပ်စုကွဲနေကြာင်း ရှမ်းသံတော်ဆင့်သတင်းစဉ်၌ ဖော်ပြထားသည်။

သို့သော် နအဖက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အတွင်းရှိ တရုတ်နယ်စပ်ဌာနချုပ်ရုံးစိုက်သည့် အပစ်ရပ်အဖွဲ့များကို အနုနည်း၊ အကြမ်းနည်းများအသုံးပြု၍ ကိုင်တွယ်မှုများဖြစ်ပေါ်လာလေ အဆိုပါအဖွဲ့များ တဖွဲ့နှင့်တဖွဲ့ ပိုမိုနီးစပ်လာလေ ဖြစ်လာကြောင်း သျှမ်းသံတော်ဆင့်သတင်းစဉ် အယ်ဒီတာ စိုင်းစိန်ကြည်က ယူဆသည်။

မေး။ ။ သျှမ်းသံတော်ဆင့်သတင်းစဉ် အယ်ဒီတာ စိုင်းစိန်ကြည်ခင်ဗျား။ တကယ်လို့ နအဖက အကျပ်ကိုင် ဖိအားပေးတဲ့နည်း ဒါမှမဟုတ် အနုနည်းတွေသုံးပြီး သိမ်းသွင်းမယ်ဆိုရင် အပစ်ရပ်အဖွဲ့တွေထဲမှာ ဘယ်လိုအခြေအနေမျိုး ဖြစ်လာနိုင်မယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ကြားရတာက ပြီးခဲ့တဲ့ (၄-၅-၆) လကတည်းက တရုတ်နယ်စပ်မှာ ဌာနချုပ်အခြေစိုက်တဲ့ အပစ်ရပ်အဖွဲ့တွေ ရှမ်းပြည်နဲ့ ကချင်ပြည် (၃-၄-၅) ဖွဲ့က နအဖက သူတို့ကို အနုနည်းဖြစ်ဖြစ် အကြမ်းနည်းဖြစ်ဖြစ် သူတို့ ကြုံလာလေလေ အချင်း ချင်းနီးစပ်မှု ရှိလေလေ ဖြစ်လာတယ်။ အချင်းချင်းတိုင်ပင်မယ်၊ သဘောတူညီချက်ရပြီးမှ လုပ်မယ်ပေါ့။ အဲဒါတွေက ကေအိုင်အို၊ ဒီမိုကရေစီသစ်တပ်မတော်-ကချင် (အန်ဒီအေကေ)၊ ကိုးကန့်၊ ပန်ဆန်း ၀ အဖွဲ့၊ ဦးစိုင်းလင်း အထူးဒေသ (၄) (မိုင်းလား) တွေပေါ့။ အပြန်အလှန်အားကိုးတဲ့ ပုံစံက ပိုပြီး ကြီးမားလေပေါ့။ တခုရှိတာက နယ်မြေအကျယ်ဆုံး၊ အင်အားအတောင့်တင်းဆုံး ပန်ဆန်း အဖွဲ့ကို ဘာမှ အသိမပေးဘဲနဲ့ နအဖနဲ့ သီးခြားလုပ်မလားဆိုတာ စဉ်းစားစရာဖြစ်တယ်လေ။ ကျနော်တို့ ခန့်မှန်းတာလည်း ဟုတ် တယ်၊ မျှော်လင့်တာလည်း ဟုတ်တယ်ပေါ့။ မိုင်းလား အထူး (၄) အဖွဲ့က မတင်မကျ မြွေမသေတုတ်မကျိုးပုံစံနဲ့ နအဖကို တန်ပြန် မျှော်လင့်ချက်ပေးတဲ့ပုံစံဖြစ်မလားပေါ့။

နအဖဗိုလ်ချုပ်များက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟု ကြွေးကြော်နေသော်လည်း လက်တွေ့အရမူ အပစ်ရပ်အဖွဲ့တိုင်းရင်း သားများနှင့် နိုင်ငံရေးပါတီထောင်ထားသူ တိုင်းရင်းသားများအကြား ခွဲခြားဆက်ဆံမှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ပြည်တွင်းတိုင်းရင်းသားအဖွဲ့များထဲမှ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) တဖွဲ့သာချန်၍ ကျန်ပါတီများကို ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။ အက်စ်အန်အယ်လ်ဒီ ဥက္ကဋ္ဌ စ၀်ခွန်ထွန်းဦး အပါအ၀င် နိုင်ငံရေးအရ တက်ကြွသည့် ရှမ်းခေါင်းဆောင်များကိုလည်း ရှမ်းပြည်အတိုင်ပင်ခံကောင်စီဖွဲ့စည်းသဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

သို့သော် ကချင်လွတ်လပ်ရေးအဖွဲ့က ကချင်အတိုင်ပင်ခံကောင်စီဖွဲ့စည်းခြင်းကိုမူ တရားဝင်မဟုတ်သော်လည်း တစုံတရာ ပြောဆို ခြင်းမပြုခဲ့ပေ။ နအဖတို့ ကျင်းပခဲ့သည့် အမျိုးသားညီလာခံသည် လွတ်လပ်ပွင့်လင်းမှုမရှိသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် တိုင်းရင်းသားပါတီများက သပိတ်မှောက်ခဲ့သည့်အကြားမှ နအဖက အပစ်ရပ်အဖွဲ့များကို အပြီးတိုင်တက်စေပြီး ဖွဲ့စည်း ပုံအခြေခံဥပဒေမူကြမ်းတခုကို မဖြစ်ဖြစ်အောင် ရေးဆွဲခဲ့သည်။ ထို့နောက် အဓမ္မ အတည်ပြုခဲ့ပြီး အချောအဆင့်သို့ ရောက်ရှိသွား ပြီဖြစ်သည့် အဆိုပါ ဖွဲ့စည်းပုံဥပဒေအရ ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာခဲ့သည်။

ပြည်တွင်းမှ ဖျက်သိမ်းခံပါတီတခုဖြစ်သော ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌလည်းဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) အဖွဲ့ဝင်နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (ယူအန်အေ) အဖွဲ့ဝင်ဖြစ်သူ ဦးပူကျင့်ရှင်းထန်ကမူ နအဖ၏ ဖွဲ့စည်းပုံတရားမ၀င်သဖြင့် ၎င်းတို့အနေဖြင့် ပါတီပြန်ဖွဲ့၍ ရွေးကောက်ပွဲဝင်ရန် အစီအစဉ်မရှိဟု ပြောသည်။

မေး။ ။ ဦးပူကျင့်ရှင်းထန်ခင်ဗျား။ အန်ကယ်တို့အဖွဲ့ကို နအဖက ဖျက်သိမ်းထားတယ်။ ပြီးတော့ ရွေးကောက်ပွဲ ဥပဒေကတော့ မထွက်သေးဘူးပေါ့နော်။ ဒါပေမယ့် ပါတီအသစ်ဖွဲ့ပါ။ ရွေးကောက်ပွဲဝင်ပါဆိုပြီး နအဖက ပြောလာရင်ရော ဘယ်လိုစဉ်းစားထားပါသလဲ။

ဖြေ။ ။ သူတို့ အတည်ပြုထားတယ်ဆိုတဲ့ အခြေခံဥပဒေက ဘယ်လိုဆိုထားလည်းဆိုတော့ ဒီအခြေခံဥပဒေကို လက်ခံတဲ့ အဖွဲ့အစည်းတိုင်းကို လက်ခံမယ်။ ဒီအခြေခံဥပဒေကို မထောက်ခံတဲ့ အဖွဲ့အစည်းကိုတော့ နိုင်ငံရေးပါတီအနေနဲ့ လက်ခံလို့ မရဘူး ဆိုတာပါတယ်လေ။ ကျနော်တို့အနေနဲ့ တကယ်လို့ အခုဥစ္စာတွေ (ပါတီတွေ) တော့ ဖျက်သိမ်းထားပြီးသား။ နောက်ထပ် သူတို့က စည်းမျဉ်းစည်းကမ်းတွေကို ထုတ်လာပြီး မှတ်ပုံတင်တင်ပါ လျှောက်ပါဆိုရင်လည်းပဲ အဲဒီစကားကြီးက ရှိနေတော့ အခြေခံဥပဒေကို လုပ်ထားတဲ့ ဥစ္စာက ကျနော်တို့က လက်မခံတဲ့အတွက် ဆက်လုပ်လည်း အပိုပဲ။ ရမှာလည်း မဟုတ်ဘူးဆိုတော့ ကျနော်တို့က အဲဒီအထဲမှာတော့ ပါမယ်မထင်ပါဘူး။ အခြေခံဥပဒေဆိုတာ ပြည်သူလူထုရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ကသာလျှင် ရေးဆွဲရမယ်။ အဲဒီ လွှတ်တော်ကိုယ်စားလှယ်တွေပါတာ တယောက်နှစ်ယောက်လောက်ပဲ ဒါတွေတောင်မှ သူတို့ ခေါင်းခေါက်တဲ့ လူတွေသာ ပါနေတာ။ (စစ်မှန်တဲ့) ပြည်သူ့ကိုယ်စားလှယ်မပါဘဲနဲ့ သူတို့က ညီလာခံလုပ်တယ်။ အဲဒါကို ညီလာခံလည်း မခေါ်ထိုက်ဘူး။ အဲဒီက ထွက်လာတဲ့ ဥပဒေ၊ အခြေခံဥပဒေလည်းပဲ တာဝန်ရှိသူတွေက ဆွဲတာမဟုတ်ဘဲနဲ့ သူတို့ခေါင်းခေါက်တဲ့ သူတို့ လူတွေက ဆွဲတာ။ အဲဒါကို အတည်ပြုဖို့ဆိုပြီး ဆန္ဒခံယူပွဲလုပ်တဲ့ အချိန်ခါမှာလည်းပဲ ဒီမှာ နာဂစ်မုန်တိုင်းနဲ့ တပြည်လုံးကို အလူးအလဲခံနေရတဲ့ အချိန်မှာ အဲဒါကို လာလုပ်နေတော့ အားလုံးက ကန့်ကွက်တယ်။ တခြားတိုင်းပြည်တွေကလည်း ကန့်ကွက်တယ်။ ကန့်ကွက်ရဲ့သားနဲ့ သူတို့ လုပ်တယ်ဆိုတော့ ဒါတွေဟာ အားလုံး လက်ခံနိုင်စရာမရှိဘူး။ ဒီအခြေခံဥပဒေတွေကို အကြောင်းပြပြီးတော့ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ဟာက လုံးဝမမှန်ကန်တဲ့အလုပ်ပဲဆိုပြီးတော့ ကျနော်တို့ အစကတည်းက ကြေညာချက်နဲ့ ကန့်ကွက်ထားတာတွေရှိတယ်။ အဖွဲ့ချုပ်ကလည်းကန့်ကွက်တယ်။ အားလုံးလိုလိုက ကန့်ကွက်တယ်။

မေး။ ။ နအဖ က အပစ်ရပ်အုပ်စုတွေကို ရသလောက် သိမ်းသွင်းပြီးတော့ မဟာမိတ်ပါတီတွေအနေနဲ့ ရွေးကောက်ပွဲ ပေးဝင်မယ်။ ပြီးရင် လွှတ်တော်ထဲမှာ တိုင်းရင်းသားတွေလည်း ပါတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ နအဖထောက်ခံတဲ့ပါတီ အများစုနဲ့ အစိုးရဖွဲ့နိုင်အောင် လုပ်ဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်။ အဲဒီပုံစံ ဖြစ်လာမယ်ဆိုရင်ရော အဲဒီလုပ်ရပ်က တရားဝင်ပြီးတော့ သက်ဆိုင်ရာ တိုင်းရင်းသားတွေကို ကိုယ်စားပြုတယ်လို့ ဆိုနိုင်မလား။

ဖြေ။ ။ ဒါတွေက တိုင်းရင်းသားကို ကိုယ်စားပြုတယ်လို့လည်း မဆိုနိုင်ဘူး။ နောက်ပြီးတော့လည်း သူတို့ (နအဖ) က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ သူတို့ ခုလိုလုပ်ရင် တိုင်းရင်းသားကို ဖြိုခွဲတာပဲကျမှာပါပဲ။ ငြိမ်းအဖွဲ့ထဲမှာ မွန်ပြည်နယ်က လုံးဝလက်မခံဘူး။ ရှမ်းတချို့ကလည်း လက်မခံဘူး။ အဲဒီလိုဖြစ်နေတယ်။ ကရင်လည်းပဲ လက်မခံဘူး။

မွန်ပြည်သစ်ပါတီမှလွဲ၍ အပစ်အခတ်ရပ်စဲရေးအဖွဲ့ အတော်များများ အမျိုးသားညီလာခံမှ ချမှတ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ထောက်ခံခဲ့ရသည်။ ထိုမူကြမ်းသည် ယခု မူချောဖြစ်လာပြီ။ ထိုစဉ်က ညီလာခံတက်ခဲ့သည့်
အပစ်အခတ်ရပ်စဲရေးအဖွဲ့များ အတိုက်အခံအဖွဲ့များ၏ အပြစ်တင်ခံခဲ့ရသည်။ ယခုလည်း စစ်အစိုးရအကြိုက် ရုပ်သေးအရပ်သားအစိုးရ ပေါ်ပေါက်ရေးအတွက် မဟာမိတ်ပါတီထောင်ရမည်ဆိုလျှင် အပစ်အခတ်ရပ်စဲရေးအဖွဲ့များကို ပြည်သူက အမြင်စောင်းတော့မည်။

သို့သော် အပစ်အခတ်ရပ်စဲရေးအဖွဲ့များဘ၀မှာ လက်နက်ကိုင်ထားသဖြင့် အစိုးရက မိတ်ဖွဲ့နေခြင်းဖြစ်သည်။ လက်နက်မရှိလျှင် စစ်အစိုးရက အရာသွင်းတော့မည်မဟုတ်။ စီးပွားရေးလုပ်ကိုင်ရာမှာလည်း ချောမွေ့တော့မည်မဟုတ်။ ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စစ်အစိုးရအလိုကျ တစုံတရာ အတိုင်းအတာထိ အပစ်အခတ်ရပ်စဲရေးအဖွဲ့များ လိုက်လျောလေမလားဆိုသည်မှာ မကြာခင် အဖြေထွက်တော့မည်ဖြစ်သည်။


No comments: