Tuesday, November 25, 2008

နအဖစစ်တပ်ထဲ မ၀င်ချင်သည့် ပြည်သူ့စစ်အဖွဲ့ နယ်စပ်သို့ ထွက်ပြေး

သျှမ်းသံတော်ဆင့်

နအဖစစ်တပ် မ၀င်ချင်သော သျှမ်းပြည်မြောက်ပိုင်း မိုင်းယယ်ပြည်သူ့စစ် လောမားအဖွဲ့မှ တပ်ဖွဲ့ဝင်များ အခြား ဒေသသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြကြောင်း နယ်စပ်ရောက် ပြည်သူ့စစ် တပ်ဖွဲ့ဝင် တစ်ဦးက ပြောပြသည်။

လားရှိုး- တန့်ယန်း ကားလမ်း တောင်ဘက်၊ မိုင်းယယ်မြို့ မြောက်ဘက်ရှိ မိုင်းဟ- မိုင်းဟဲန်း အုပ်စုအခြေစိုက် ဦးလောမား ဦးဆောင်သော ပြည်သူ့စစ်အဖွဲ့ထံမှ တစ်လ- ပြည်သူ့စစ် အယောက် ၂၀ နအဖစစ်တပ်က တောင်း သဖြင့် နအဖစစ်သား မလုပ်ချင်ဘဲ ထွက်ပြေးကြသူ တနေ့တခြား များလာကြောင်း မိသားစုနှင့်အတူ နယ်စပ်သို့ ထွက်ပြေးလာသည့် အသက် ၂၅ နှစ်အရွယ် ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးကပြောသည်။

“ကျနော် ၄ နှစ် ပြည်သူ့စစ် ၀င်ခဲ့ရတယ်။ ဒီတစ်နှစ် နှစ်နှစ်အတွင်းမှာ ဌာနချုပ်က အဖွဲ့ဝင်တွေကို ဆင့်ခေါ်ပြီး လတိုင်း နအဖစစ်တပ်ကို ပို့ပေးတယ်။ အစကတော့ ဌာနချုပ်ပြန်ရမယ်၊ အခွင့်ထူးရတော့မယ်ဆိုပြီး ဆင့်ခေါ်ခံရတဲ့ လူတွေက ပျော်ကြတယ်။ ဌာနချုပ်ရောက်တော့ နအဖစစ်တပ်ကို အပို့ခံရတော့တာဘဲ။ ဘယ်သူမှ မသွားချင်ကြဘူး။ ဘာလို့လဲဆိုတော့ လောမားပြည်သူ့စစ် အဖွဲ့ဝင်တွေက သျှမ်းလူမျိုးများတယ်။ နအဖစစ်တပ်ကို ရောက်သွား ရင်လည်း ရှေ့တန်းထွက်ခိုင်းရင် သျှမ်းတွေကိုဘဲ ပြန်သွားတိုက်ရမယ်ဆိုတာ့ ကိုယ့်အချင်းချင်း တိုက်နေရင် မထူးဘူးလေ။ ကျနော်လည်း နအဖစစ်တပ်ထဲ မ၀င်ချင်လို့ မိသားစုခေါ်ပြီး ဒီဘက်ကို ထွက်လာတာ” ဟု ပြောပြ သည်။

ပြည်သူ့စစ်အဖွဲ့ဟုသာ ဆိုသော်လည်း ကိုယ်ပိုင် ဆုံးဖြတ်ချက် မရှိကြောင်း နအဖအာဏာပိုင်တို့အလို လိုက်လျော ပေးနေရကြောင်းကို ၎င်းက ဆက်ပြောပြသည်။

“ မိုင်းဟ-မိုင်းဟဲန်းက ဦးလောမားအဖွဲ့ ပြည်သူ့စစ်ရော၊ မန်ပန်ဌာနေပြည်သူ့စစ် ဗိုလ်မွန်းအဖွဲ့ရော ဘာကိုယ်ပိုင် ဆုံးဖြတ်ချက်မှမရှိဘူး။ နအဖစစ်တပ်က ခိုင်းသမျှ လိုက်လုပ်ရတာဘဲ။ လက်နက်ကိုင်နေလဲဘာမှ မထူးဘူး။ ကျနော် တို့အဖွဲ့ထဲက ထွက်ပြေးတဲ့ လူတွေ အများကြီးဘဲ” ဟု ဆို၏။

၎င်းငယ်စဉ်က ဖခင်ဖြစ်သူအား နအဖစစ်ကြောင်း တစ်ကြောင်းက ရိုက်နှက် ကန်ကျောက်ခဲ့သည်ကို မျက်မြင်တွေ့ ရသဖြင့် မတရားသော စစ်အုပ်စုကို တိုက်ချင်သောကြောင့် နီးစပ်ရာ လက်နက်ကိုင်တပ်ဖွဲ့သို့ ၀င်ရခြင်း ဖြစ်ကြောင်း ကိုလည်း ဤကဲ့သို့ ဆက်ပြောပြသည်။

“ကျနော်ငယ်ငယ် ကျနော့်အဖေကို ဗမာ့တပ်မတော် စစ်ကြောင်းက ရိုက်နှက်ကန်ကျောက်လို့ ကျနော့်အဖေ နံရိုး ကျိုးပြီး ဆုံးသွားတယ်။ ကျနော်က ဗမာ့တပ်မတော်ကို တိုက်ချင်တာ။ ဒါကြောင့် ကျနော်နဲ့နီးစပ်တဲ့ ဦးလောမား ပြည်သူ့စစ် တပ်ထဲဝင်တာ။ ဒါပေမဲ့ တခါမှ ဗမာ့တက်မတော်ကို မတိုက်ခဲ့ရဘူး။ အခုလည်း ကျနော်မုန်းတဲ့ စစ်တပ်ထဲ ထပ်ဝင်ရမယ်ဆိုတော့ ပိုဆိုးတာပေါ့။ ဗမာစစ်တပ်ထဲ ရောက်သွားရင် (၁) ဗမာစကား ကောင်းကောင်းနား မလည်လို့ အနှိမ်ခံရမယ်။ (၂) ပြောမှားဆိုမှား ရှိခဲ့ရင် ရိုက်နှက်ကန်ကျောက် ခံရမယ်။ ကျနော်ခံနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ထွက်ပြေးတာ” ဟု ဆို၏။

အဆိုပါ နယ်စပ်သို့ထွက်ပြေးလာသော အမည်မဖော်လိုသူ ဦးလောမား ပြည်သူ့စစ်အဖွဲ့ဝင်သည် လက်နက်ကိုင်၍ နိုင်ငံရေး အမျိုးသားရေး မလုပ်ရသဖြင့် ၄ နှစ်တာ အချိန်ဆုံးခဲ့ရကြောင်း၊ ထို့ကြောင့် ထိုင်းသို့ဝင်၍ ရရာကျပန်း အလုပ်လုပ် လုပ်ကိုင်စားသောက်ဖို့ ဆုံးဖြတ်ထားကြောင်း ၎င်းက ပြောပြသည်။

ဦးလောမား (မာကော်ဝိန်)၏ ပြည်သူ့စစ်အဖွဲ့သည် ၁၉၉၆ က ဦးခွန်ဆာ၏ MTA လက်နက်ချတပ်ဖွဲ့မှ အချို့ ဖြစ်ပြီး၊ လက်နက်ကိုင်ကာ သောင်းကျန်းသူ ဆန့်ကျင် တိုက်ဖျက်ရေးအဖွဲ့မှ မိုင်းဟ ပြည်သူ့စစ်အဖွဲ့အဖြစ် ပြန်လည် ရပ်တည်ခဲ့သည်။ မိုင်းယယ်မြို့နယ် မိုင်းဟအုပ်စု၌ အခြေချနေထိုင်ပြီး ဦးလောမားအဖွဲ့ဟုသာ လူသိများ ကြသည်။


No comments: