Monday, November 24, 2008

အိမ်ပြန်ချင်သော်လည်း ပြန်၍မရသေးပါ

ဒီလှိုင်းငြိမ်း

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့သည် ကမ္ဘာ့ ဒုက္ခသည်များနေ့ ဖြစ်ပါသည်။ ကမ္ဘာ့ ဒုက္ခသည်များနေ့မှာ ထိုင်း-မြန်မာနယ်စပ် မျဉ်းပေါ်က မြန်မာတိုင်းရင်းသား စစ်ပြေး ဒုက္ခသည်များနေ့ကို နှစ်စဉ်မပျက် ကျင်းပ နေကြသည်။ ထိုင်းနယ်စပ်မှာ နေထိုင်ကြသော မြန်မာ တိုင်းရင်းသား ဒုက္ခသည်စခန်းမှာ စခန်း ၉ ခုရှိပြီး လူဦးရေအားဖြင့် ၁၄၀၀၀၀ ကျော်ရှိသည်။

ကမ္ဘာ့ ဒုက္ခသည်များနေ့ကို ကျင်းပရခြင်းမှာ "ကျနော်တို့၊ ခင်ဗျားတို့" ပျော်ရွှင်သော နေ့ဖြစ်သောကြောင့် ကျင်းပသည် မဟုတ်ပါ။ ကိုယ့်တိုင်း၊ ကိုယ့်ပြည်မှာ လုပ်ကိုင်စားသောက် နေထိုင်မရသည့်အဆုံး သူတပါးနိုင်ငံမှာ မျက်နှာငယ်ငယ်နှင့် နေထိုင်စားနေရသည့် ဘ၀နာကျဉ်းမှုများကို လူငယ်၊ လူရွယ်များ သိရှိအောင် ပြောပြချင်သည်ဟု ကရင်နီခေါင်းဆောင်ကြီး တစ်ဦးက ပြောခဲ့ဖူးသည်။


ထိုင်းနယ်စပ်မှာ နှစ်ပေါင်း ၂၀ ကျော်နေထိုင်လာပြီး အိမ်ပြန်ချိန်ကို စောင့်မျှော်နေကြသည့် ဒုက္ခသည်များမှာ ပို၍ဝေးသွားပြီဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံရေး မပြောင်းလဲနိုင်သည့်အဆုံး အိမ်ပြန်၍ မရသေးပါ။ အကယ်၍ မြန်မာနိုင်ငံရေး ပြုပြင်ပြောင်းလဲပါက မြန်မာပြည်ကို မပြန်ချင်သည့် မြန်မာနိုင်ငံသားမရှိဘူးဟု ကောက်ချက်ချ နိုင်သည်။

ထို့ကြောင့် နယ်စပ်စည်းမျဉ်းပေါ်က တိုင်းရင်းသား ဒုက္ခသည်ဖြစ်နေကြသော ကရင်နီဒုက္ခသည်များသည် တပါးနိုင်ငံသို့ ဆက်လက်ထွက်ခွါ အခြေချနေထိုင်နိုင်ရန်အတွက် နေ့တဓူဝ အလုပ်သဖွယ် စောင့်မျှော်ခဲ့ကြသည်။

လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်မတိုင်ခင် အချိန်ထိ၊ တတိယနိုင်ငံ အခြေချနေထိုင်ရေး အစီအစဉ်မစတင်မှီ ဒုက္ခသည်များသည် နိုင်ငံရေး အပြောင်းအလဲရှိခဲ့သော် မိသားစု စုံစုံလင်လင်နှင့် ကိုယ့်ရပ်၊ ကိုယ့်ရွာကို ပြန်ကြမည်ဟု မျှောင်လင့်ခဲ့ကြသည်။ သို့သော် မျှော်သာမျှော်လင့်ခဲ့ပေမဲ့ ဖြစ်မလာသည့်အဆုံး ပြောရမည်လော။

ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းရှိ အိမ်ရှင်မတစ်ဦးက "ဒီမှာနေရတာ ပျော်တော့မပျော်ပါဘူး၊ စိတ်ထဲမှာ ပြန်ချင်တာပိုများတယ်၊ ပြန်မယ်လို့ တွေးမိပြန်တော့လည်း ပြန်လို့ မဖြစ်ဘူး၊ မရေမရာ ခံစားနေရတယ်၊ ရှေ့လည်းမသွားချင်ဘူး (တတိယနိုင်ငံ)၊ ရှေ့သွားမယ်ဆိုရင် ကိုယ့်မောင်နှမတွေ ပိုဝေးသွားပြီ၊ ကိုယ်ငယ်ငယ်ကတည်းက နေလာတဲ့ ကိုယ့်ရပ်ရွာတွေ ကိုယ့်နယ်တွေ ကိုယ့်စရိုက်တွေ အကုန်လုံးစွန့် လွှတ်ရပြီလေ၊ ဒီမှာပဲဆက်နေမယ်ဆိုရင်လည်း သူများတွေ ရိက္ခာတွေတဖြည်းဖြည်း လျှော့လျှော့ ပေးလာတယ် ဆိုတော့ ရှေ့တွေးလည်းမပျော်ဘူး၊ နောက်တွေးလည်း မပျော်ဘူး၊ ဘယ်လိုဖြစ်လာမယ်ဆိုတာ လည်းမသိဘူး ဖြစ်နေတယ်" လို့ ပြောသည်။

ဒုက္ခသည်ဘ၀သည် သူတပါးနိုင်ငံမှာ ခဏတဖြုတ် ၀င်ရောက်ခိုလှုံနေထိုင်များဖြစ်သည်။ အိမ်ရှင်ဖြစ်သူများက " ကြာကြာနေပါ၊ ပျော်သလောက်နေပါ" ပြောမည် မဟုတ်ပါ။ ပထမတရက်မှာ ဧည်သည်ပါ။ ဒုတိယတွေမှာ ဧည့်သည်မဟုတ်တော့ပါ။ တတိယရက်မှာတော့ ပြန်ဖို့အချိန်တန်ပြီ၊ မပြန်နိုင်သေးရင်လည်း အိမ်ရှင်က လက်မခံချင်တော့ပါ။ အကုန်ပြောရရင် အိမ်ပေါ်ကနေဆင်းသွား ကြိုက်သည့် နေရာသွားနေပါ။ အဓိက အိမ်ပေါ်ကနေ ဆင်းရင်ပြီးရော။ သူတို့ ပြောချင်ပါသည်။ သို့သော် ပြောမည်မဟုတ်ပါ။ ထို့ကြောင့် စခန်းအတွင်းမှာ တဖြည်းဖြည်း တင်းကြပ်လာသော စည်းမျဉ်းစည်းကမ်းများနှင့် ဒုက္ခသည်များ ရင်ဆိုင်နေကြရသည်။

ထို့ကြောင့် ဒုက္ခသည်များက စခန်းကနေ လွတ်ရင်ပြီးရောဆိုသည့် နောက်ဆုံးထွက်ပေါက်များနှင့် တတိယနိုင်ငံအကြောင်းကို စောင့်ဆိုင်းနေခဲ့ကြသည်။ ဒုက္ခသည်အများစုသည် ပညာအရည်အချင်းနှင့် အင်္ဂလိပ် စကားမပြော တတ်သည့်အပြင် ရာသီဥတု အပါအ၀င် နေရပ်ဒေသသစ်တွေဆီသို့ အရဲစွန့်ပြီး ထွက်လာခဲ့ကြသည်။

ဒုက္ခသည်များနေ့မှာ ကရင်နီဒုက္ခသည် ပင်မကော်မီတီ ဥက္ကဌ ခူရှေးရယ်ဖိုးဘျားက " စစ်အစိုးရကြောင့် ကျနော်တို့ တတွေဟာ ဒုက္ခသည်ဘ၀ ရောက်ခဲ့ကြရတယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်၊ ဒါပေမယ့် ဒုက္ခသည်ဆိုတာ ရေရှည်တည်ရှိမဲ့ အရာတခု မဟုတ်ဘူး၊ နောက်ပြီး မိမိတို့အနေနဲ့ ဒုက္ခသည် ဘ၀ကို ရေရှည်မှာ မှီခိုအားထားစရာမလိုဘူး၊ မသင့်တော်ဘူး၊ ဒုက္ခသည်ဘ၀ကို မတင်းတိမ် မရောင့်ရဲ့သင့်ဘူးလို့ စေတနာရှေ့ထားပြီး သတိစကားအားဖြင့် တိုက်တွန်းနှိုးဆော်အားပေးလိုပါတယ်" ဟု ပြောကြားသွားသည်။

ဒုက္ခသည်ဆိုသည်မှာ မြန်မာနိုင်ငံက တနိုင်ငံတည်းမှာ ဒုက္ခသည်ရှိသည် မဟုတ်ပါ။ ကမ္ဘာတ၀န်းမှာ ဒုက္ခသည်မြောက်များစွာ ရှိသည်။ သို့သော် ကမ္ဘာတလွှားမှာ ဒုက္ခသည်များနေထိုင်ကြသည့် အဆိုးဆုံးနေရာ ၁၀ နေရာထဲမှာ ထိုင်းနိုင်ငံက ဒုက္ခသည်လည်း ပါဝင်သည်ဟု ဇွန်လ ၁၉ ရက်နေ့၊ ၂၀၀၈ ခုနှစ် (USCRI) ဒုက္ခသည်နှင့် ရွေ့ပြောင်းနေထိုင်သူများဆိုင်ရာ အမေရိကန် ကော်မတီ၏ အစီရင်ခံစာသစ်တခုမှာ ဖော်ပြထားသည်။

၎င်းထုတ်ပြန်ချက်မှာ ထိုင်းနိုင်ငံတွင်း ခိုလှုံနေထိုင်ကြသော မြန်မာနိုင်ငံသား ဒုက္ခသည်များအပေါ် ဆိုးရွားသော ပြုမှုဆက်ဆံမှုများကြောင့် ယခုလို အဆိုးရွားဆုံး နေရာတခုတွင် ပါဝင်ခြင်း ဖြစ်သည်ဟု ဖော်ပြသည်။

ထို့အပြင် မြန်မာဒုက္ခသည် ထောင်ပေါင်းများစွာကို အတင်းအကြပ်ပြန်ပို့ခံရခြင်း၊ လူသစ်များကို ဒုက္ခသည်တွေ အဖြစ် အသိအမှတ် မပြုခြင်း၊ လာအိုနိုင်ငံက မုန်းလူမျိုးဒုက္ခသည် ၈၀၀၀ လောက်ကို သံဆူးကြိုးများနှင့် ကာရံထားပြီး နေရပ်ရင်းသို့ ပြန်ပို့ရန် စသည့် ရည်ရွယ်ချက်များကြောင့် ဆိုးရွားသည်ဟု USCRI ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

ထိုင်းနိုင်ငံသည် ၁၉၅၁ ခုနှစ်ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာသဘော တူညီချက်၊ ၁၉၆၇ ခုနှစ်သဘောတူညီ ချက်များကို လိုက်နာမည်ဟု လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း လူသားများဆိုင်ရာ အလုပ်လုပ်ပိုင်ခွင့် အခွင့်အရေးကို ဒုက္ခသည်များက ရသင့်သည်။

ကရင်နီဒုက္ခသည် ပင်မကော်မတီ ဥက္ကဌ ခူရှေးရယ်ဖိုးဘျားက "ကျနော်တို့ ၂၀၀၇ အခြေအနေနဲ့ ၂၀၀၈ အခြေအနေက ယေဘုယျအားဖြင့် ပြောမယ်ဆိုရင်တော့၊ သုံးသပ်ရမယ်ဆိုရင်တော့ ထူးခြားမှုရှိတာပေါ့၊ ထူးခြားမှုရှိပြီပေါ့၊ ဒုက္ခသည်တွေကို ဒေသအာဏာပိုင်က အနီးကပ်စီမံခန့်ခွဲတာပေါ့နော်၊ အစစ၊ အရာရာ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး၊ ရိက္ခာ ထုတ်ပေးဝေပေးတဲ့ နေရာမှာ စသည့်ဖြင့်ပေါ့၊ သူတို့က တော်များများ ကိုယ်တိုင် ကိုယ်ကျဝင်ရောက်စွက်ဖက်တယ် ပြောလို့ရတာပေါ့၊ သူတို့ လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီး လုပ်တယ်လို့ ပြောလို့ရတယ်ပေါ့" ဟု အခြေအနေအားပြောပြသွားသည်။

ထို့ကြောင့် တဖြည်းဖြည်း ကျပ်တည်းလာသော ဒုက္ခသည်များအပေါ် တတိယနိုင်ငံသို့ သွားရောက်အခြေချနေ ထိုင်ရေးမှလွဲ၍ တခြားရွေးစရာ လမ်းမရှိတော့ပါ။ တတိယနိုင်ငံ အခြေချနေထိုင်ရေးအစီအစဉ်၏ နောက်ကွယ်မှာ ရှုထောင့်အဘက်ဘက်မှ သုံးသပ်ကြည့်မည်ဆိုပါက နိုင်ငံရေး၊ စီးပွားရေး ရှုထောင့်အဘက်ဘက်က ကြည့်ရင် နိုင်ငံရေးအရ ပိုပြီးအထိနာများကြောင်း တွေ့ရသည်။

တတိယနိုင်ငံသို့ အခြေချနေထိုင်ရေးသည် ဒုက္ခသည်များအတွက် ပထမဆုံးကောင်းကွက်တစ်ခုမှာ လူသားတယောက်လို ဆက်ဆံခံရမည်ဖြစ်သည်။ ဒုက္ခသည်စခန်းမှာ ထောင်ကျနေသလို နှစ်ပေါင်းများစွာ ကျည်းကျည်းကျပ်ကျပ် နေလာခဲ့သမျှ လှောင်ချိုင့်ထဲက လွတ်လာသည့် ငှက်ကလေးလို လွတ်လပ်မှု၏ အရသာများကို ပထမဦးဆုံးခံစားကြရမည် ဖြစ်သည်ဟု ဖင်လန်နိုင်ငံမှာ ရောက်ရှိနေပြီဖြစ်သော ကရင်နီအမျိုးသား တစ်ယောက်က ရင်ဖွင့်နေပါသည်။

သို့သော် တတိယနိုင်ငံသို့ သွားရောက်အခြေချ နေထိုင်ခြင်းသည် မြို့ကြီး၊ ပြကြီးမှာ နေထိုင်ခွင့်ရ၍ ပျော်မည်၊ ၀င်ငွေရှိပြီး ချမ်းသာလာမည်ဟု မဆိုလိုပါ။ မရောက်ဖူးသည့်အရပ်၊ မစားဖူးသည့်အစာ၊ မကြားဖူးသည့် စကားများကို လေ့လာသင်ယူရမည် ဖြစ်သည်။ ဘယ်နေရာ၊ ဘယ်အရပ်ကိုဘဲရောက်ရောက် ကိုယ်လုပ်မှ ကိုယ်စားရမည်။ တပါးနိုင်ငံမှာ အလုပ်မရှားပေမဲ့ ၀င်ငွေကောင်းသည့် အလုပ်သည် ခေါင်းဖြု၊ ခေါင်းမဲ အလုပ်ရှင်က ခွဲခြားပါသည်။

တတိယနိုင်ငံကို အလွန်မှ ထွက်ခွါသွားချင်သော ဒုက္ခသည်များအတွက် နားလည်ပေးပြီး ကိုယ်ချင်းလည်း စာမိပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုင်းနယ်စပ်မှာရှိသော ဒုက္ခသည်စခန်းကို မနေထိုင်ချင်လွန်းသော သူများက "ဖြစ်ချင်ရာဖြစ် မောင်ဘချစ်" ဆိုသလို "ဒီထက်ဆိုးတဲ့ နေရာမရှိတော့ပါ" ဆိုပြီး မျှော့်လင့်ချက် ကိုယ်စီနဲ့ လျှောက်ထားခဲ့ကြပါသည်။

ထိုင်းနယ်စပ်သို့ ထွက်ပြေးရောက်ရှိနေထိုင်ကြသော မြန်မာဒုက္ခသည်များသည် ဒုက္ခသည်စခန်းမှာ နောက်ထပ် နှစ်ပေါင်းဘယ်လောက် ထပ်နေရအုံးမည်နည်းဆိုတာကို ဘယ်သူမှ အတက်မပြောနိုင်ပါ။ မြန်မာနိုင်ငံရေးအခြေအနေ မတိုးတက်၊ မပြောင်းလဲနိုင်သေးသရွေ့ ဒုက္ခသည်များ ရှိနေအုံးမည်ဖြစ်သည်။

ကရင်နီအမျိုးသားဖြစ်ကြသော နယ်စပ်ရှိဒုက္ခသည်များသည် အမိမြေကို ချစ်ခင်၊ မြတ်နိုး၊ တွယ်တာသူများ ဖြစ်ကြမည်ဟု ယုံကြည်ပါသည်။ ကိုယ့်မွေးရပ်မြေမှာ ကိုယ်ပိုင်ဆိုင်သော လယ်ယာမြေ၊ အိုးအိမ်များကို စွန့်လွတ်ပြီး ထွက်ခွါ သွားမည့်ဖြစ်ရပ်မျိုးကို ဘယ်သူမဆို လွယ်လွယ်နှင့် ဆုံးဖြတ်နိုင်ကြမည်မထင်ပါ။ လှောင်ချိုင်းထဲက ဒုက္ခသည်စခန်းကနေ နေ့ချင်း၊ ညချင်း အိမ်ပြန် ချင်သော်လည်း ပြန်၍ မရသေးသည့်အဆုံး ကိုယ့်တိုင်းပြည်နှင့်ပို၍ ဝေးသောနေရာဒေသတခုဆီကို ဆက်လက်ထွက်ခွါရာ ဒုက္ခသည်များက စောင့်ဆိုင်းရင်းနှင့်။


No comments: