Tuesday, November 25, 2008

နိုင်ငံရေးပါတီထောင်ဖို့ စဉ်းစားမည်ဟု ၀ အကြီးအကဲပြော

သျှမ်းသံတော်ဆင့်

ယခင် တောင်ပိုင်း အပစ်ရပ်ဝ တပ်ဖွဲ့အကြီးအကဲ ဦးပေါက်ယူရီး မြောက်ပိုင်းပန်ဆန်းမှ တောင်ပိုင်း ၀တပ်ဖွဲ့ ဟွေ့အော့်၊ မိုင်းကဋ္ဌတ်တပ်စခန်းသို့ဆင်းလာစဉ် စစ်တပ် အစည်းအဝေးတွင်၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ နိုင်ငံရေးပါတီ ထောင်ဖို့ စဉ်းစားမည့်အကြောင်း၊ လက်နက်တော့ လုံးဝ ချမည် မဟုတ်ကြောင်း ပြောသွားသည်ဟု နယ်စပ်သတင်း ရပ်ကွက်က ဆိုပါသည်။


၀၀၁- (ယခင်) တောင်ပိုင်း အပစ်ရပ်ဝ တပ်ဖွဲ့အကြီးအကဲ ဦးပေါက်ယူရီး UWSA အပစ်ရပ်ဝတပ်ဖွဲ့ ဥက္ကဌ ပေါက်ယူချန်၏ အစ်ကို- ဦးပေါက်ယူရီးအား တောင်ပိုင်းမှ အရာရှိများ၊ အကြီးအကဲများက ၁၅ ရက်နေ့ကတည်းက ဟွေ့အော့်သို့ လာရောက်စောင့်ဆိုင်း ကြိုဆိုနေခဲ့ကြသည်။ ၁၇ ရက်နေ့တွင် စစ်တပ်အစည်းအဝေး လုပ်ခဲ့ကြပြီး ၁၈ ရက်နေ့မှ မိုင်းကုတ်သို့ ဆက်သွားကာ ဒေသခံလူထုနှင့် ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့သည်ဟုဆို၏။ ၁၉ ရက်နေ့ မိုင်းဆတ်မြို့နယ် ၀မ့်ဟုန့် ဌာနချုပ်သို့ ပြန်သွား၏။

“၁၇ ရက်နေ့ စစ်တပ် အစည်းအဝေးမှာ ပေါက်ယူရီးက ‘၂၀၁၀ ရွေးကောက်ပွဲ ၀င်ဖို့အတွက် နိုင်ငံရေး ပါတီထောင်ဖို့ စဉ်းစားမယ်။ လက်နက်တော့ လုံးဝမချဘူး’ လို့ပြောတယ်။ ဆိုတော့ မိုင်းလားအဖွဲ့လေသံနဲ့ သွားတူနေတယ်။ နအဖ အာဏာပိုင်တွေနဲ့ ငြိမ်းအဖွဲ့တွေ ဘယ်လို လျှို့ဝှက် အချိတ်အဆက် နားလည်မှုတွေရှိမလဲ ကျနော်တို့ မသိရဘူးလေ။ အပစ်ရပ် SSA မြောက်ပိုင်းလဲ ဒီပုံစံအတိုင်းဘဲ သွားမယ် ထင်ရတယ်” ဟု ထိုင်းနယ်စပ်တနေရာမှ သျှမ်း အမျိုးသားရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။

၁၆ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း ဟွေ့ အော့် ၀တပ်စခန်းတွင် လည်းကောင်း၊ ၁၈ ရက်နေ့ မိုင်းကုတ်သို့ လည်းကောင်းသို့ ရောက်ရှိပြီး လာရောက်ကြိုဆိုကြသော ဒေသခံ လူထုအား တွေ့ဆုံစဉ်-

“စစ်သားနဲ့အရပ်သား အလုပ်ကို ခွဲဝေလုပ်သွားဖို့၊ စစ်သားတွေ စစ်မှုထမ်းဖို့ ရှိတဲ့အတွက်၊ အရပ်သားတွေ စိုက်ပျိုးရေး လုပ်ငန်း လုပ်သွားဖို့ စတာတွေပေါ့။ နောက်တစ်ခု သူမှာသွားတာက အိမ်ထောင်သည်တွေ တစ်မိသားစုမှာ သားယောက်ျားလေး ၁၀ ယောက်မွေးရင် တိုက်တစ်လုံး၊ ကားတစ်စီး ဆုချမယ်။ အဖွဲ့အစည်းကနေ မိသားစုစား ၀တ်နေရေးအတွက် တစ်သက်လုံး တာဝန်ယူပေးမယ်- လို့ တိုက်တွန်း ပြောသွားတယ်”ဟု ပြောကြားကြောင်း ဆွေးနွေးပွဲ တက်ရသူ တစ်ဦးက ပြောပြသည်။

သားယောက်ျားလေး မွေးခိုင်းခြင်းမှာ အဖွဲ့အစည်း လုပ်ငန်း တာဝန်များကို ကူညီ ထမ်းဆောင်စေလိုခြင်း ဖြစ်သည်ဟု ဆို၏။

ယခင်က သျှမ်းပြည် အရှေ့တောင်ပိုင်း မိုင်းတုံ မိုင်းဆတ်မြို့နယ် ထိုင်းနယ်စပ်တလျှောက် တပ်ရင်းတပ်မဟာ အများစုအပေါ် ပေါက်ယူရီးက တာဝန်ယူ ထိန်းချုပ်ခဲ့သော်လည်း ယခုနောက်ပိုင်း ဝေ့ရှော်ကန်းက အစားထိုး ဦးစီးကွပ်ကဲ ထိန်းချုပ်နေသည်ဟု သတင်းများက ဆိုသည်။ သို့သော် ဝေ့ရှော်ကန်း ကိုယ်နှိုက်မှာလည်း ပေါက်ယူရီးကဲ့သို့ ပန်ဆန်း၌သာ အနေများသဖြင့် ညီဖြစ်သူဝေ့ရှော်ယင်က နေ့စဉ်လုပ်ငန်းများကို တာဝန်ယူထားသည်ဟု ကြားသိရသည်။


No comments: