Tuesday, November 25, 2008

တွဲ-ကူ-လက် လူငယ်အဖွဲ့ တွံတေးမြို့နယ်က မိဘမဲ့ကလေးများကို ထောက်ပံ့

မြင့်မိုးဇော်


ပြီးခဲ့သည့် နိုဝင်ဘာ (၂၂) ရက်နေ့ အမျိုးသားအောင်ပွဲနေ့တွင် တွဲ-ကူ-လက် လူငယ်များအဖွဲ့ဟု အမည်ပေးထားသည့် လူငယ်အဖွဲ့တဖွဲ့သည် တွံတေးမြို့၊ ဘုရားကြီးကျေးရွာရှိ မိဘမဲ့ကလေးများအား ပျော်ပွဲရွှင်ပွဲများ၊ ပညာသင်ထောက် ကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ တွဲ-ကူ-လက်အဖွဲ့ ကို ၁၉၉၈ ခုနှစ်မှ စတင်ကာ တက္ကသိုလ်ကျောင်းသားဟောင်းများက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဖွဲ့စည်းစဉ်ကတည်းက နှစ်စဉ်အမျိုးသားနေ့ရောက်တိုင်း မိဘမဲ့ ကလေးများအား ပညာရေး၊ လူမှုရေးနှင့် ကျန်းမာရေးလုပ်ငန်းများကို ကူညီပေးရန်အတွက် တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ တွဲ-ကူ-လက်လူငယ်များအဖွဲ့ဝင်တဦးဖြစ်သူ မခင်လှလှက ခေတ်ပြိုင်သို့ ပြောသည်။

“ကျမတို ဒီနှစ်မှာတော့ တွံတေးမှာရှိတဲ့ ဘုရားကြီး ကျောင်းတိုက်မှာ ဖွင့်လှစ်ထားတဲ့ မိဘမဲ့ကလေးများကျောင်းကို အလှည့်ကျပါတယ်။ ဒီနှစ်မှာတော့ တွံတေးကို ဘာကြောင့် ရွေးချယ်ရတာလည်းဆိုရင် နာဂစ်လေမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ဒေသတွေမှာ တွံတေးမြို့နယ်လည်း ပါဝင်ခဲ့တယ်။ အဲဒီလိုလေမုန်တိုင်းဒဏ်ကြောင့်ပဲ မိဘမဲ့ကလေးငယ် (၃) ဦးလည်း သေဆုံးခဲ့ရတယ်။ ဒါကြောင့် ဒီနှစ်မှာ ဘုရားကြီးကျောင်းတိုက်မှာ ဖွင့်လှစ်ထားတဲ့ နေရာကို ရွေးချယ်လိုက်တာဖြစ်ပါတယ်” ဟု မခင်လှလှက ရှင်းပြသည်။


တွဲ-ကူ-လက်လူငယ်များအဖွဲ့ ဝင်တဦးဖြစ်သူ ကိုနေသူစိုးကလည်း “ကျနော်တို့ အခုနှစ်မှာ ကလေးငယ်တွေရဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးတာအပြင် ကျနော်တို့ အဖွဲ့မှာ ပါဝင်တဲ့ သွားဆရာဝန်တဦးကနေပြီး တကိုယ်ရေသန့်ရှင်းမှုအကြောင်းကို ကလေးတွေ နားလည်အောင် ဟောပြောမှုတွေလုပ်ခဲ့ပါတယ်။ ပြီးတော့ နေ့လယ်ပိုင်းမှာတော့ ကလေးတွေကို ပျော်ရွှင်စရာ ဖြေဖျော်မှုအစီအစဉ်တွေ၊ ကစားပွဲတွေ လုပ်ပေးခဲ့ပါတယ်။ နောက်ပြီး ကလေးငယ် (၂၈၀) ကျော်ကို နံနက်စာနဲ့ကျွေးမွေးပြီး သူတို့ ပညာသင်ကြားရာမှာ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတန်ဖိုး (၂၇) သိန်းဖိုးကိုလည်း လှူဒါန်းခဲ့ပါတယ်” ဟု ပြောသည်။

အမျိုးသားနေ့ကို ရွေးချယ်ခဲ့ရခြင်းမှာလည်း မြန်မာ့သမိုင်းမှာ တက္ကသိုလ်ကျောင်းသားများက တက္ကသိုလ်ဥပဒေကို မကြိုက်လို့ စတင်သပိတ်မှောက်ခဲ့ရာကနေ တိုင်းပြည်လွတ်လပ်ရေးရ အောင် လုပ်ဆောင်နိုင်ခဲ့သည့်နေ့ကို ဂုဏ်ပြုသည့်သဘောလည်း ရောက်ခြင်းကြောင့် အမျိုးသားနေ့မှာ မိဘမဲ့ကလေးများအတွက် ပညာရေးထောက်ပံ့မှုတွေကို လုပ်ခြင်းဖြစ်သည် ဟု ကိုနေသူစိုးက ဆက်ပြောသည်။

ထို့နောက် ယခုကဲ့သို့ ကလေးငယ်များအား ထောက်ကူမှုပေးနိုင်ရန်အတွက် ရန်ပုံငွေကို ဘယ်လိုရှာဖွေသလဲဆိုတာကိုလည်း အဖွဲ့ ဝင်တဦးဖြစ်သူ မခင်လှလှကပဲ “အခုဆိုရင် ကျမတို့ အဖွဲ့ဝင်တွေထဲမှာ ပါဝင်သူတချို့ဟာ နိုင်ငံခြားမှာ သွားပြီးအလုပ်လုပ်နေကြပါတယ်။ သူတို့ တွေကလည်း နှစ်တိုင်းအမျိုးသားနေ့ကိုရောက်ပြီဆိုရင် ကလေးငယ်တွေကို ကူညီထောက်ပံ့  ပေးနိုင်ဖို့ကို လှမ်းပြီး ငွေပို့ပေးပါတယ်။ အခုလောလောဆယ်တော့ သီးသန့် ရန်ပုံငွေကောက် ခံတာမျိုးမလုပ်ဘဲ အဖွဲ့ ဝင်တွေကပဲ ကိုယ်လက်လှမ်းမှီသမျှ ကောက်ခံပြီး လုပ်တဲ့သဘောပါ” ဟု ခေတ်ပြိုင်သို့ ရှင်းလင်းပြောကြားခဲ့သည်။


No comments: