Thursday, November 27, 2008

မင်္ဂလာ


ဘာလိုလိုနဲ့ ရှေ့လာမယ့်နှစ်ဆို ဆရာကြီးမင်းသုဝဏ် ဆုံးတာ ၅ နှစ် ရှိပြီ။ ဆရာကြီးသာ သက်ရှိထင်ရှား ရှိမယ်ဆိုရင် အနှစ် ၁၀၀ ပြည့်ပဲပေါ့။ ခေတ်စမ်းကို ဦးဆောင်ခဲ့ကြတဲ့ ဆရာကြီးတွေ တယောက်မှ မရှိကြတော့ဘူး။ သိပ္ပံမောင်ဝ ဆုံးပြီ။ တက္ကသိုလ်မောင်သန့်စင် ဆုံးပြီ။ ဆရာဇော်ဂျီ ဆုံးပြီ။ နောက်ဆုံး ကွယ်လွန်တာ ဆရာကြီးမင်းသုဝဏ်ပဲ။ ခေတ်စမ်းဆရာတွေ ကွယ်လွန်ခဲ့ကြပေမယ့် ခေတ်စမ်းရဲ့ အသီးအပွင့်တွေကတော့ ဒီကနေ့ မြန်မာစာပေလောကမှာ မွှေးမွှေးကြိုင်ကြိုင်နဲ့ ချိုမြနေမြဲပေါ့။

ကျနော်က ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာကလေးတွေကို မက်မက်မောမောရှိတယ်။ ကဗျာ အပုဒ်တိုင်းလောက်ကိုလည်း နှစ်သက်သဘောကျတယ်။ ကလေး ကဗျာကလေးတွေ ဆိုရင်လည်း ကလေးကဗျာမို့၊ အချစ်ကဗျာ ကလေးတွေဆိုရင်လည်း အချစ်ကဗျာ ကလေးတွေမို့၊ ဒဿန ကဗျာကလေးတွေ ဆိုရင်လည်း ဒဿနကဗျာ ကလေးတွေမို့၊ တိုင်းချစ်ပြည်ချစ် ကလေးတွေဆိုလည်း တိုင်းချစ်ပြည်ချစ် ကဗျာကလေးတွေမို့ ချစ်လိုက်ရတာ မောနေတာပဲ။


"မိုးရေတက်ရေတဖွေးဖွေး

ကွင်းကျယ်အဝေးဝေး

လယ်စောင့်တဲလေး ခြေတံရှည်

မိုးကုပ်အောက်မှာတည်

ကြာနီတပွင့် ဖြူတပွင့်

တဲနှင့်ပနံတင့်" ။


ဆိုတဲ့ "လယ်စောင့်တဲ" ကဗျာကလေးကို စပြီး ကြားရ၊ ရွတ်ဆိုရတဲ့အချိန်က ကျနော် မူလတန်း ကျောင်းသားဘ၀ပေါ့။ ဆရာရှင်းပြတဲ့ ကဗျာရဲ့ အဓိပ္ပာယ်ကို ပြည့်ပြည့်၀၀ နားမလည်ပေမယ့် ရွတ်ရဆိုရတာ ကောင်းလွန်းလို့ ရွယ်တူ သူငယ်ချင်းတွေနဲ့ မိုးရေထဲမှာ အော်ဆိုခုန်ပေါက်ကြရတာလေ။

အသက်ကလေးရလာ ... ဒါမှမဟုတ် ... မိုးတွင်းလိုအခါမျိုးမှာ ခရီးသွားရလို့ လယ်ကွင်းတွေကိုများ ဖြတ်သွားရရင် အဲဒီ "လယ်စောင့်တဲ" ကဗျာက ရင်ထဲကို တန်းပြီး ရောက်လာတော့တာပဲ။ ကြည့်စမ်းပါဦး မိုးတွေက ဖြိုင်ဖြိုင်ရွာနေလိုက်တာ။ မိုးကုပ်စက်ဝိုင်းတလျှောက် ကြည့်လို့မဆုံးနိုင်လောက်အောင်ကို ရေတွေ ဖွေးနေတာ။ အဲဒီရေဖွေးဖွေးတွေကြား ... အဲဒီလယ်ကွက်စိမ်းစိမ်းတွေကြားမှာ လယ်စောင့်တဲကလေးက သူ့ရဲ့ ခြေတံရှည်ရှည်ကလေးတွေကို ထောက်ပြီး မညောင်းမညာ ... မညည်းမညူ ရပ်နေတာ ... ဘယ်လောက်တောင် လွမ်းဖို့ကောင်းလိုက်သလဲ။

သဘာဝ ပတ်ဝန်းကျင်ရဲ့အလှအပကို တောတောင်ရေမြေရဲ့ အစိမ်းအလန်းကို မြတ်နိုးတတ်အောင် ... မြင်တတ်အောင် ... ချစ်ခင်နှစ်သက်တတ်အောင် ဆရာရေးဖွဲ့ခဲ့တဲ့ ကဗျာတွေနည်းမှမနည်းဘဲ။ အဲဒီလို သဘာဝပတ်ဝန်းကျင်ကို ချစ်တတ်ခင်တတ်မြတ်နိုးတတ်ရင်း ... ကျနော်တို့ ကြီးပြင်းလာခဲ့ကြတော့ ... နှလုံးသားက စကားပြောလာပြန်တာပေါ့။ ဆန့်ကျင်ဘက် လိင်ကို စိတ်ဝင်စားလာခဲ့ကြပြန်တာပဲပေါ့လေ။ အဲဒီအခါကျပြန်တော့ ဆရာ့ရဲ့ "နှင်းဆီ" ကဗျာကလေးကို တရှိုက်မက်မက် ဆိုမိရသေးတော့တယ်။


"လယ်တောကပြန်

ပန်ချင်တယ် ခရေဖူးဆိုလို့

မောင်ခူးကာပေး။

မနက်တုန်းဆီက

ကျော့ဆုံးကို မြင်ပြန်တော့

သူ့ဆံပင်နှင်းဆီပွင့်တွေနှင့်

ဂုဏ်တင့်တယ်လေး။


မျက်နှာများသူတယောက်အပေါ် ... ဒါမှမဟုတ် ကိုယ့်အပေါ် စိမ်းကားရက်စက်သွားတဲ့ မိန်းကလေးအပေါ် ဒေါသအမျက်မပိုဘဲ မုဒိတာပွားနိုင်တဲ့ စိတ်ဟာ ဘယ်အတိုင်းအတာအထိ တန်ဖိုးရှိစေသလဲ ကျွန်တော် မခန့်မှန်းတတ်ပေမယ့် ဆရာ့ရဲ့ စေတနာကိုတော့ မီးမောင်းနဲ့ထိုးပြလိုက်သလို ရှင်းရှင်းလင်းလင်း တွေ့မြင်သိနားလည်ခွင့် ရရှိတဲ့အတွက် ကြည်နူးရွှင်ပြမိတာ အမှန်ပါ။

ဒီ "နှင်းဆီ" ကဗျာကလေးကို အခုလို ပြန်တွေးမိ၊ ပြန်ရေးမိတော့ ဆရာကြီးမင်းသုဝဏ်ကို ချစ်စနိုးနဲ့ ကျီစယ်နောက်ပြောင်ခဲ့တဲ့ ဆရာသော်တာဆွေကိုလည်း ဖျတ်ခနဲဆိုသလို ကျနော် သတိရလိုက်မိပြန်တယ်။ အဲဒီတုန်းက ဆရာသော်တာဆွေက သိပ်ကိုသောက်ဖြစ်နေတဲ့ အချိန်ဆိုပါတော့။ ဆရာသော်တာဆွေက ဆရာကြီးမင်းသုဝဏ်ရဲ့ "နှင်းဆီ" ကဗျာကလေးကိုဖျက်ပြီး ... သူ့ရဲ့သောက်တတ်စားတတ်တဲ့ စရိုက်ကလေးပေါ်အောင် ...


"ထန်းတောကပြန်

အန်ချင်တယ် ထန်းရေဘူးလွယ်လို့

မောင်မူးတယ်လေး။

မနက်ခင်းဆီက

ချက်ပုလင်းမြင်ပြန်တော့

ဘဲနံကင် ၀က်ကင်ကြီးရယ်နှင့်

မြည်းလိုက်ချင်သေး"


ကဗျာကလေးတပုဒ် လုပ်လိုက်ပါရော။ ဒီကဗျာကလေးကို ဆရာကြီးမင်းသုဝဏ် ဖတ်ရတော့ သဘောကျလွန်းလို့ မျက်ရည်ထွက်အောင် ရယ်တယ်ဆိုပဲ။ ဆရာကြီးကသာ သဘောကျတာ၊ ဆရာကြီးကို အလွန်အမင်း ချစ်ခင်လေးစားကြတဲ့သူတွေနဲ့ ဆရာကြီးရဲ့ အဲဒီ "နှင်းဆီ" ကဗျာကလေးကို စွဲစွဲလန်းလန်း နှစ်သက်မြတ်နိုးကြတဲ့သူတွေက အဲဒီလို လှပတဲ့ ကဗျာကလေးကို အရက်သမားကဗျာ လုပ်ပစ်ရသလားဆိုပြီး ပြောကြဆိုကြရေးသားကြတာကို အခု ကျနော် သတိရနေမိတယ်။

စာပေဟောပြောပွဲ ရာသီတခုမှာ ဆရာချစ်ဦးညို၊ ဆရာမနုနုရည် (အင်းဝ) ၊ ဆရာကောက်နွယ် (ကနောင်) တို့နဲ့အတူ ကျနော် ကွမ်းခြံကုန်းမြို့ကလေးကိုသွားပြီး ဟောပြောရတယ်။ ကွမ်းခြံကုန်းဆိုတာက ဆရာကြီးမင်းသုဝဏ်ရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေမဟုတ်လား။ ပြီးတော့ တခုထူးခြားတာက အဲဒီ စာပေဟောပြောပွဲဟာ ကျနော့် စာရေးဆရာဘ၀ရဲ့ ပထမဦးဆုံးသော ဟောပြောပွဲ။ ဒီပထမဦးဆုံးသော ဟောပြောပွဲကို ကျနော် အင်မတန်ချစ်ခင်လေးစားရတဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ မွေးရပ်မြေနဲ့ စပြီး ဖွင့်လှစ်ရတာဆိုတော့ ကျနော် သိပ်ကို ၀မ်းသာဂုဏ်ယူမိတာပဲပေါ့။

ကွမ်းခြံကုန်းက စာပေဟောပြောပွဲကို တာဝန်ယူစီစဉ်တဲ့ ကဗျာဆရာတင်မောင်ထက် (ကွမ်းခြံကုန်း) ရဲ့ အိမ်ကိုရောက်ရောက်ချင်း ကျနော်တို့ လေးယောက်စလုံး အာသာပြင်းပြင်း ဆိုကြတာကတော့ ဆရာကြီး မင်းသုဝဏ်ရဲ့ နေအိမ်အဟောင်းကလေးရှိရာကို လိုက်ပို့ပေးဖို့ပါပဲ။

ကွမ်းခြံကုန်းမြို့ကလေးရဲ့ လမ်းမပေါ်ရောက်တော့ ကျနော်တို့ကို ကြိုဆိုလိုက်တာက မြောက်ပြန်လေပဲ။ သူက နှင်းပွင့်ကလေးတွေရဲ့ ရနံ့ကိုတောင် သယ်ဆောင်လာခဲ့သေးတယ်လေ။ အေးလွန်းလို့ တုန်ခိုက်နေပေမယ့် ကျနော်တို့ လေးယောက်စလုံးရဲ့ ခြေလှမ်းတွေက တုံ့ဆိုင်းလေးပင် မသွားကြဘူး။ သက်ရှိထင်ရှား ရှိနေသေးတဲ့ "ခေတ်စမ်းလက်ကျန်" ကြီးရဲ့ လူ့ဘ၀အစပြုရာ အသိုက်အမြုံ နေရောဟောင်းကလေးကို တွေ့ရတော့မယ်ဆိုတဲ့ ကြည်နူးစိတ်နဲ့ ရွှင်လန်းသွက်လက် တက်ကြွနေကြတယ်။

ဒါပေမဲ့ ဆရာကြီးရဲ့ နေအိမ်အဟောင်းကို ကျနော်တို့ မတွေ့ရပါဘူး။ ခေတ်ရေစီးက တိုက်စားသွားလို့ ဆရာ့ရဲ့ အသိုက်အမြုံဟောင်းနေရာမှာ အခြားအိမ်သစ်တလုံး ရောက်နေပြီ။ ကျနော့်ရဲ့ မျက်စိထဲမှာတော့ အိမ်သစ်ကို မမြင်ရဘူး။

"ပျဉ်းမငုတ်တို" ကို မြင်နေရတယ်

"ဆွမ်းအုပ်နီနီ" ကို မြင်နေရတယ်

"မျက်ရည်" ကို မြင်နေရတယ်

"ဖိုးမောင်" ကို မြင်နေရတယ်

"ဘကြီးအောင်ညာတယ်" ကို မြင်နေရတယ်

"ခေတ်စမ်း" ကို မြင်နေရတယ်

"ကြည့်စမ်းပါဦးဗျာ ဒီအိမ်နေရာကလေးက ထွက်ပေါ်လာတဲ့ `မင်းသုဝဏ်´ ဆိုတဲ့ လတစင်းဟာ မြန်မာစာပေလောက ကောင်းကင်မှာ မကွယ်တမ်း လင်းထိန် တောက်ပနေလိုက်တာများ"

ဆရာချစ်ဦးညိုရဲ့ နှုတ်ခမ်းဖျားက ထွက်ပေါ်လာတဲ့ မုဒိတာငှက်တောင်ပံခတ်သံ။ အဲဒီညက ဟောပြောခဲ့ကြတဲ့ ကျနော်တို့ လေးယောက်စလုံးရဲ့ ဟောပြောချက်တွေထဲမှာ ဘယ်လို အကြောင်းအရာမျိုးတွေ ပါနေမလဲဆိုတာ ပြောဖို့တောင် မလိုတော့ဘူးလေ...။

ဆရာကြီးကို လူကိုယ်တိုင် မြင်လိုက်ရချိန်မှာတော့ တကယ့်အဘိုးကြီးအို ဖြစ်နေပါပြီ။ ဆရာကြီးဆီက ကဗျာစာမူတောင်းဖို့ ကျနော် ရောက်သွားတာ။ ဒီတုန်းက ဆရာကြီးရဲ့ အသက် ၈၀ ကျော်နေပြီလေ။ ဒရင်းဘက်အပေါ်မှာ မှိန်းနေတယ်။ မဂ္ဂဇင်းအတွက် စာမူလာတောင်းတာဆိုတော့ ဆရာကြီးက ဒရင်းဘက်ပေါ်က ထလာပြီး ကျနော့်ကို ကြိုဆိုပါတယ်။ ကျနော်ပြောတဲ့ မဂ္ဂဇင်းအမည်ကို မှတ်စုစာအုပ်ကလေးထဲ ခဲတံတို ကလေးနဲ့ ရေးမှတ်ရှာတယ်။ အသက်က ကြီးပြီဆိုတော့ မေ့ပြီထင်ပါရဲ့။ ပြီးတော့ ကျနော့်ကို ...။

"အေး... အေး ...ရေးထားလိုက်မယ်။ ဒါပေမဲ့ ဆရာက မေ့ပြီဆိုတော့ မကြာခဏ ဖုန်းဆက်ပြီး မေးပေါ့၊ ဆရာ့ဖုန်းနံပါတ်ပေးလိုက်မယ် သိလား" လို့ ပြောပါတယ်။ ကျနော်လည်း ဆရာ့ကို ဦးသုံးကြိမ်ချပြီး ပြန်လာခဲ့တယ်လေ။

ဆရာက မကြခဏ ဖုန်းဆက်ပြီး မေးပေါ့လို့ ဆိုပေမယ့် ကျနော် မမေးခဲ့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကျနော့်လို ပမွှားကဗျာဆရာလေးတယောက်က ဆရာကြီးလို ပညာရှင်ကြီးတဦးဆီကို ဖုန်းဆက်ပြီး မေးတယ်ဆိုတာမျိုး မလုပ်သင့် မလုပ်အပ်ဘူးလို့ တွေးမိတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဆရာကြီး ကဗျာရေးပြီးလောက်ပြီလို့ ယုံကြည်ရတဲ့ အချိန်ကျမှသာ ဆရာကြီးရဲ့ သပြေညိုအိမ်ကလေးဆီကို ကျနော် ရောက်သွားခဲ့ပါတယ်။

"သြော်... အေး ... အေး ... ပြီးပြီကွ... ပြီးပြီ" လို့ ပြောရင်း ကဗျာကလေးနှစ်ပုဒ်ကို လှမ်းပေးပါတယ်။ ကျနော်လည်း ဆရာကြီးလှမ်းပေးတဲ့ ကဗျာကလေးနှစ်ပုဒ်ကို တရိုတသေယူပြီး အဆင်သင့်ယူသွားတဲ့ စာမူခ စာအိတ်ကလေးကို ဆရာကြီး လက်ထဲထည့်ပြီး ထိုင်ကန်တော့လိုက်ပါတယ်။

ဆရာကြီးက "ဟေ့ ... ငါ့ကို တခြားကဗျာဆရာတွေထက် စာမူခပိုပေးတာမျိုး မလုပ်နဲ့နော် တန်းတူပဲပေး" လို့ ပြောပါတယ်။ ဒီစကားကိုကြားတော့ ကျနော့်မှာလေ ကြက်သီးမွေးညင်းထအောင် ကြည်နူးပီတီ ဖြစ်ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဆရာကြီးလို အဆင့်အတန်းမျိုးမှာတောင် မရှိသေးဘဲ ကဗျာစာမူခကို တခြားကဗျာဆရာတွေနဲ့ တန်းတူ မပေးရကောင်းလား၊ ရွေးကဗျာစာရင်းမှာ နာမည်ထည့်ရကောင်းလား စသဖြင့် ဆူဆူပူပူလုပ်ကြတဲ့ ကဗျာဆရာတွေကို ကျနော် ရင်ဆိုင်နေရလို့ပါပဲ။ ပြီးတော့ ကဗျာဆရာအချင်းချင်း မခွဲခြားတတ်တဲ့၊ နားလည်ချစ်ခင်တတ်တဲ့ ဆရာကြီးရဲ့ ဖြူစင်တဲ့နှလုံးသားကို မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရလိုက်လို့ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ဆရာရဲ့ သပြေညိုကို ကျနော် အရောက်အပေါက် နည်းသွားခဲ့တယ်ဆိုပေမယ့် နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်တဲ့ ဆရာရဲ့ မွေးနေ့ ထမနဲပွဲတွေကိုတော့ မပျက်မကွက်ဆိုသလို ကျနော် တက်ရောက်ဖြစ်ခဲ့ပါတယ်။ ထမနဲ မွှေးမွှေးအိအိကလေးကိုစားရင်း ဆရာကြီးနဲ့ ဆရာဒဂုန်တာရာ၊ ဆရာကြီး မောင်ထင်၊ ဆရာကြီးပါရဂူ စတဲ့ ဆရာကြီးတွေရဲ့ စကားတွေ နားထောင်ရတာဟာ ရတနာတွင်းထဲ ခြေချော်ကျသလို အရသာရှိပါတယ်။ ခေတ်စမ်းအကြောင်း၊ စာပေသစ်အကြောင်း၊ လက်ရှိမြန်မာစာပေအကြောင်းတွေကို ဆရာကြီးတွေရဲ့ အတွေ့အကြုံ၊ ဖြတ်သန်းမှုတွေနဲ့အတူ ကြားနာခွင့်ရတယ်ဆိုတာ နည်းတဲ့ ဒုလ္လဘ မဟုတ်ဘူးလေ။ ဖတ်ဖူးခဲ့တဲ့ အနောက်တိုင်း ကဗျာကလေးတပုဒ်ကိုတောင် သတိရမိတယ်။

"ငယ်ရွယ်လွတ်လပ်

အကန့်အသတ်မဲ့ စိတ်ကူးနဲ့

ငါ့ရဲ့ အိပ်မက်ထဲမှာ

ကမ္ဘာကြီးကို ပြောင်းပစ်မယ်" ။

အသက်ကလေးရလာ

"ပညာ" ဆိုတာ နည်းနည်းသိ

ပြန်ကြည့်လိုက်တော့မှ

"ကမ္ဘာကြီးဟာ ... ကမ္ဘာကြီးပါပဲ"။

အိပ်မက်ကို ဈေးဆစ်

ငါချစ်တဲ့ ငါ့တိုင်းပြည်

တခုခု ဖြစ်ရမည်ပေါ့

သည်တခါလည်း

"တိုင်းပြည်ဟာ တိုင်းပြည်" ပါပဲ။

ဘ၀ရဲ့ ဆည်းဆာချိန်

အိပ်မက်တွေအရှိန်ကုန်စ

ဇနီးမယား သမီးသားတွက်

ပေးဆက်ဖို့ ကြိုးစားဆဲ

သူတို့လည်း သူတို့ဘာသာ

"မိသားစုဟာ ဒီအတိုင်းပါပဲ"။

သေရာညောင်စောင်း

လဲလျောင်းချိန်ရောက်တော့မှ

ငါသိရပြီ (ပထမဆုံးအကြိမ်ပါ)

"ငါဟာငါပဲ ဘာမှမပြောင်းလဲ" တဲ့။

ငယ်ရွယ်နုပျိုတဲ့ လူတယောက်ရဲ့ စိတ်ဓာတ်နဲ့အားမာန်၊ ရဲရင့်မှုနဲ့တက်ကြွမှု၊ ပြီးတော့ တောက်ပတဲ့ အိပ်မက်နဲ့ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်လိုမှု။ အရွယ်ရောက်လာပြီး အသိနဲ့ပညာကလေးရလာတော့ အားလုံးဟာ သူ့ရဲ့ ပုံမှန်အတိုင်းသာ ဖြစ်ပျက်သွားခဲ့ကြတာကို သိလာခဲ့ရပြီလေ။ အဲဒီလို သိမြင်ခွင့်ရလိုက်တဲ့ အချိန်မှာတော့ ကိုယ်ဟာ နောက်ဆုံးထွက်သက်ကို စောင့်နေရတဲ့ အချိန်မဟုတ်လား။ အိပ်မက်တွေကိုလည်း အကောင်အထည် မဖော်နိုင်ရှာတော့ဘူး။ ဒါဟာ လူ့သဘာဝပဲလေ။

ဒါပေမဲ့ ဆရာကြီးမင်းသုဝဏ်ကတော့ အိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့တယ်လို့ ကျနော် တထစ်ချ ယုံကြည်ပါတယ်။ ဆရာဟာ ကမ္ဘာကြီးကို ပြောင်းလဲပစ်မဟဲ့လို့ စိတ်မကူးခဲ့ပေမယ့် မြန်မာစာပေလောကကိုတော့ ပြောင်းဖို့ ကြိုးစားခဲ့ပါတယ်။ ခေတ်စမ်းကနေတဆင့် ပြောင်းလဲလာခဲ့တဲ့ ကျနော်တို့ မြန်မာစာပေရဲ့ လက်ရှိအခြေအနေကို ကြည့်ရင် ဆရာကြီးမင်းသုဝဏ်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်မှုကို တွေ့ရမှာ အမှန်ပဲ။

ဘာပဲပြောပြော ဆရာကြီးရဲ့ မွေးနေ့လက်ကမ်းစာစောင်တခုမှာ ကဗျာဆရာ ထွန်းဝေမြင့်က ...

"တိုင်းပြည်တပြည်မှာ သက်တော်ရှည် ကဗျာဆရာကြီးတဦး ရှိနေတာ မင်္ဂလာ" လို့ ရေးခဲ့တယ်။ ဟုတ်တယ်။ တိုင်းပြည်တပြည်မှာ သက်တော်ရှည် ကဗျာဆရာကြီးရှိနေတာ တကယ့်မင်္ဂလာပဲ။ သက်တော်ရှည် ကဗျာဆရာကြီးမှ မဟုတ်ဘူး။ ပညာရှိတွေ၊ ပညာရှင်တွေ ရှိနေတာဟာလည်း မင်္ဂလာပါပဲ။ အဲဒီ ကဗျာဆရာကြီးတွေ၊ ပညာရှိတွေ၊ ပညာရှင်တွေ တိုင်းပြည်မှာ မရှိတော့ဘူးဆိုရင်တော့ ... ... ...။


ငြိမ်းအေးလှိုင်

No comments: