Wednesday, November 19, 2008

လူမျိုးစုခေါင်းဆောင် ၂ ဦးနောက်ထပ် အသတ်ခံရ

Narinjara News

ဘင်္ဂလာဒေခ်ျ့နယ် စစ်တကောင်းတောင်တန်းနယ်မှ နောက်ထပ် လူမျိုးစုခေါင်းဆောင် နှစ်ဦးကို ရခိုင် လက်နက်ကိုင် အဖွဲ့တဖွဲ့မှ ယမန်နေ့က ပစ်သတ်သွားခဲ့ ကြောင်း သတင်းရရှိသည်။

နောက်ထပ် သတ်ဖြတ်ခံရသူနှစ်ဦးမှာ ရေကြိုင်ချောင်းဖျားတွင် တည်ရှိသော မြောင်းဝဒေသမှ မြိုအမျိုးသား ကလာဘာရီ စောင်ဒွမ်း(၅၀ နှစ်)နှင့် ရွန်းနောင်(၃၅ နှစ်)တို့ ဖြစ်သည်။

သူတို့နှစ်ဦးမှာ ပန်းထွန်းဦး ဟေရမန် အသတ်ခံရပြီးနောက်ပိုင်း ဆက်လက် အသတ်ခံရသူများ ဖြစ်သည်။

ဦးပန်းထွန်းဦး အပါအ၀င် မြိုခေါင်းဆောင်နှစ်ဦးကို သတ်ဖြတ် သွားသူများမှာ ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ဒေသအတွင်း သတင်းများ ဖြစ်ပေါ်နေသည်။

အဆိုပါဒေသမှ အမည်မဖေါ်လိုသူ ချေယာမန်တဦးက သူတို့ သုံးဦးစလုံးကို သတ်ဖြတ်သွားသူများမှာ ရခိုင်ပြည် လွတ်မြောက်တပ်မတော်မှ တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ယခုကဲ့သို့ အတည်ပြု ပြောကြားသည်။

“သူတို့ သုံးဦးစလုံးကို ပစ်သတ်သွားသူများမှာ အေအလ်ပီက ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က ဒါနီဒါ အန်ဂျီအိုက အရာရှိတဦးကို ပြန်ပေးဆွဲတဲ့ ကိစ္စမှာ အဲဒီလူကြီးတွေက ဘင်္ဂလာစစ်တပ်ကို အကြောင်းကြားခဲ့တယ်ဆိုပီး အေအယ်လ်ပီက စွပ်စွဲထား တာ ရှိပါတယ်။ ဒါကြောင့် ခုလို အခွင့်အရေး ရရှိတဲ့အချိန်မှာ ပစ်သတ်သွားတာ ဖြစ်ပါတယ်။” ဟု ပြောသည်။

ဦးပန်းထွန်းဦးမှာ အဆိုပါ ပြဿနာဖြစ်ပွားပြီးနောက် ၎င်းနေထိုင်ရာကျေးရွာ မော်တုတ်ကြီးမှ ရွှေ့ပြောင်းပြီး တန်းဆိပ်ရွာတွင် နေထိုင်နေသူဖြစ်ပြီး သမီးမင်္ဂလာ ဆောင်ရှိ၍ မော်တုတ်ကြီးသို့ သွားရောက်စဉ် အသတ်ခံရခြင်း ဖြစ်သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုပြန်ကြားရေးတာဝန်ခံ ခိုင်ထွန်းလင်းမှ အဆိုပါသတင်းနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ပြောသည်။

“ခုလို သတင်းတွေ ထွက်နေပေမယ့် အတည်ပြုဖို့တော့ ခက်ခဲပါ သေးတယ်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှာ ယခုလို လူမျိုးစုခေါင်းဆောင်တွေကိုသတ်ဖို့ ပေါ်လစီ မရှိပါ။ သတ်ရင်လည်း သတ်တဲ့လူရဲ့ တာဝန်သာ ဖြစ်ပါလိမ့်မယ်။ တကယ်တန်း ဟုတ်မှန်တယ်ဆိုရင်လည်း ပါတီက ကြီးလေးတဲ့ ပြစ်ဒဏ်တွေကို ပေးသွားပါလိမ့်မယ်။”

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အေအယ်လ်ပီပါတီမှ တွဲဘက် အတွင်းရေးမှူးဖြစ်သူ ဇေယျာမျိုးလှိုင်ခေါ် စောမြရာဇာလင်းအား မေးကြည့်ရာ သူမအနေနှင့် အဆိုပါတီနှင့် တစုံတရာပတ်သက်မှု မရှိကြောင်းနှင့် ပါတီမှနှုတ်ထွက်ထားသည်မှာ သုံးနှစ်ကျော် ရှိပြီးဖြစ်ကြောင်း ပြောကြားသည်။

သတ်ဖြတ်ခံရသူ လူမျိုးစုခေါင်းဆောင် ၃ ဦး အပါအ၀င် နောက် ထပ် လူ ၈ ဦးကိုလည်း သတ်ပစ်မည်ဟု အဆိုပါ လက်နက်ကိုင်အဖွဲ့မှ ခြိမ်းခြောက်ထားသဖြင့် ဒေသအတွင်းလူထုအနေဖြင့် အထူးစိုးရိမ်နေကြကြောင်း သတင်းရရှိသည်။

ယခုကဲ့သို့ လူမျိုးစုခေါင်းဆောင်သုံးဦး အသတ်ခံရသဖြင့် ဒေသ အတွင်း အထူးတင်းမာမှုဖြစ်ပေါ်နေပြီး အဆိုပါ ဒေသအတွင်း နေထိုင်သူ ရခိုင်ပြည်သားများအား ဒေသခံမြိုလူမျိုးများနှင့် တခြားမကျေနပ်သူများက တိုက်ခိုက်လာနိုင်ကြောင်း အဆိုပါ ချေယာမန် က ပြောသည်။

အဆိုပါ လူမျိုးစု ခေါင်းဆောင် ၃ ဦး အသတ်ခံရပြီးနောက်ပိုင်း ဘင်္ဂလာစစ်တပ်မှ အဆိုပါဒေသတွင် စစ်ဆင်ရေးတရပ်ပြုလုပ်ပြီး သတ်ဖြတ်သူများအား လိုက်လံ ရှာဖွေနေကြောင်း သိရသည်။


No comments: