Wednesday, November 19, 2008

၂၀၀၈ ခုနှစ်အတွင်း ကုန်တင်ယာဉ် ဖောက်ထွင်းမှုပိုများ

NEJ/ ၁၉ နိုဝင်ဘာ ၂၀၀၈

ကုန်တင်ယာဉ်များပြေးဆွဲသည့် လမ်းများမကောင်းသည့်အတွက် ကုန်တင်ယာဉ်များ လုံခြုံရေးအတွက် အန္တရာယ်ရှိနေကြောင်း ဘုရင့်နောင် အဝေးပြေး ကုန်စည်ဒိုင်လုပ်ငန်းရှင်များက ပြောသည်။

ပြီးခဲ့သည့် ၂၀၀၇ ခုတွင် ကုန်တင်ယာဉ်များအား ဖောက်ထွင်းခိုးယူမှုများ ဖြစ်ပွားခဲ့ပြီး ယခုနှစ်၂၀၀၈ ခုတွင် ပိုများလာကြောင်း လုပ်ငန်းရှင်များက ပြောသည်။

“ကုန်တင်ယာဉ်တွေ အသွားအလာများတာက အမှတ် (၃) လမ်းမကြီးနဲ့ အမှတ် (၄) လမ်း မကြီးဖြစ်တယ်။ အဲဒီလမ်းတွေက လမ်းလုံးဝမကောင်းတဲ့အတွက် ဖောက်ထွင်းခိုးယူသူတွေ အတွက် အခါကောင်း၊ အခွင့်အရေးကောင်းကို ဖန်တီးပေးသလို ဖြစ်နေတယ်။ ရန်ကုန်က ထွက်တာနဲ့ လမ်းကဆိုးနေပြီ။ အခုတော့ အမှတ် (၃) လမ်းမကြီးကို ပြင်နေတာတွေ့ ပါတယ်။ အမှတ် (၄) လမ်းကတော့ ဘယ်တော့မှ ပြင်မလဲဆိုတာ မသိရသေးဘူး” ဟု ကုန်စည်ဒိုင်တခု၏ အမည်မဖော်လိုသူ ဂိတ်ပိုင်ရှင်တဦးက ပြောသည်။

ယင်းသို့ ဖောက်ထွင်းခိုးယူမှုခံရသော အဝေးပြေးကုန်တင်ယာဉ် (၁၂) ဘီးကားကြီးတစ်ီး၏ ယာဉ်မောင်းတဦးက “ကျနော်တို့ ကားတွေမှာတင်တဲ့ ကုန်တွေကို မြန်မာပြည်အနှံ့ ပိုနေရတာ ဗျ။ အဲဒီအခါ ကားဒရိုင်ဘာတဦးရယ်၊ ကားစပယ်ယာတဦးရယ်နဲ့ နောက်တယောက်ပါတယ်၊ (၃) ယောက်တော့ ပါတယ်ပေါ့ဗျာ။ ရန်ကုန်ကအထွက် ပဲခူးမရောက်ခင် လမ်းကြားမှာ လမ်းဆိုးတဲ့အတွက် ကားကို ဖြည်းဖြည်းမောင်းရတယ်။ အဲဒါကို ဒီကောင်တွေက အခွင့်အရေးယူပြီး ကားပေါ်ကို လမ်းကစောင့်နေပြီး ဖောက်ထွင်းတာပေါ့ဗျာ။ ကျနော်တို့က ဖြစ်စဉ်တွေတိုင်း တိုင်တန်းနေရရင်လည်း ဒါနဲ့ပဲ အချိန်ကုန်မှာမို့ မတိုင်တာတွေ ရှိပါတယ်။ တချို့ကျတော့ တိုင်တယ်။ တိုင်တဲ့အခါတော့ အဝေးပြေးကုန်စည်လုပ်ငန်းရှင်များအသင်း ဆိုတာကို တိုင်ပါတယ်။ သူတို့အသင်းကတော့ ဆောင်ရွက်ပေးပါတယ်” ဟု ပြောပြသည်။

အဝေးပြေးကုန်စည်လုပ်ငန်းရှင်များအသင်း၏ တာဝန်ရှိသူတဦးက “ကျနော်တို့ အသင်းဟာ ၂၀၀၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ တရားဝင် အစိုးရမဟုတ်တဲ့ အသင်းအနေနဲ့ ဖွဲ့စည်းခဲ့တာပါ။ ဒီလို ဖောက်ထွင်းတဲ့ ကိစ္စတွေအတွက်တော့ ကျနော်တို့ အသင်းက ကုန်စည်တင်ယာဉ် ဂိတ်ပိုင်ရှင်တွေ၊ ကုန်သည်တွေအတွက် ဆောင်ရွက်ပေးဖို လုပ်နေပါတယ်” ဟု ပြောသည်။

၎င်းအသင်း၏ စာရင်းမှတ်တမ်းများအရ ဖောက်ထွင်းမှု ၁၀ ခုခန့်ရှိကြောင်း၊ ၎င်းအမှုများအနက်မှ မကြာသေးခင်က ဖောက်ထွင်းသူများအဖွဲ့ ကို ဖမ်းဆီးပေးနိုင်ခဲ့ကြောင်း သိရသည်။

ဘုရင့်နောင်ကုန်စည်ပို့ဆောင်ရေး ၀င်းအတွင်းမှ မြန်မာနိုင်ငံ အနှံ့ မြို့များသို့ ကုန်စည်ပို့ နေသော ကားကြီးများမှာ တပတ်လျှင် အသွားအပြန် ခေါက်ရေပေါင်း (၇,၀၀၀) ခန့်ရှိကြောင်း မှော်ဘီနှင့် အင်းတိုင်ဂိတ်များ၏ အ၀င်အထွက် စာရင်းများအရ သိရသည်။

ကုန်တင်ယာဉ်များမှာ အမှတ် (၃) လမ်းမကြီးမှ နေပြည်တော်၊ မန္တလေး၊ ဘားအံ ၊ မော်လမြိုင်၊ ရေး၊ မြိတ်၊ ထားဝယ် စသည်ဖြင့်လည်းကောင်း၊ အမှတ် (၄) လမ်းမကြီးမှ ပြည်၊ မကွေး၊ အောင်လံ စသည့်မြို့များသို့ ကုန်များတင်ပို့ရန် မောင်းနှင်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။


No comments: