Saturday, November 29, 2008

အူကြောင်ကြောင် နအဖ လူကြီး ခရီးစဉ်

Kaowao

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ခယကရုံးမှ ညွှန်ကြားစာတစ်စောင်၌ မကြာမီ ရက်ပိုင်းတွင် မွန်ပြည်နယ် တောင်ပိုင်း ဒေသသို့ အရေးကြီးပုဂ္ဂိုလ်များ ခရီးစဉ်အတွက် သက်ဆိုင်ရာ မယကများ ကြီးကြပ်၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် ဖေါ်ပြထားပါသည်။


မည်သည့်ပုဂ္ဂိုလ်က မည်သည့်နေ့ရက်တွင် မည်သည့်ကိစ္စဖြင့် လာရောက်မည်ကို အရိပ်အမြွက်မျှ ဖေါ်ပြထားခြင်း မရှိသဖြင့် ရေးမြို့ ရယက အပါအဝင် လက်အောက်ခံ လမိုင်းမြို့နယ်ခွဲရုံး၊ ခေါဇာမြို့နယ်ခွဲ ရုံးတို့မှ ဝန်ထမ်းများ အဆင်သင့်အနေအထားတွင် ပြင်ဆင်ပြီး စောင့်ဆိုင်းနေရကြောင်း၊ မည်သည့်ပုဂ္ဂိုလ် မှလည်း ပေါ်မလာသေး ကြောင်း၊ အဓိပ္ပါယ်မဲ့သော ညွှန်ကြားချက်ကြောင့် အူကြောင်ကြောင် နိုင်လွန်းသည် ဟု ရုံးစာရေးတစ်ဦးက ဖွင့်ပြောပါသည်။

လွန်ခဲ့သော နိုဝင်ဘာလ ၄ ရက်နေ့စွဲဖြင့် မော်လမြိုင်ခရိုင် ခယကရုံးမှ သက်ဆိုင်ရာ မယကရုံးများ၊ မြို့နယ်ခွဲရုံးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အင်ဂျင်နီယာရုံး၊ စည်ပင်သာယာရုံး၊ ရပ်ကွက် ကျေးရွာ ဥက္ကဌ အဆင့်ဆင့်သို့ ပေးပို့သော ညွန်ကြားချက်၌ မကြာမီ ကာလတွင် အရေးကြီးပုဂ္ဂိုလ်များ လာရောက်ရန် ရှိသဖြင့် မိမိဒေသရှိ သက်ဆိုင်သည့် လမ်းများ၊ လမ်းပုခုံးများ၊ တံတားနှင့်အုတ်ခုံ ဝဲယာ တို့ကို ပြင်ဆင်ထားရန် နှင့် ကားလမ်းဘေးတလျှောက် ခြုံများ ရှင်းလင်းထားရန်၊ မိုင်တိုင် အမှတ်အသား၊ ဓါတ်တိုင်များ တည့်မတ်မှု ရှိစေရန်၊ ရာဘာခြံတိုင်းတွင် ခြံပိုင်ရှင်အမည်၊ ဧကအကျယ်အဝန်း၊ ပျိုးပင် အမျိုးအစားတို့ကို ထင်ရှားစွာ ရေးသားထားရန်၊ ကားလမ်းဘေးတလျှောက် အိမ်များ ခြံစည်းရိုးကာရံ၍ ထုံးသုတ်ထားရန်တို့ ပါရှိသည်။

ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် မုဒုံမြို့၊ သံဖြူဇရပ်မြို့၊ ရေးမြို့နယ်နှင့် လမိုင်း၊ ခေါဇာမြို့နယ်ခွဲများမှ မယက၊ ရယကများ ကျေးရွာလူထုအပေါ် လုပ်အားပေးခိုင်းစေခြင်း၊ ငွေကြေးကောက်ခံခြင်းနှင့် မဖြစ်မနေ ထုံးသုတ်စေခြင်း ကိစ္စတို့တွင် အလွန် အလုပ်များနေကြကြောင်း ဝန်ထမ်းများက ပြောဆိုနေပါသည်။


No comments: