ရဲနည်
သံဃာတော်များ၊ လူမှုရေးလုပ်ငန်း လုပ်ဆောင်နေသူများ၊ ရှေ့နေများနှင့် အမျိုးသမီးများ အပါအဝင် မြန်မာ့ ဒီမိုကရေစီ အရေးအတွက် ကြိုးပမ်း လှုပ်ရှား နေသူများကို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခြင်း၊ ဝေးလံသော အရပ်များသို့ ရွှေ့ဆိုင်းထောင်ချခြင်းများ ပြုလုပ်လိုက်ခြင်းက စစ်အစိုးရအနေနှင့် မြန်မာပြည် ကောင်းရာ ကောင်းကျိုးအတွက် ဆောင်ရွက်နေသူများကို နောက်ဆုံး စော်ကားလိုက်ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြည်သူလူထုကို စစ်အစိုးရ၏ လမ်းပြမြေပုံ ၇ ချက်အား ဖိအားပေး ထောက်ခံ ခိုင်းကာ ငြိမ်းချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး တည်ဆောက်မည်ဟု ပြောနေရင်းက ဒီမိုကရေစီအရေး ဆောင်ရွက်နေသူများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်သည့်အပေါ် နိုင်ငံတကာ အသိုင်းအဝန်း၏ တုန့်ပြန်ချက်က အားနည်းလျော့ပါးလွန်းလှသည်။
ယခင်တပတ်က ကျင်းပခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးတွင် မြန်မာပြည် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်၍ ကြေညာချက်တစောင် ထုတ်ပြန်နိုင်ခဲ့သော်လည်း ယင်းကြေညာချက်အတွက် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၈၉ မဲ၊ ကန့်ကွက်မဲ ၂၉ နှင့် ကြားနေ ၆၃ မဲ ရရှိခဲ့ သည်ကိုကြည့်ခြင်းဖြင့် မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာမိသားစုက ခိုင်မာ ညီညွတ်သည့် ရာဇသံ ပေးနိုင်ခြင်း မရှိကြောင်း ပြညွှန်းနေသည်။
တချိန်တည်းတွင် အာဆီယံ ဒေသတွင်းနိုင်ငံများသည်လည်း မြန်မာစစ်အစိုးရ၏ လတ်တလော ဖမ်းဆီး ထောင်ချမှုများနှင့် ပတ်သက်၍ ရေငုံနှုတ်ပိတ်နေသည့်ပြင် အိမ်နီးချင်း ၂ နိုင်ငံဖြစ်သည့် တရုတ်နှင့် အိန္ဒိယ နိုင်ငံများကလည်း မြန်မာပြည် ဒီမိုကရေစီအရေးကို ထောက်ခံဖို့ နေနေသာသာ ၎င်းတို့၏ အကျိုးစီးပွား အတွက် စစ်အစိုးရနှင့် ပူးပေါင်းခွင့်ရရေးကိုသာ ကြိုးပမ်းနေကြသည်။
တရုတ်ပြည်က လာမည့် ၂၀၀၉ တွင် ရခိုင်ပြည်နယ်မှတဆင့် ယူနန်ထိ ရေနံပိုက်လိုင်း တည်ဆောက် တော့မည် ဖြစ်ကြောင်း သတင်းများထုတ်ပြန် ထားပြီးဖြစ်သည်။ တချိန်တည်းတွင် အိန္ဒိယကလည်း ယခုအခါ စစ်တွေ ဆိပ်ကမ်း တည်ဆောက်ရန် ကံထရိုက်စာချုပ်ချုပ်ဆို ပြီးပြီဖြစ်သည်။
အမေရိကန်နှင့် ဥရောပနိုင်ငံများက မြန်မာစစ်အစိုးရကို စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ပြုလုပ်သည် ဆိုသော်လည်း အမေရိကန် အိမ်ဖြူတော်အနေနှင့် လတ်တလော မြန်မာ့အရေးကို လှည့်ကြည့်နိုင်မည့် အနေအထား မရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ရင်ဆိုင်နေရသည့် ကမ္ဘာ့စီးပွားပျက်ကပ် ကိစ္စ ဖြေရှင်းရန်၊ အစိုးရသစ်အပ်နှင်းရန်နှင့် အာဖဂန်နစ္စတန်နှင့် အီရတ် ပြဿနာများဖြေရှင်းရေးက ပိုမို အရေးကြီး သည့်ကိစ္စရပ်များ ဖြစ်နေပေသည်။
မည်သို့ပင်ဖြစ်စေ အမေရိကန်အခြေစိုက် မြန်မာပြည် လူ့အခွင့်အရေးရရှိရေးအတွက် လှုံ့ဆော် မဲဆွယ် နေသူများကမူ အမေရိကန်သမ္မတသစ် အိုဘားမားနှင့် ၎င်း၏ အစိုးရသစ်အနေနှင့် နိုင်ငံခြားရေး မူဝါဒကို ဦးစားပေးလုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။ ထိုကိစ္စရပ်ကိုတော့ စောင့်ကြည့်ရဦးမည် ဖြစ်ပါသည်။
သို့ရာတွင် နိုင်ငံရေးကျွမ်းကျင်သူများ ဆိုသည့် ပညာ့အိုးကွဲများကတော့ “ဘာမှမရှိတာထက်စာရင် တခုခု ရှိတာက ပိုကောင်းပါတယ်” ဟူ၍ စိတ်ပျက်စရာ ပြောဆိုနေဆဲဖြစ်သည်။ ထိုသူတို့၏ ပြောဆိုမှုများက မြန်မာပြည်ကြီး အမှောင်မိုက်ဆုံး ကာလကို ချဉ်းကပ်နေပြီဟု ညွှန်ပြနေသည့်အလားပင်။
သူတို့ကပဲ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို အနှစ် ၂၀ အတွင်း မဟာဗျူဟာကျသော ကျဆုံးမှုကို ဆောင်ကျဉ်းခဲ့သူများဟု ပြင်းပြင်းထန်ထန် ဝေဖန်ကြပြန်သည်။
ထိုပညာ့အိုးကွဲများက ၂၀၁၀ ရွေးကောက်ပွဲကို ဖြတ်သမ်းကာ စစ်ဗိုလ်ချုပ်များချမှတ်ထားသည့် အခြေခံ ဥပဒေသစ်အောက်၌ အောင်မြင်သည့် အခွင့်အလမ်းတခု ပွင့်နိုင်သည်ဟု ယုံကြည်နေကြသည်။
အမှန်က နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များမှာ ပြည်သူလူထုကို အာဏာခွဲပေးဖို့ နေနေသာသာ ၎င်းတို့ အချင်းချင်းပင် ခွဲဝေယူရန် မလောက်မင ဖြစ်နေဆဲရှိသေးသည်။
တချိန်တည်းတွင် လက်တွေ့ကျသူများဟု မိမိကိုယ်မိမိ ပြောနေသူများကလည်း မြန်မာ့နိုင်ငံရေးကို အတွင်း နှင့် အပြင် ဟူ၍ ခွဲခြားကာ ပြည်ပ (အပြင်) မှ အတိုက်အခံများကို စစ်အစိုးရအပေါ်ဝေဖန်ရုံသာ တတ်နိုင်ပြီး ပြည်တွင်း (အတွင်း) ရှိ ပြည်သူလူထု နေ့စဉ်ခံစားနေရသည့် ဝေဒနာများကို အဖြစ်မှန်အတိုင်း မသိရှိသူများ ဟု စွပ်စွဲပြောဆို နေပြန်သည်။
သေချာသည်ကတော့ လတ်တလော ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရသည့် ဒီမိုကရေစီအရေး ကြိုးပမ်းသူ တို့ကသာ အတွင်း နှင့် အပြင် ဟူသော ဝေါဟာရများကို အမှန်တကယ် သိရှိသူများ ဖြစ်ပေလိမ့်မည်။ တနေ့တနေ့ မှောင်မိုက်စိုစွတ် ညစ်ပတ်ပေရေလှသော ကြိုးတိုက်ခန်းထဲတွင် နိုးထကာ အချိန်များစွာကို ကျော်ဖြတ်နေရသည့် သူတို့လောက် အတွင်းနှင့်အပြင် ခြားနားချက်ကို မည်သူမှ သိနိုင်လိမ့်မည် မဟုတ်ပေ။
လက်ရှိအခြေအနေအရ ရွေးစရာလမ်းလုံးဝမရှိ။ နိုင်ငံရေးအရ လမ်းပိတ်နေသည့် ယခု အနေအထားတွင် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်း အဖြေရှာခြင်းကသာ တခုတည်းသော ဖြေရှင်းရန်နည်းလမ်းဟု မြင်ပါသည်။
မြန်မာပြည်သူလူထုက ဒီမိုကရေစီ အရုဏ်ဦးကို မနက်ဖြန်တွင် မြင်ရလိမ့်မည်မဟုတ် ဆိုသည်ကို နားလည် ထားပြီးဖြစ်သည်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာအိုဟေးကင်တနာ၏ စကားအတိုင်း ပြောရလျှင် “ဒီမိုကရေစီဆိုတာ တညတည်းနဲ့ ရနိုင်တဲ့အရာမဟုတ်ဘူး။ မျိုးဆက်နဲ့ချီပြီးကို စောင့်ရမှာ” ဟု ဆိုရမည် ဖြစ်သည်။
ယနေ့အချိန်တွင် ငယ်ရွယ် နုပျိုပြီး ဥာဏ်ပညာနှင့်ပြည့်စုံသော မျိုးဆက်သစ် ခေါင်းဆောင် များကို ကမ္ဘာက အလိုရှိနေသည်မှာ အမေရိကန်သမ္မတ အိုဘားမားက သက်သေဖြစ်သည်။ “အပြောင်းအလဲ” ဆိုသည့် စကားလုံးကိုလည်း ကမ္ဘာ့လူထုက မျှော်လင့်တကြီးဖြင့် ပြောဆိုနေကြပြီ။
သို့ရာတွင် မြန်မာပြည်၏ မျိုးဆက်သစ် ခေါင်းဆောင်ဖြစ်သင့်သူများကတော့ လမ်းမပေါ်တွင် အသတ်ခံရ၊ နှစ်ရှည် ထောင်ချခံရ၊ ထွက်ပြေး တိမ်းရှောင် ပုန်းခိုရနှင့် ရုန်းကန်နေရဆဲ ဖြစ်သည်။
ထိုသို့ ပြင်းထန်သော ထောင်ဒဏ်များ ချမှတ်ခံရသည့်တိုင်အောင် ထိုသူတို့က လုံးဝ ဒူးထောက် အရှုံးပေး လိမ့်မည်မဟုတ်ပေ။ စစ်အစိုးရ၏ တရားရုံးက ထောင်ဒဏ် များချမှတ်ပြီးချိန်တွင် ၆၅ နှစ် ထောင်ဒဏ် သတ်မှတ်ခံရသူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုမင်းဇေယျက မကြောက်မရွံ့ ကြွေးကြော်ခဲ့သည်ကို အားလုံးသိပြီး ဖြစ်သည်။
“၆၅ နှစ်ထဲလားကွ” ဟု သူ ကြွေးကြော်ခဲ့ပြီ။
ကမ္ဘာကြီးက အရှေ့သို့ရွေ့လျားနေပါသည်။ လူသားအားလုံး မိမိလုပ်ဆောင်စရာ ရှိသည်တို့ကို နေ့စဉ် လုပ်ဆောင်နေရပါလိမ့်မည် …။ သို့သော် ရဲရင့်ကာ သတ္တိနှင့် ပြည့်စုံသော အကျဉ်းကျခံနေရသည့် မြန်မာနိုင်ငံ ကောင်းရာကောင်းကျိုးအတွက် ဆောင်ရွက်နေသူများကိုတော့ မမေ့မလျှော့သင့်၊ ထို့ပြင် မှောင်ပိန်းသော နံရံလေးဘက်အလယ်တွင် သူတို့ကို သေဆုံးခွင့် မပြုသင့်ဟု ဆိုချင်ပါသည်။
No comments:
Post a Comment