Friday, November 28, 2008
အလွမ်းသံစဉ် (၀တ္ထုတို)
အနောက်ဘက် မိုးကုတ်စက်ဝိုင်းတလျှောက် ကောင်းကင်ပေါ်မှ တိမ်စိုင်တိမ်ခဲများ၊ တိမ်ခိုးများသည် တရွေ့ရွေ့ဖြင့် လှုပ်ရှားနေကြ၏။ ကောင်းကင်မှ တိမ်များသည် ကြေကွဲနေသည့် မိန်းမပျိုလေး လမ်းလျှောက်နေသလို လွင့်မျှောနေ၏။ မကြာခင်မှာပဲ ကောင်းကင်ကြီး ကြေကွဲစွာ ငိုချလိုက်သည့် မျက်ရည်များသည် မိုးစက်များအဖြစ် တောင်တန်းတွေကို ရွှဲရွှဲစိုစေသည်။
ထိုမျက်ရည်များနှင့် တောင်တန်းတွေကြားမှာ ကျမ ချစ်သူ ရှိပါသည်။ မောင့်ကိုတွေ့ဖို့ ရောက်ခဲ့သည့် ကျမသည် ပတ်ဝန်းကျင်ကို အဖော်ပြုခဲ့ရသည်။ ချစ်ခြင်းကြောင့် အားသစ်တွေ ဖြစ်ပေါ်ခဲ့သလို၊ ချစ်ခြင်းကြောင့်ပဲ မြင်သမျှ လွမ်းမောခဲ့ရသည်။
မောင်ရှိသည့် နေရာကို ကျမ သွားရသည့်ခရီးသည် မိုင်ပေါင်းရာချီပါသည်။ ထိုခရီး၏ ပတ်ဝန်းကျင်ရှုခင်းက ကျမတို့ မြို့ပြလိုမဟုတ်။ ကျယ်ပြန့်သော ကောင်းကင်အောက်မှာ သဘာဝအတိုင်း ပေါက်ရောက်နေသည့် သစ်ပင်သစ်တောများ၊ တောင်တန်းများ၊ မြစ်ချောင်းများ၊ ပန်းပင်ပန်းပွင့်များက အင်မတန်မှ လှပပါသည်။ လှပသော ရှုခင်းများကို ကြည့်ပြီး အိမ်မှာ အဖွားနှင့် ကျန်ခဲ့သည့် သားနှင့် မောင့်ကို တလှည့်စီ လွမ်းနေပါသည်။ ထိုအလွမ်းတွေကို ပုံထားလို့ရလျှင် ကျမ၏ အလွမ်းများသည် ချင်းတောင်တန်း၊ ပုံတောင်ပုံညာ တောင်တန်းများထက် ပိုမိုမြင့်မားပါလိမ့်မည်။
မောင့်ကို ပထမဦးဆုံးအကြိမ် တွေ့ဆုံရသည့်အချိန်က မှတ်မှတ်ရရ ဇူလိုင်မိုးဦးကျမှာ ဖြစ်သည်။ ထိုခရီးသည် ကျမအတွက် ပထမဦးဆုံး စွန့်စားရသည့် ခရီးဆိုလျှင် လွန်မည်မထင်ပါ။ သုံးညနှင့် လေးရက် သွားရသည့် ခရီးမှာ မြို့ပေါင်းများစွာ ဖြတ်ခဲ့ရ၏။ အထင်ကရ မြစ်နှစ်ခုကို ဖြတ်ခဲ့ရ၏။ မဟာမြိုင်တောကြီးကို တညလုံး ကားဖြင့် ဖြတ်ရသည့် အချိန်တွင်တော့ ကျမ လွန်စွာမှ အားငယ်ခဲ့ရတော့သည်။
ကျမတို့ စီးလာသည့်ကားသည် မောက္ကတော်သဲချောင်းမှာ မိုးလွတ်အောင် စောင့်ရသည်။ မိုးမရွာသေးသော်လည်း မိုးနံ့ကို ကားသမားက သိသည်။ သည်တော၊ သည်တောင်ကို ကျွမ်းဝင်နေသည်မို့ သဘာဝနှင့် ရင်းနှီးနေခြင်း ဖြစ်မည်။
ကောင်းကင်မှာ ထိုညက ကြယ်တွေ မရှိပါ။ တိမ်စိုင်တိမ်ခဲတို့ဖြင့် မဲမှောင်နေသည့် ကောင်းကင်အောက်မှာ ကျမတို့ ကားတန်းကြီးက ငြိမ်သက်နေသည်။ ကျမ၏ ပထမဆုံး ခရီးမှာ အခုလို တောနက်ထဲက သဲချောင်း ပြင်အကျယ်ကြီးထိပ်မှာ မိုးခိုရမည်ဟု မတွေးမိခဲ့။ မောက္ကတော်သဲချောင်းထဲကို ရေမလွမ်းခင်မှာပင် မိုးစက်တွေက ကားမှန်ပြတင်းကို ထိမှန်လာကြသည်။ ကားပေါ်မှာတော့ အိပ်ငိုက်သူငိုက်၊ တွေးသူကတွေးနှင့် ငြိမ်သက်နေ၏။ တောင်ကျရေကို ကြိုဆိုရန် မောက္ကတော်က အဆင်သင့်ဖြစ်နေပြီ။ မိုးနံ့နှင့်အတူ ကောက်သစ်စပါးနံ့၊ သစ်ခွပန်းရနံ့ကို ရှုရှိုက်ရင်း ညကို အထီးကျန်စွာ တဦးတည်း ဖြတ်သန်းရမယ်လို့ တွေးမထင်ခဲ့ဖူးပါ။ ထိုအချိန်မှာ ကားဆရာက သီချင်းဖွင့်ပြီး တိတ်ဆိတ်မှုကို အဖော်ပြုလိုက်သည်။
ထွန်းအိန္ဒြိာဗိုလ်၏ "မိုးလေးဖွဲတုန်း" သီချင်းသည် နေရာဒေသ၊ အချိန်နှင့် အင်မတန်မှ လိုက်ဖက်နေ၏။ သီချင်းရေးဆရာက မျိုးကျော့မြိုင် ဖြစ်သည်။ သီချင်းရေးဆရာ၏ နှလုံးသွေးထဲက ထွက်လာသည့် သီချင်းစာသားတွေက ကျွန်မကို မျှော်လင့်ခြင်းများနှင့် အလွမ်းကို ဖြစ်စေခဲ့သည်။
"မိုးလေးဖွဲတုန်း သတိရတယ်၊ မြင်နေတယ်။ ပြတင်းတံခါးဆီပဲ၊ သွားလို့မော့ကြည့် ပြောလိုက်ချိန်၊ တကိုယ်ရေထဲ မိုးစက်တွေအလည် … ၊ ဝေးပြီး တနေ့ ပြန်တွေ့ကြမယ် .. . ယုံကြည်ထားမိုးစက်တွေရယ် …"
"တချိန်က သိတဲ့ ပျော်မြူးခြင်းတွေ ပြန်ဝေနေ သီချင်းရဲ့ ရင်ထဲ … ဘယ်လောက်ပဲ ဝေးဝေး မင်းအနားမှာ ထိုင်ကာလေ အမြဲရှိချင်တယ်"
သီချင်းစာသားထဲမှာ လွင့်မျောနေသည့် ကျမသည် မောင်နှင့်အတူရှိသည့် အချိန်တွေကို တွေးမိရုံဖြင့် နှလုံးသွေးတို့ နွေးထွေးသွားသည်။
++++
မောင်နှင့် ကျမသည် ပန်းတိုင်တခုကို အတူသွားခဲ့သူများဖြစ်သည်။ ထိုပန်းတိုင်ကို ရောက်ဖို့ မောင့်ဇွဲ၊ လုံ့လ၊ ၀ိရိယက ကျမထက် ပိုသည်။ မောင်က ရေစုန်ကိုမလိုက်၊ ရေဆန်ကိုသာ လျှောက်သည့်သူဖြစ်သည်။ မောင်က သူခံစားရသည့် အကောင်းဆုံးများကို သူ့ပတ်ဝန်းကျင်ကိုပါ ခံစားစေချင်သည်။ နိမ့်ပါးသည့် ဘ၀များကို ဖေးမကူညီချင်သူဖြစ်သည်။ ထိုသို့သော မောင်နှင့် ကျမတို့ အနာဂတ်ကို ယုံကြည်မှုများစွာနှင့် လက်တွဲလျှောက်ခဲ့သည်။ ဘ၀တခုလုံးပုံ၍ မောင့်ကို ယုံကြည်ခဲ့ပါသည်။
အခက်အခဲ အမျိုးမျိုးကြားထဲမှ အိမ်ထောင်သည် ဘ၀ထဲကို လက်တွဲခုန်ချခဲ့ကြသည်။ ကျမတို့ ခုန်ချခဲ့တာ ပန်းမွေ့ယာပေါ် မဟုတ်။ ဒုက္ခဆူးတွေထဲကို ခုန်ချခဲ့ခြင်းဖြစ်သည်။ ထိုဒုက္ခဆူးတွေကို အချစ်တွေ၊ နားလည်မှုတွေ၊ ယုံကြည်မှုတွေဖြင့် နှုတ်ခဲ့ကြသည်။ ကာယကို အားကိုးပြီး လုပ်ရသည့် ပါတိတ်လုပ်ငန်းမှာ နှစ်များစွာ ကြာခဲ့သည်။ မောင့်လက်မောင်းလက်ဖျံမှာ ဖယောင်းစက်တွေ၊ ကျမ၏ လက်မှာ ပန်းပွင့်တွေကို ဆေးခြယ်သည့် ဆေးစက်တွေ ….။ ထိုလက်တွေဖြင့် ကျမတို့ဘ၀၊ ကျမတို့ပတ်ဝန်းကျင်ကို အတ္တ၊ ပရ မျှစွာ ဖန်တီးခဲ့ကြသည်။
အလုပ်နားရသည့်အခါ မြို့သစ်လယ်ကွက်လပ်များမှာ မောင်က အိမ်နီးချင်းအဖော်တွေနှင့် ငါးမျှားသည်။ ရလာသည့် ငါးသံချိတ်၊ ငါးဇင်ရိုင်းလေးများကို ကြော်ပြီး အိမ်ရှေ့ကန်ဇွန်းခင်းက ကန်ဇွန်းရွက်တွေကို ပူပူနွေးနွေးဖြစ်အောင် စားခါနီးမှ ကြော်လိုက်သည်။ မောင် ဗိုက်ဆာသည့်အချိန်နှင့်အကိုက် ကြော်ထားသည့် ကန်ဇွန်းရွက်ကြော်၊ ငါးကြော်တို့သည် ကျမတို့အတွက် အမှတ်တရ ဟင်းပွဲများဖြစ်သည်။ ထိုထက်ပို၍ ကျမတို့ မချက်နိုင်ခဲ့။ သို့သော် ကျမတို့ ဘ၀ကို ပြည့်စုံသည်လို့ ရောင့်ရဲနိုင်ခဲ့သည်။
မောင်ပေးခဲ့သည့် ဆိတ်ဖလူးပန်းတွေကိုလည်း အမှတ်ရမိသည်။ မနက်စောစော ခြံထောင့်မှာ ဆိတ်ဖလူးပန်းတွေ တဖြုတ်ဖြုတ် ကြွေတတ်သည်။ ဆိတ်ဖလူးပန်းလေးများကို ကောက်ပြီး နှီးကြိုးလေးနှင့် မောင်သီကုံးပေးတော့ ကျမ ဆံပင်ကောက်ကောက်မှာ ပန်ရသည်။ ဆိတ်ဖလူးပန်းနံ့ သင်းသင်းလေးက တမ်းတလွမ်းဆွတ်ဖွယ်ရာ။ ကျမနှင့် မောင် ပိုင်ဆိုင်ဖူးသော အရာများသည် ကျမအတွက် မြတ်နိုးဖွယ်ရာများ ဖြစ်ပါသည်။ ထိုအရာများကို သတိရတိုင်း မောင့်အရိပ်အငွေ့များ ထင်ဟပ်ကာ နွေးထွေးသွားတတ်သည်။
မောင့်ဘ၀၏ တ၀က်တပိုင်းသည် ကျမဖြစ်၍၊ ကျန်တပိုင်းသည် သားဖြစ်ပါသည်။ သားကို မမွေးခင်တည်းက မောင်သည် "သားလေးမွေးမှာကွ" ဟု ယတိပြတ်ပြောသည်။ ကျမ ကိုယ်ဝန်ဆောင်စဉ် မောင်နှင့် အလုပ်မလိုက်ရတော့ဘဲ အိမ်မှာ ကျန်ခဲ့ရသည်။ အလုပ်သွားခါနီးတိုင်း မောင်သည် ကျမ ဗိုက်ကို လက်ဖ၀ါးကြမ်းကြမ်းနှင့် ကပ်ပြီး သားကို နှုတ်ဆက်တတ်သည်။
"သားလေးရေ၊ ဖေကြီး အစာရှာထွက်လိုက်ဦးမယ်။ သားအတွက် ပိုပြီးရှာရမှာဆိုတော့၊ ဖေကြီး ပိုအလုပ်လုပ်ရမှာပေါ့။ သားကြီးလာရင် သားက ကိုယ့်ကိုယ်ကိုပဲ ချစ်မှာလား၊ ကိုယ့်ပတ်ဝန်းကျင်ကိုရော ချစ်မှာလား၊ ကိုယ့်ကိုယ်ကိုချစ်ဖို့၊ ပတ်ဝန်းကျင်ကို ချစ်တတ်ဖို့ ဖေကြီး ပြောပြမှာပေါ့"
မောင့်စကား ဆုံးသည့်အချိန်မှာပဲ သားတံတောင်ဆစ်နုနုလေးက မောင့်ကို ထိလိုက်သည်။
"ကြည့်စမ်း။ စမ်း ကြည့်စမ်း ပန်း .. ။ ဒါ သားတံတောင်ဆစ်လေး မဟုတ်လား။ သားက အထဲကနေပြီး မောင့်ကို နှုတ်ဆက်လိုက်တာ"
ကျမ မပြုံးဘဲ မနေနိုင်တော့ပါ။
"ကလေးက သိလို့ ဘယ်ဟုတ်ပါ့မလဲ မောင်ရဲ့၊ လှည့်တဲ့အချိန်နဲ့ တိုက်ဆိုင်လို့ပါ။ လရင့်ရင် ဒီအတိုင်းပဲလို့ ပြောကြတယ်"
မောင်က သားကို ချစ်စိတ်ဖြင့် သူ့ကို နှုတ်ဆက်တာ၊ ထောက်ခံတာဟု ပြောသည်။ မောင်သည် အရာရာကို ရိုးရိုးရှင်းရှင်း တွေးတတ်သည်။ သားကိုမွေးတော့ မောင်ပျော်ရွှင်နေ၏။ သားဦးမွေးတာ သားဖြစ်သည်မို့ ဖခင်တယောက် ပျော်ရွှင်နေတာ အဆန်းမဟုတ်ပေမယ့် ကျမရင်ထဲ နင့်ခနဲ ဖြစ်သွားရသည်။ မောင်သည် ကျမနှင့် သားအပေါ် ကျမတို့က ချစ်မြတ်နိုးသည်ထက်ပို၍ ချစ်မြတ်နိုးသူဖြစ်သည်။
"သားက မောင့်ရဲ့ အောက်ဆီဂျင်ပါ ပန်းရယ်"
မောင်အလုပ်မသွားခင် သားအနှီးတွေကို လျှော်သည်။ သွက်လက်တက်ကြွနေသည့် မောင့်ကို ကြည့်ပြီး ကျမပါ ပျော်ရသည်။
သား သုံးလေးနှစ်အရွယ်ထိ အိမ်သာတက်ရင် အိမ်သာရှေ့မှာ ထိုင်စောင့်တတ်သည့် မောင့်ကို ပိုတယ်ဟု အမြင်ကတ်မိသည်။ သားကတော့ မေးစေ့ကို လက်ဖနောင့်နှင့် ထောက်ပြီး ဆောင့်ကြောင့် ထိုင်ကာ အိမ်သာတက်ရင်း ဖအေကို စကားတွေ ပြောတတ်သည်။
"ဖေကြီး အလုပ်သွားလို့ သားက တာ့တာလို့ ပြောရင်၊ ငှက်လေးတွေကလည်း ကျိကျိလို့ လိုက်ပြောတယ်"
"ဒါပေါ့၊ သားကို သူတို့က ထောက်ခံတာ"
"ငှက်ကလေးတွေက အိမ်တွေအများကြီးနော် ဖေကြီး"
"သားတို့ကိုလည်း သဘာဝက ပေးတာပဲလား။ သဘာဝဆိုတာ ဘိုးဘိုးကြီးရဲ့ နာမည်လား။ ဘိုးဘိုးကြီး နာမည်လည်း မဟုတ်ပါဘူး။"
"သဘာဝအကြောင်းကို သားကြီးလာတော့ ဖေကြီး ရှင်းပြမှာပေါ့သားရဲ့"
"ခု ရှင်းပြ"
မောင့်အကျပ်အတည်းကို ကျမ ၀င်ရှင်းရသည်။
"ကဲ.. ကဲ.. သားကို မေကြီးမေးမယ်။ သား ဖေကြီးနဲ့ မေကြီးကို သား ဘယ်သူ့ကို ပိုချစ်သလဲ"
"အမှန်အတိုင်းပြောရင် သားကို မေကြီးရိုက်မှာပေါ့"
ထိုသို့သော သားနှင့် ကျမကို မောင် ထားရစ်ခဲ့သည်။ အေးချမ်းသာယာ၍ အပြစ်ကင်းစင်သော ကျွန်မတို့ မိသားစုဘ၀ထဲကို မမျှော်လင့်သောကာလတွင် မုန်တိုင်းထန်ခဲ့သည်။ မုန်တိုင်းအရှိန်နှင့် လွင့်ပါးသွားသော မောင်သည် တောင်တန်းနှင့် မြို့လေးကို ရောက်သွားသည်။ တောင်တန်းတွေနှင့် မြို့လေး၏ ရာသီက ဧည့်သည် မောင့်ကို ကောင်းကောင်းကြိုဆိုနိုင်မယ် မထင်ခဲ့။ "ပူစရာရှိရင် အရမ်းပူ၊ အေးစရာရှိရင် အရမ်းအေးသည့် ရာသီနှင့် မာယာကို ကာကွယ်နိုင်ဖို့ မောင် ဘယ်လောက်ကြိုးစားနေမလဲ" လို့ တွေးပြီး ကျမ စိတ်ပူရသည်။ သဘာဝတရားနှင့် ရင်ဆိုင်တိုက်နေရသည့် မောင့်နောက်ကို ကျမ လိုက်ခဲ့သည်။
မိုး ဘယ်အချိန်က တိတ်သွားသလဲ ကျမ မသိလိုက်။ ကျမ ပတ်ဝန်းကျင်ကို ဂရုပြုမိတော့ သဲချောင်းမှာ ရေခန်းနေသည့် စပယ်ယာလေးက ကားဆရာကို "ကားသွားလို့ရပြီ" ဟု အတည်ပြုသည်။ မိုးရေထိတွေ့ထားသည့် သဲချောင်းကို ဖြတ်တော့ ခရီးသည်တွေက ရင်တမမ။ သဲချောင်းကို ကျော်တော့ အားလုံး ၀မ်းသာသွားကြသည်။ ရှေ့လမ်းခရီးအတွက် စိတ်ပူစရာ မလိုတော့။ အဆိုးဆုံးလမ်းကို ကျမတို့ ကျော်နိုင်ခဲ့ပြီ။ ကားဆရာက အမောပြေ သီချင်းဖွင့်လိုက်သည်။ ထွန်းအိန္ဒြာဗိုလ်၏ "ကိုယ်တို့ ဝေးနေ မိုင်ပေါင်းကုဋေ" သီချင်းသည် ခရီးသည်များကို အမောပြေစေသည်။ ကားပေါ်ပါ ခရီးသည်အားလုံးသည် ချစ်သူတွေနှင့် ခေတ္တခွဲနေရသူများဖြစ်ပါလိမ့်မည်။
ထွန်းအိန္ဒြာဗိုလ်က သီချင်းရာဇ၀င်ကို ရှင်းပြသည်။ ထိုသီချင်းကို မဆိုခင်က ထွန်းအိန္ဒြာဗိုလ်နှင့် သူ့ချစ်သူ ကိုအောင်မင်းထွန်းတို့ တယောက်တနေရာစီ။ "ဘယ်သူ့ဆီမှာနေမယ်လို့ ဆုံးဖြတ်လို့ မရသေးတဲ့အချိန်၊ ထွန်းအိန္ဒြာဗိုလ်က စိတ်ကောက်ပြီး ဖုန်းမဆက်ဘဲ နေသတဲ့။ "ကိုယ်တို့ဝေးနေ မိုင်းပေါင်းကုဋေ" သီချင်းကိုဆိုတော့မှာ ချစ်သူက နိုင်ငံရပ်ခြားကနေ မြန်မာပြည် အပြေးလာခဲ့တယ်" လို့ ထွန်းအိန္ဒြာဗိုလ်က ပရိသတ်ကို ရှင်းပြသည်။ ချစ်သူနှစ်ဦးကို ပေါင်းစပ်စေသည့် သီချင်းရေးဆရာက မျိုးကျော့မြိုင်။ ထွန်းအိန္ဒြာဗိုလ်၏ ရင်တွင်းခံစားချက်ကို ထွင်းဖောက်မြင်နိုင်သူ။
"ဒီကမ္ဘာကြီးရဲ့ အဆုံးကို … ကိုယ်သွားမယ် …
ပင်လယ်ကြီး ကိုယ်ဖြတ်သန်း၊ အကြင်နာခွန်အားတွေ … တောင်စွယ်များ ၀န်းရံကာရံထား ..
ကိုယ်အတွေးနဲ့ ၀င်ရောက်ခဲ့မယ် … ကိုယ်မမောဘူး အချစ်ကလေးရယ် ... ကာရံနဲ့ သီချင်းလေးများစွာ သူ့အတွက်ဆိုညည်းကာ .. ကိုယ်လာခဲ့မယ် တို့မဝေးဘူး .."
သီချင်းသံစဉ်တွေနှင့်အတူ မောင်ရှိရာအရပ်သို့ ကျမ ရောက်ခဲ့သည်။ ထိုသီချင်းကို ကျမဆိုလို့ မောင်ပြန်လာနိုင်ရင် ကျမ အချိန်နှင့်အမျှ ဆိုလိုက်ချင်ပါသည်။
++++
ဝေးတော့ ပိုလို့လွမ်းရသည့် မောင်နှင့် ကျမ တွေ့ဆုံမှုကို ရာသီကလည်း ၀မ်းနည်းကြေကွဲခဲ့သည်။ မိုးကောင်းကင်၏ မျက်ရည်စက်တွေက မိုးရေတွေဖြစ်သွားပြီး ကြေကွဲလိုက်တာမှ တောင်တန်းတွေ ရွှဲရွှဲစိုသွားသည်။
တွေ့ဆုံချိန် စက္ကန့် ၁၂၀၀ မှာ မောင်က သားမွေးနေ့အတွက် သူစပ်သည့် ကဗျာကို နှုတ်တိုက်ရွတ်ပြခဲ့သည်။
ဒီဇင်ဘာ ၁၅
အေးမြမြချမ်းကမ္ဗလာမှာ
မွှေးလှလှပန်းသခင်မရယ်က
သင်းရနံ့နဲ့ အတူဆောင်ကျဉ်း
အောက်ဆီဂျင်လေညှင်းကို
ပိန်ချုံးနေတဲ့ ငါ့ဖားဖိုထဲ
ကြင်နာစွာနဲ့ သွန်းလောင်းစေခဲ့တယ်။
လတ်ဆတ်တဲ့လေနုအေးကြောင့်
ခန်းခြောက်စရေအလျင်
စမ်းချောင်းတွေကလည်း
စီးဆင်းနိုင်ခဲ့တယ်။
မဲမှောင်တိမ်လွာဖုံးနေတဲ့
တစုံသော ကြယ်အမွှာကလည်း
သဘာဝအလှတရားတွေကို ခံစားနိုင်ခဲ့ပြီ။
ငါ့ဦးခွံရိုးအောက်က
သံချေးတက်လုနီးဓားဟာလည်း
သံချေးကွာကျ
ရွှေရောင်မြခဲ့ပြီ …. ။ ။
မောင့်အသံလှိုင်းတွေက လောကမြေပြင်ကို တိုက်ခိုက်လို့ ကောင်းကင်ပြာပြာပေါ်က တိမ်တွေ၊ တောင်တန်းတွေ၊ ကျေးငှက်ကလေးတွေက ၀ိုင်းဝန်းထောက်ခံအားပေးလို့ တေးသီနေကြသည်။
တစစီပြန့်ကျဲနေသည့် ကျမတို့ဘ၀၊ ကျမတို့ သောကအလွမ်းတွေကို ချိုးငှက်ကလေးတွေက နှုတ်သီးလေးတွေနဲ့ ကောက်ပြီး၊ အချစ်နှင့် သီကုံးလိုက်သည့် အလွမ်းသံစဉ်တွေက ကမ္ဘာမြေတခွင်လုံးကို ပြန့်နှံ့စီးဝင်သွားတော့သည်။
နှင်းပန်းအိမ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment