Friday, November 28, 2008

နေအိမ်အမျိုးအစားအလိုက် ရယက ငွေကောက်ခံ

Kaowao

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပလိုင်ကီးကျေးရွာ ရယကအဖွဲ့က ကျေးရွာသားတို့ထံမှ နေအိမ်အဆင့် အတန်းအလိုက် ပထမတန်းစား ၅၀၀၀၀ ကျပ်၊ ဒုတိယတန်းစား ၃၀၀၀၀ ကျပ်နှင့်တတိယတန်းစား ၂၀၀၀၀ ကျပ် အိမ်တိုင်းစေ့ကို အိမ်ခွန်ဟု ဆိုကာ ရေးမြို့နယ်၊ မယက ညွှန်ကြားချက်ဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့က စတင်ကောက်ခံနေကြောင်း ရွာသားများ ပြောကြားခဲ့သည်။ အဆိုပါ ကျေးရွာသည် အိမ်ခြေ ၁၀၀ နီးပါးခန့် ရှိပြီး ရာဘာခြံနှင့် ဆားလုပ်ငန်းများ လုပ်ကိုင်ကြသည်။

လွန်ခဲ့သော အောက်တိုဘာလ ၂၁ ရက်နေ့ ရက်စွဲပါ မော်လမြိုင် ခရိုင် ခယက၏ သက်ဆိုင်ရာ မြို့နယ် မယကရုံးများသို့ ပေးပို့ခဲ့သော ညွှန်ကြားချက် စာအမှတ် - ၃၀၀ / ၁ - ၂၂ / ခယက - မလမ (မွန်) အရ ကျေးရွာ / ရပ်ကွက်၊ လမ်းများရှိ အိမ်ထောင်ဦးစီးအမည်၊ လူဦးရေ စာရင်းချုပ် သာမက နေအိမ် အမျိုးအစားများကိုပါ ဖြည့်စွက်ထည့်သွင်းရန်ပါ ရှိပါသည်။ ဖွားသေစာရင်း နှင့် ခေတ္တ ခရီးထွက်ခွာ နေသူများကို သက်ဆိုင်ရာ ရယကတို့က ပုံစံ(ဂ)တွင် ဖြည့်စွက်၍ မြို့နယ် လဝကရုံးတွင် ပုံစံ(ဃ)အဖြစ် ထားရှိရန် အထက်ပါ ညွှန်ကြားချက်တွင် ဖေါ်ပြပါရှိပါသည်။

လာမည့် စစ်အစိုးရ၏၂၀၁၀ ရွေးကောက်ပွဲအတွက် ကြိုတင်၍ လူဦးရေ စာရင်း ကောက်ယူခြင်းသည် အထူး အဆန်း ဟု မဆိုနိုင်သော်ငြားလည်း နေအိမ်အဆင့်အတန်းများကိုပါ သတ်မှတ်ကာ စာရင်း ကောက်ယူခဲ့သည်က စစ်အစိုးရ အုပ်ချုပ်ရေးရာ ကိစ္စရပ်များတွင် အခွန်ငွေနှင့် ပတ်သက်၍ တစုံတရာနည်းဖြင့် ကောက်ခံနိုင်ရန် ပဏာမ ပြင်ဆင်မှုတရပ် ဖြစ်နိုင်ကြောင်း ဒေသခံများ ယူဆနေကြသည်။


No comments: