Tuesday, November 18, 2008

ခလရ (၃၁) မှ ရွာသားနှစ်ဦးအား ကွပ်မျက်

အာကာ

မွန်ခွဲထွက်ရေးအဖွဲ့နှင့် အဆက်အသွယ်ရှိသည်ဟူသော သံသယဖြင့် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နယ်ခွဲရှိ ရွာသားနှစ်ဦး ဖမ်းဆီးနှိပ်စက်ခံရပြီး အဆုံးစီရင်ခြင်းကို ခံကြရသည်ဟု ရေးမြို့နယ်တောင်ပိုင်းရှိ ရွာသားများက ပြောသည်။

၎င်းတို့၏ ပြောပြချက်အရ အသတ်ခံရသူ နှစ်ဦးမှာ အလုပ်ရှင်နှင့် အလုပ်သမားတို့ ဖြစ်ကြပြီး ကဗျာဝရွာမှ ဖြစ်သည်၊ ၄င်းအလုပ်သမားမှာ ရန်ကုန်တိုင်းဘက်မှ ဖြစ်၍ ထားဝယ်အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျပြီး လွန်ခဲ့သည့် ၂-၃ နှစ်ကပင် ဤကဗျာဝရွာ၌ လာရောက်လုပ်ကိုင်စားသောက် နေထိုင်သူဖြစ်ကြောင်း ပြောသည်။

လွန်ခဲ့သည့် တန်ဆောင်မုန်းလဆန်း (၁၁) ရက် (၈၊ ၁၁၊ ၂၀၀၈) တွင် အလုပ်ရှင်နှင့် အလုပ်သမား အချင်းများကြပြီး အလုပ်သမားမှာ အရက်မူး၍ ၄င်း၏အလုပ်ရှင်မှာ သူပုန်အဖွဲ့နှင့် အဆက်အသွယ်ရှိသူဖြစ်ကြောင်း ထိုအလုပ်ရှင်၏အိမ်တွင် လက်နက်ခဲယမ်းမီးကျောက်နှင့် လက်ပစ်ဗုံးများရှိကြောင်း အရက်ဝိုင်းနှင့် ရပ်ရွာကြားတွင် ဖွင့်ဟပြောဆိုခဲ့သည်။

ထိုအလုပ်သမား၏ဖွင့်ဟပြောဆိုချက်ကို ကဗျာဝရွာတွင် တာဝန်ကျနေသော ခလရ (၃၁) မှ ဗိုလ်ကြီးဟန်ဝင်းကျော်မှ ကြားသိရပြီးနောက် ထိုနေ့၌ပင် အလုပ်ရှင်အိမ်သို့ သွားရောက်စစ်ဆေး မွှေနှောက်ခဲ့သည်။ သို့သော် လက်နက်ခဲယမ်းမီးကျောက် တစ်စုံတစ်ရာ မတွေ့ရှိ၍ အလုပ်ရှင်နိုင်မောင်အေး (၄၁-နှစ်)၊ ဇနီး မိချမ်းရီ (၅၀-နှစ်)၊ နှင့် ၄င်းအလုပ်သမားတို့ကို ဖမ်းဆီးပြီး ရင်ကမ်းဆူးခက်ဖြင့် ရိုက်နှက်နှိပ်စက်ကာ စစ်ဆေးခဲ့သည်။

မိချမ်းရီအား ပြန်လည်လွှတ်ပေးခဲ့သော်လည်း နိုင်မောင်အေးနှင့် ၄င်း၏အလုပ်သမားကို ရွာအရှေ့ဘက်ရှိ (ဒုႝခဗဲု) ဘန့်ဘွေးကုန်းထက်သို့ ခေါ်ဆောင်သွားပြီး မွန်ခွဲထွက်အဖွဲ့နှင့် တိုက်ပွဲဖြစ်သည့်သဏ္ဍာန် လက်နက်ဖောက် အမြှောက်ပစ်ပြီး ၄င်းအလုပ်သမားကို ထိုနေရာ၌ အဆုံးစီရင်ခဲ့သည်။

အလုပ်ရှင်အား ဆက်လက်ဖမ်းဆီးထားပြီး ယင်းရဲကျေးရွာသို့ ခေါ်ဆောင်သွားကြောင်း၊ တန်ဆောင်မုန်းလဆန်း (၁၄)ရက် (၁၁၊ ၁၁၊ ၂၀၀၈) တွင် တိုးတက်ရွာသစ်နှင့် ယင်းရဲကျေးရွာအကြားရှိ တောင်ထက်၌ တိုက်ပွဲဖြစ်သည့်သဏ္ဍာန် ဟန်လုပ်ပြီး နိုင်မောင်အေးအား ၎င်း၏အလုပ်သမားနည်းတူ သတ်ဖြတ်ခဲ့ကြောင်း ကဗျာဝရွာသားတစ်ဦးက ပြောသည်။

''နိုင်မောင်အေးဟာ ခြံလယ်လုပ်ကိုင်သူတစ်ယောက်ပါ၊ လူကောင်းတစ်ယောက်ပဲ၊ သူတို့သတ်ပြီးသူတို့လက်ချက် မဟုတ်သလိုလို၊ ရွာမှာသတင်း လွှင့်ထားတာက တိုက်ပွဲမှာ သူပုန်ကိုဖမ်းမိပြီး သတ်လိုက်တာတဲ့'' ဟု၎င်းကဆိုသည်။

ရင်ကမ်းဆူးခက်ဖြင့် ရိုက်နှက်နှိပ်စက်ခံရခြင်းကြောင့် မိချမ်းရီမှာ ၄င်း၏ဒဏ်ရာကို ၄င်းရွာ၌ပင် ဆေးကုသမှု ခံယူနေရကြောင်း၊ ဆေးရုံ၌ ဆေးကုသမှု ခံယူလိုသော်လည်း ရွာရှိစစ်သားများက ၄င်းတို့၏လုပ်ရပ်များပေါ်လွင်မည်စိုး၍ ရွာပြင်ထွက် ဆေးကုသခွင့် ပိတ်ထားကြောင်း ရွာသားများက ပြောသည်။

ရေးမြို့နယ်တောင်ပိုင်း တာဝန်ကျစစ်တပ်များ၏ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ၂၀၀၁ ခုနှစ်မှစ၍ မွန်ပြည်သစ်ပါတီ စစ်မှုထမ်းဟောင်း၊ ဆေးတပ်သားနှင့် ရွာသား ၁၅ ဦးခန့် သူပုန်နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲခံရပြီး ကွပ်မျက်ခံခဲ့ရသည်။ ရာပေါင်းများစွာသော ရွာသားများမှာလည်း အဓမ္မငွေကြေးကောက်ခံခြင်း၊ လုပ်အားပေးစေခိုင်းခြင်း၊ တစ်နေကုန်နေပူလှန်းခြင်း၊ ကိုယ်လက်အင်္ဂါလှီးဖြတ်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်း အမျိုးမျိုးကို ခံကြရသည်။


No comments: