Friday, November 14, 2008

ဝါးရုံရိပ်မှ မြို့ပြအား ကိုင်းကူးခြင်း

စစ်နည်းဗျူဟာ ဘယ်လိုသာလဲ၊ စွဲကိုင်လက်နက် ဘယ်လိုထက်လဲ၊ ပြည်သူ့နှလုံး မသိမ်းကျုံးလျှင်၊ ဓားသွားလဲကြွေ၊ လှံသွားလည်း ခွေအံ့ …
(လက်ဝဲသုန္ဒြအမတ်ကြီး)



(က)
KNU က `ကော်သူလေး` အား ခရိုင် ၇ ခုနှင့် ဖွဲ့စည်းသည်။ ဒူးပလာယားခရိုင်က ခရိုင် ၇ ခုမှ တခုဖြစ်သည်။ ဘုရားသုံးဆူ၊ ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရော၊ ကြားအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်တို့က ဒူးပလာယာခရိုင်၏ အနားသတ် ခရိုင်နယ်ခြား မျဉ်းများအဖြစ် တည်ရှိ၏။ မြစ်ငယ်လေးစင်းက ဒူးပလာယာခရိုင်အား ဖြတ်သန်းရင်း သံလွင်အတွင်းသို့ဝင်၏။ ဟောင်သရော၊ ဇမိ၊ ၀င်းယော်နှင့် အတ္တရံ….။ တောင်ညိုတောင်တန်းများက ဒူးပလာယာအား အလယ်မှကန့်လန့်ခွဲထား၏။ ထိုဒေသအတွင်းတွင်မူ တောင်ညိုတောင်တန်းအား ဗဟိုပြုပြီး တောင်ရှေ့ခြမ်း၊ တောင်နောက်ခြမ်းဟူ၍ပင် ခေါ်ကြ၏။

ဝင်းယော်ချောင်းနှင့် ဇမိမြစ်က ကျိုက်မရောမရောက်မီ `ချောင်းနှစ်ခွ`ရွာနား၌ ပေါင်းဆုံပြီး အတ္တရံမြစ်အဖြစ်နှင့် သံလွင်သို့ဝင်၏။ ၀င်းယော်ချောင်းနှင့် ဇမိမြစ်နှစ်သွယ်အကြားရှိ တောင်ပေါက် ၂၄ ရွာအား KNUနှင့် NMSP တို့မှ ပူးတွဲကော်မတီဖွဲ့ပြီး ….. ပူးတွဲအုပ်ချုပ်ကြ၏။ ပူးတွဲတရားစီရင် ကြ၏။ ပူးတွဲ၍ အခွန်စည်းကြပ်ကြ၏။

ထိုဒေသအတွင်း၌ လက်နက်ကိုင်အားပြိုင်မှုများက များသည်။ ၁၉၉၅ မတိုင်မီကမူ မွန်ပြည်သစ်ပါတီ၏ မွန်လက်နက်ကိုင်တပ်မတော်၊ KNU ၏ တပ်မဟာ (၆) လက်အောက်ခံ KNLA တပ်ရင်းများနှင့် နအဖ၏ တပ်ရင်းများ….။ စစ်ရေးအားပြိုင်မှုက ဘက်နှစ်ဘက်သာ ရှိသည်။ နအဖ စစ်တပ်နှင့် လွတ်မြောက်ရေး တပ်မတော်များသာ ….။ ထိုစဉ်က မာနယ်ပလော မကျသေး…..။ DKBA ဟူ၍ မပေါ်သေး…..။ `သမူဟဲ`၏ ကရင့်ငြိမ်းချမ်းရေးတပ် ဟူ၍မရှိ….။ မွန်ပြည်သစ်ပါတီပင် စစ်အုပ်စုနှင့် အပစ်အခတ်ရပ်စဲခြင်း မရှိသေး…..။

ဘုရားသုံးဆူကျပြီးနောက် နအဖ မှ ဘုရားသုံးဆူ-သံဖြူဇရပ် လမ်းကြောင်းအား ထိန်းချုပ်နိုင်ရန် လမ်းတလျှောက် တပ်အင်အားကို တိုး၍ ချလာ၏။ `တောင်စွန်း`တွင် စစ်ဗျူဟာတခု လာထိုင်သည်။ တောင်စွန်းရွာက ဘုရားသုံးဆူနှင့် သံဖြူဇရပ် လမ်းပေါ်ရှိ ရွာကြီးတရွာ ဖြစ်သည်။ ဘုရားသုံးဆူ-သံဖြူဇရပ် လမ်းပိုင်း၏ အလယ်တွင် ရှိသည်။ သံဖြှူဇရပ်မြို့အတွင်းတွင်ကား အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း တရင်းရှိသည်။ သံဖြူဇရပ်အထွက်တွင်မူ တိုင်း ဗဟိုလေ့ကျင့်ရေး ၄ ရှိ၏။ ဘုရားသုံးဆူတွင်က ခြေမြန်တပ်ရင်းတရင်းနှင့် လှုပ်ရှားစစ်ကြောင်းတကြောင်းရှိသည်။ တောင်စွန်းဗျူဟာက ရ.တ.ခ လက်အောက်ခံမဟုတ်…..တပ်မလက်အောက်ခံဗျူဟာ ဖြစ်သည်။ ဗျူဟာက မမြဲ….။ မကြာခဏ ပြောင်းသည်။ ၈၈….၊ ၆၆…..၊ ၄၄….။ တလှည့်စီထိုင်ကြ၏။ ဗျူဟာအောက်တွင် လက်အောက်ခံတပ်ရင်း ၃ ရင်း သို့မဟုတ် ၄ ရင်း ပါလာတတ်၏။

မုဒုံ၊ ခလယ်တံခွန်တိုင်၊ ဖားပြတ်လမ်းပိုင်းတွင် တံခွန်တိုင်၌ တပ်ခွဲတခွဲ ထိုင်သည်။ ဖားပြတ်တွင်မူ စခန်းထိုင်နှင့် လှုပ်ရှားစစ်ကြောင်းတကြောင်း ရှိ၏။ ဖားပြတ်၊ တောင်စွန်းနှင့် ၀ဲကလိတို့ကား ဖိုခနောက်ဆိုင်…..။ ထိုဒေသအတွင်းရှိသည့် ရွာအရေအတွက်ထက် နအဖ စစ်တပ်တပ်ရင်း အရေအတွက်က ပို၍ပင် များမည်လားမသိ…..။

လက်နက်ကိုင် တော်လှန်ရေး အင်အားစုများက…..KNLA တပ်ရင်း ၁၆ နှင့် မွန်ပြည်သစ်ပါတီ၏ မော်လမြိုင်ခရိုင် လက်အောက်ခံတပ်ရင်း တရင်း…..။ ကျောင်းသားတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့လည်း KNLA၊ NMSP တို့ အတူပူးတွဲ၍ လှုပ်ရှားကြသည်။ နည်းနည်းနှင့်ကျဲကျဲ….။

ခုခံရေးစစ်က ပျောက်ကျားစစ်….။ ရန်သူကမူ …..အလုံးအရင်းနှင့်ဝင်၏။ ကျည်အားနှင့်ဖိ၏။ လူအား၊ ကျည်အား၊ အဆုံးရှုံးခံ၏။ ရွာသားနှင့် ပြောက်ကျား….မခွဲခြား….`မီး`ကဲ့သို့ပင် ကျင့်၏။ စစ်အောင်နိုင်ရေးသည်သာ သိသည့် စစ်ဝါဒီသက်သက်များ…..။ အထက်က အမိန့်ပေးသည်။ အောက်က လုပ်ဆောင်ကြ၏။ ရေးဘူးပေါက်တာမသိ …. ရေပါဖို့သာ အဓိက….။ ဘယ်လိုရေမျိုးဖြစ်ဖြစ် ….. ဘယ်လိုခပ်လာလာ….။


(ခ)
ကျနော်တို့၏ နောက်တန်း အခြေစိုက်စခန်းများက ထိုင်း-မြန်မာနယ်စပ်မျဉ်းအား သီ၍ တည်ထားကြ၏။ `စခန်းသစ်`တွင် ရှိသည်။ `ပရော့်`တွင် ရှိသည်။ စခန်းသစ်မှ ဆင်းလျှင် ….`ကျိုက်ဒုံ`ရွာအထိ ကားလမ်းပေါက်သည်။ တောင်ပေါ်လမ်းဖြစ်သည်။ လမ်းကြမ်းဖြစ်၏။ `ဖို့ဝီး`များသာ သွားကြသည်။ `ဒေါန`တောင်တန်းအား ကျော်ခွ၍ ဖောက်ထားသောလမ်း ဖြစ်သည်။ စခန်းသစ်မှ မနက်ထွက်လျှင် ကျိုက်ဒုံသို့ နေမကျိုးမှီ ရောက်၏။

`ကျိုက်ဒုံ`က `ဟောင်သရော`မြစ်၏ အရှေ့ဘက်ကမ်း၌ ရှိသည်။ ရွာနှင့်မြစ်သည် ကပ်လျက်….။ ရွာ၏ အနောက်ဘက်တွင် `ဟောင်သရော`မြစ်….။ ရွာ၏ အရှေ့ဘက်တွင်မူ `ကျိုက်ဒုံ`ချောင်းငယ်….။ ချောင်းငယ်သည် ရွာကိုပတ်၍ `ဟောင်သရော`မြစ်အတွင်းသို့ စီးဝင်၏။ `ကျိုက်ဒုံ`ချောင်းရိုးအား ခွ၍ `ဒူးပလာယာခရိုင်ရုံး`နှင့် kNLAတပ်မ (၆)၏ ဌာနချုပ်တည်ထား၏။ ထိုစဉ်က …. ..ဒူးပလာယာခရိုင် ဥက္ကဌမှာ အဖူးတာအဲယ်၊ အတွင်းရေးမှူးက ဖဒို့လီလေးဖြစ်သည်။ တပ်မဟာမှူးကမူ ဗိုလ်ချုပ်ရွှေဆိုင်းဖြစ်သည်။ ကျိုက်ဒုံရွာက ကွမ်းသီးခြံများအတွင်း ပျောက်၍နေသည်။ မြစ်ငယ်နှင့် ချောင်းရိုးသွယ်အကြား ကျိုက်ဒုံရွာက အေး၍… စိမ့်၍ …..။ ငြိမ်၍….တိတ်၍ …..။

`ဟောင်သရောမြစ်`က နွေဆိုလျှင် …. ရေက ပေါင်လယ်ခန့်သာ ရှိ၏။ ဟောင်သရောမြစ်၏ အနောက်ဘက်ကမ်းတွင် ဘုရားကုန်းရှိသည်။ စေတီနှင့် ဘုန်းတော်ကြီးကျောင်း …..။ ဘုရားကုန်းမှ ၂ နာရီခန့် လျှောက်လျှင်မူ ….`၀င်းလုံ`ရွာသို့ ရောက်သည်။ ၀င်းလုံရွာ၏ ရွာလယ်လမ်းမတလျှောက်လုံးက အိမ်ဆိုင်များနှင့် စီစီရီရီ….။ ၀င်းလုံ၊ ကျိုက်ဒုံတို့ကား ဟောင်သရောမြစ်ရိုးနှင့် နယ်စပ်လမ်းကြောင်းကို ချိတ်ဆက်၍ ကုန်သွယ်စီးပွားသာယာသည့် ရွာများဖြစ်သည်။ ၀င်းလုံလွန်လျှင် ….`မယ်တဲ့ကလှဲ`ရွာသို့ ရောက်မည်။ နေ့တ၀က်ခန့် လျှောက်ရသည့် ခရီးဖြစ်သည်။ `မယ်တဲ့ကလှဲ` မှ ကြာအင်းဆိပ်ကြီးသို့ လမ်းပေါက်၏။ လှည်းများနှင့် ကုန်အသွယ်အပို့ လုပ်ကြ၏။ ကြာအင်းဆိပ်ကြီးက `မယ်တဲ့ကလှဲ`ရွာ၏ အနောက်မြောက်ဘက်တွင် ရှိသည်။ `မယ်တဲ့ကလှဲ` မှ အနောက်တောင်ဘက်သို့ ဆက်၍လျှောက်လျှင် …..`ခရမ်းတော`ရွာအား ရောက်၏။ `ခရမ်းတော`ရွာက ဇမိမြစ်၏ အရှေ့ဘက်ကမ်းတွင် ရှိသည်။ အရှေ့ဘက်ကမ်းဟု ဆိုသော်လည်း ဇမိမြစ်ဘေးတွင် မေးတင်ဦးခိုက်၍ တည်ထားသော ရွာမဟုတ်….။ ခရမ်းတောမှ မိနစ် ၂၀ ခန့် ဆက်လျှောက်မှ ဇမိမြစ်ကမ်းပါးသို့ ရောက်ခြင်းဖြစ်သည်။ ကျိုက်ဒုံ၊ ၀င်းလုံ၊ မယ်တဲ့ကလှဲနှင့် ခရမ်းတောရွာများ အားလုံးက ကရင်ရွာများ….။ `ခရမ်းတော`မှ ဇမိမြစ်၏ မြစ်ညှာတွင်မူ `ကွမ်းသီးခြံ`ရွာ ရှိသည်။ `ကွမ်းသီးခြံ`ကမူ ဗမာရွာဖြစ်သည်။ `ဇမိမြစ်` နှင့်`ဟောင်သရောမြစ်` အကြားက KNU ဒူးပလာယာခရိုင်၏ ကြားအင်းဆိပ်ကြီးမြို့နယ် ဖြစ်သည်။

`ခရမ်းတော` မှ ဇမိမြစ်အားကူးလျှင် အနောက်ဘက်ကမ်း၌ `ဝေဇာလီ`ရွာ ရှိသည်။ `ဝေဇာလီ`သည်လည်း ဇမိမြစ်ကမ်းဘေးရှိ ရွာမဟုတ်….။ ကမ်ပါးမှ မိနစ် ၃၀ ခန့် ခြေလျင်လျှောက်မှ `ဝေဇာလီ`သို့ ရောက်သည်။ `ဝေဇာလီ`က မွန်ရွာကြီးဖြစ်သည်။ တောင်ပေါက် ၂၄ ရွာအတွင်းရှိသည့် ရွာဖြစ်သည်။ KNU နှင့် NMSP တို့၏ ပူးတွဲအုပ်ချုပ်ရေးဒေသ….။

ဘုရားသုံးဆူဘက်မှနေ၍ ပူးတွဲအုပ်ချုပ်ရေးဒေသသို့ ဆင်းလျှင်မူ ဇမိမြစ်ကြောင်းအတိုင်း စုန်ဆင်းလာ၍ရသည်။ ဇမိမြစ်က ဘုရားသုံးဆူတောင်ကြားများမှ မြစ်ဖျားခံ၍ ဖြစ်တည်လာသော မြစ် …..။

ကျနော်တို့က ထိုပူးတွဲဒေသအတွင်း အခြေပြု၍ ကြာအင်းဆိပ်ကြီး၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရောမြို့များသို့ ဆက်သွယ်ကြ၏။ ထိုမှ …. မော်လမြိုင် …..။ ထိုမှ … မြို့ပြလူထု၏ ရင်ခုန်သံအား ၀ါးရုံပင်အောက်မှ ကိုင်းကူးယူကြ၏ …။

ရွှေအိမ်စည်

No comments: