Friday, November 21, 2008

မြန်မာဆန်တွေ ဘာကြောင့် ထိုင်းဘက်ကို မှောင်ခိုသွင်းရသလဲ

ရဲရင့်မြင့်မောင်

မြန်မာဆန်များသည် ထိုင်းဆန်နှင့်ယှဉ်လျှင် ဈေးချိုသည့်အတွက် မြန်မာနှင့် ထိုင်းအာဏာပိုင်များ ပူးပေါင်းကာ မြန်မာနိုင်ငံမှထွက်သည့် ဆန်များအား နေ့စဉ်နီးပါး တနေ့ တန် (၁၀၀) ခန့် ထိုင်းနိုင်ငံဘက်သို့ မြဝတီ-မဲဆောက် လမ်းကြောင်းမှ တရားမဝင် ခိုးသွင်းလျက်ရှိသည်။

မြန်မာဘက်မှ ထိုင်းဘက်သို့ မှောင်ခိုသွင်းသည့်ဆန်မှာ ထိုင်းဆန်နှင့် ယှဉ်လျှင် သုံးချိုးတချိုးခန့် ဈေးနှုန်းကွာဟနေသောကြောင့် ထိုင်းနိုင်ငံဘက်မှ မြန်မာဆန်များကို ဝယ်ယူခြင်းဖြစ်သည်။ မြန်မာဆန်များ အဓိကတင်သွင်းသည့် နယ်စပ်မှာ မြဝတီ-မဲဆောက် လမ်းကြောမှဖြစ်ပြီး ကီလို(၅၀) ဝင် ဆန်အိတ်များကို ညစဉ်နီးပါး အိတ် (၂,၀၀၀) ခန့် ထိုင်းဘက်သို့ တင်သွင်းလျက်ရှိသည်။

မြန်မာဘက်ကမ်းတွင် DKBA ဂိတ်များဖြစ်သည့် ဂိတ်အမှတ် (၁၂)၊ (၁၃) နှင့် ဖားသုံးကောင်ဂိတ်များမှ ညဘက်လူခြေတိတ်ချိန်တွင် စက်လှေများဖြင့် သယ်ယူကာ ထိုင်းဘက်ကမ်းတွင်ရှိသည့် တပ်မအာရွာသို့ မှောင်ခိုမြန်မာဆန်များကို ပို့ပေးခြင်းဖြစ်သည်။ ၎င်းဆန်များကို ထိုင်းကုန်သည်ကြီးများက ဆယ်ဘီးကားများဖြင့် လာရောက်တင်ပြီး မဲဆောက်နှင့် အခြားခရိုင်များသို့ ဆက်လက် သယ်ကြသည်ဟု စုံစမ်းသိရသည်။

မြန်မာဆန်ကုန်သည်တဦးက “ရန်ကုန် ဘုရင့်နောင်ပွဲရုံကနေ မြဝတီအထိ တလမ်းလုံးရှိသမျှဂိတ်တွေ ကို ဂိတ်ကြေးပေးရတယ်။ မြဝတီရောက်လည်း သိပ်ပြီးတော့ စိတ်မချရသေးဘူး။ DKBA ဂိတ်ထဲ ရောက်မှပဲ အလုပ်ကပြီးတယ်။ ပြဿနာမရှိတော့ဘူး။ အစိုးရက ပြည်ပဆန်တင်သွင်းခွင့် မပြုဘူးလို့ တားမြစ်ထားပေမယ့် အာဏာပိုင်အဆင့်ဆင့်တွေနဲ့ ပေါင်းပြီး ဒီလိုပဲလုပ်စားကြရတယ်” ဟု ပြောသည်။

ထိုင်းဆန်ကုန်သည်တဦးဖြစ်သူ နိုင်ဝစ်ချိုင်းကလည်း “ထိုင်းမှာဆန်ဈေးတက်တော့ မဲဆောက်နဲ့ အနီး အနားက မွေးမြူရေးလုပ်ငန်းကြီးတွေရှိတဲ့ ကံဖဲခရိုင်၊ နခေါစဝမ်ခရိုင်၊ ချိုင်နခရိုင်၊ ဖိစနို့လို့ခရိုင်၊ ဆူခေါ ထိုင်းခရိုင်နဲ့ အခြားခရိုင်အချို့က မြန်မာဆန်ကို ဝယ်ကြတာများတယ်။ ဈေးကလည်း သုံးချိုးတချိုး လောက် သက်သာတယ်။ မြန်မာဆန်တွေကို မုန့်တီမုန့်ဖတ်တွေလုပ်တယ်၊ ဆန်ကြာဆံတွေ လုပ်တယ်၊ နောက်ပြီး ဝက်စာနဲ့ အခြားတိရစ္ဆာန်အစားစာတွေအတွက် ဝယ်ကြတာဖြစ်တယ်။ တရားဝင်သွင်းတာမဟုတ်တော့ ထိုင်းမှာ မြန်မာဆန်ကို ခိုးသယ်ရတယ်။ မဲဆောက်ကနေထွက်ပြီး လမ်းမှာရှိတဲ့ ဂိတ်တွေကိုလည်း ဂိတ်ကြေးပေးပြီး သယ်ရတယ်” ဟု ပြောသည်။

တရားမဝင် မြန်မာဆန်များ ထိုင်းဘက်သို့တင်သွင်းမှုနှင့် ပတ်သက်၍ တာ့ခ်ခရိုင် ကုန်သည်ကြီးများ အသင်းရုံးသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတဦးက အဆိုပါကိစ္စနှင့်ပတ်သက်၍ မသိရှိကြောင်း၊ စုံစမ်းပေးမည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

မဲဆောက်ဈေးမှ မြန်မာဆန်ကုန်သည် တဦးဖြစ်သူ ဦးစိန်က “မဲဆောက်ဒေသတဝိုက်မှာ အလုပ်ရုံ၊ စက်ရုံပေါင်း (၂၀၀) လောက်ရှိတယ်။ အဲ့ဒီစက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား (၁) သိန်းလောက်ဟာ အများစုဈေးသက်သာတဲ့ မြန်မာဆန်ကိုပဲ စားကြတယ်။ ဒေသအတွင်းမှာ သိန်းချီရောက်နေတဲ့ မြန်မာတွေလည်း မြန်မာဆန်ကိုပဲ စားကြတယ်။ ပေါ်ဆန်းမွှေးတို့ ပေါ်ကျွဲတို့ ဇီယာဆန်တို့ဟာ ထိုင်းဆန်နဲ့ယှဉ်ရင် ဈေးနှုန်းကွာတာလည်းပါတယ်။ မဲဆောက်မှာရှိတဲ့ ထိုင်းမုန့်တီရုံတွေမှာ မုန့်တီမုန့်ဖတ်တို့၊ ဆန်ကြာဆံတို့ ဆန်ခေါက်ဆွဲတို့ကို မြန်မာဆန်နဲ့ပဲ လုပ်ကြတယ်။ ဒါကြောင့် မြန်မာဆန်ဈေးကွက် ရနေတာပါ” ဟု ပြောသည်။

ပထမဆုံးအကြိမ်အဖြစ် ယခင်လမှစတင်၍ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ထိုင်းဘက်သို့ တရားဝင် ကုန်သွယ်မှုလမ်းကြောင်းမှ မြန်မာဆန်များ တင်သွင်းနေမှုနှင့် ပတ်သက်၍ ထိုင်း-မြန်မာနယ်စပ် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်း၏ မှတ်တမ်းအရ ဇီယာဆန်အမျိုးအစား (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၃၅၀) နှုန်းဖြင့် ယခင်လက မြန်မာဆန်တန်ချိန် (၅၀၀) ခန့် တင်ပို့ခဲ့ပြီး ဆက်လက်၍လည်း တင်ပို့မှုများ ပြုလုပ်သွားမည်ဟု သိရှိရသည်။

ဆန်တင်သွင်းခြင်းနှင့် ပတ်သက်၍ DKBA မှ အရာရှိတဦးကလည်း “တရားမဝင် ဆန်သယ်တဲ့ကိစ္စကို အာဏာပိုင်အဆင့်ဆင့်တွေ ပါဝင်ပတ်သက်မှုမရှိရင် ဘာမှဖြစ်လာစရာ အကြောင်းမရှိဘူး။ အားလုံး စားကြတာပဲ။ နောက်ဆုံး DKBA ဂိတ်မှာလမ်းဆုံးတော့ DKBA ကပဲ သပိတ်ဝင်၊ အိတ်ဝင်ရတယ်လို့ ထင်နေကြတယ်။ အမှန်က မဟုတ်ဘူး။ အားလုံး ဝေစားမျှစားတဲ့ ကိစ္စပဲ” ဟု ပြောသည်။

မြဝတီနယ်စပ်မှတဆင့် ထိုင်းဘက်သို့ တင်သွင်းသည့် မြန်မာဆန်များမှာ ဖြူဖွေး၊ ကြာနီ၊ ဆွမ်းအုပ်၊ ဆင်ဖြူတော်စသည့် တံဆိပ်များဖြစ်သည်။ ရန်ကုန် မရမ်းကုန်းမြို့နယ် ပိတောက်လမ်းရှိ ဘုရင့်နောင် ဆန်ပွဲရုံမှ ပိုင်ရှင်တဦးက “ကျမတို့ပွဲရုံက ပြည်တွင်းစားသုံးမှုအတွက်ပဲ ဖြန့်တာပါ။ ဘားအံ၊ ကော့က ရိတ်အထိ ဖြန့်တယ်။ နိုင်ငံခြားကို မပို့ပါဘူး။ နိုင်ငံခြားကို ပို့တာက ကုမ္ပဏီကြီးတွေက လုပ်တာပါ။ ထိုင်းဘက်ကို ကျမတို့ပွဲရုံက တံဆိပ်နဲ့ ဆန်တွေရောက်တဲ့ကိစ္စကို ကျမတို့လည်းမသိပါဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ရန်ကုန်-ဘားအံ-မြဝတီ ပြေးဆွဲသည့် ယာဉ်မောင်းတဦးကလည်း “ဆန်တွေ နေ့တိုင်းဝင်တာကတော့ ဟုတ်တယ်။ တရက်ခြား ကားတန်းမှာ မှန်လုံကားကြီးတစီးဆိုရင် ဆန်အိတ် (၂၀၀) တင်ရင် ဘာမှ မသိသာဘူး။ မြဝတီ-ဘားအံ-ရန်ကုန် တရက်ခြားပြေးတဲ့ကားကြီး ကားငယ် အစီးရာကျော်တယ်။ ကားတိုင်း အနည်းနဲ့အများတော့ ဆန်သယ်ကြတာပဲ” ဟု ပြောသည်။

မြန်မာဆန်ကုန်သည်တဦး၏ အဆိုအရ “မြန်မာဘက်က သတ်မှတ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းတွေက တအားတင်းကျပ်တော့ ဆန်ကို အခုလိုပဲ တရားမဝင်သယ်ပြီး ရောင်းတာက ပိုပြီး တွက်ခြေကိုက်တယ်။ အခု မြဝတီနယ်စပ် ကုန်သွယ်ရေးက ထိုင်းကို ပြီးခဲ့တဲ့လကစပြီး တရားဝင် ဆန် စပို့တယ်။ တလကို တန် (၁) ထောင်တောင် မရှိဘူးဆိုတော့ ဘယ်လိုမှ အလုပ်မဖြစ်ဘူး။ နယ်စပ်ကုန်သွယ်ရေးကို လွတ်လွတ်လပ်လပ်သာ ခွင့်ပေးပါ။ အစိုးရကော၊ ကုန်သည်ရော၊ စားသုံးသူတွေပါ အကျိုးရှိမှာပါ။ အခုဟာက အစိုးရနဲ့နီးစပ်တဲ့ ကုမ္ပဏီတွေကိုပဲ လုပ်ခွင့်ပေးတော့ လူနည်းစုအတွက်ပဲ အလုပ်ဖြစ်တယ်။ မြန်မာဘက်က တင်းကျပ်တဲ့ ကုန်သွယ်ရေးစည်းမျဉ်းတွေကို မပြောင်းသရွေ့တော့ ထိုင်း-မြန်မာနယ်စပ်မှာ တရားမဝင် ကုန်သွယ်ရေးကတော့ ဆက်လက်ပြီးတော့ တွင်ကျယ်နေအုံးမှာပဲ” ဟု ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသည့် နယ်စပ်ကုန်သွယ်ရေးစခန်း (၁၃) ခုအနက် မြဝတီကုန်သွယ်ရေးစခန်းသည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဇုန်တခု ဖြစ်သည်။ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှာ တာချီလိတ်၊ မယ်ဆိုင်၊ မယ်ဟောင်ဆောင်၊ ဘုရားသုံးဆူနှင့် မြဝတီတို့ဖြစ်သည်။

No comments: