Monday, March 31, 2008

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ခရီးရှည်ချီတက်သူများ ခရီးတ၀က် ရောက်ရှိလာပြီ

Narinjara News

မောင်အေး(နိရဉ္စရာ) ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် စစ်အစိုးရမှကြီးမှုး ကျင်းပမည့် လူထု ဆန္ဒခံယူပွဲကို ဆန့်ကျင် ကန့် ကွက်သည့် အနေဖြင့် ခရီးရှည်ချီတက်လမ်းရှောက် ဆန္ဒပြသူများ ယခုအခါ ကီလိုမီတာ ၁၅၀ ကို ကျော်လွန်လာပြီ ဖြစ်ကြောင်း သိရှိရသည်။
“ဦးဇင်းတို့ စထွက်တဲ့နေ့မှာ ရဟန်းတော် ၆-ပါး လူ၇-ယောက် စုစုပေါင်း တဆယ့်သုံး ယောက်ဖြစ်တယ်။ မနေ့ကတယောက် ထပ်တိုးလာတော့ အခုတဆယ့် လေးယောက်ဖြစ် လာပြီ နောက်ထပ်လည်း စစ်တကောင်းမြို့ကိုရောက်ရင် နောက်ထပ် တိုးလာမဲ့ အခြေအနေ ရှိပါတယ်။ ဒေသခံတွေကလည်း ရောက်တဲ့ နေရာမှာ အဆင်ပြေသလို အားပေး ကြပါတယ်။”ဟု ခရီးလျှောက်ရာတွင် ပါဝင်သည့် သံဃာ့ဦးသျှောင်အဖွဲ့မှ ဆရာတော် သီလ၀ံသမှ ပြောသည်။

အဆိုပါ လမ်းလျှောက်အဖွဲ့မှာ မိုင်နှစ်ရာကျော်ခရီးကို လျှောက်နေကြခြင်းဖြစ်ကာ ယခုအခါ ၁၄၇-ကီလိုမီတာကို ကျော်လွန်လာပြီး ယနေ့“ဖဲနီ”မြစ်ကို ကျော်ဖြတ်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

လမ်းလျှောက်သည့် အဖွဲ့မှာ ဒေသခံပြည်သူများနှင့် တခြားလူပုဂ္ဂိုလ်များအပါအ၀င် အဖွဲ့စည်း အသီးသီးမှ အားပေးထောက်ခံမှုကို ရရှိနေသော်လည်း ယခုအခါ လမ်းခရီးတွင် စားသောက် ရေးအတွက် ငွေကြေးမလုံလောက်မှုနှင့် ရင်ဆိုင်နေကြရသည်။

“ကျွန်တော်တို့စထွက်တဲ့နေ့မှာ နိရဉ္စရာသတင်းဌာန အယ်ဒီတာ ဦးခိုင်မြတ်ကျော်က အမေ ရိကန်ဒေါ်လာ ၁၀၀-နဲ့ ထိုင်းနိုင်ငံရောက် ကိုကျော်ကျော်မှ ကူညီတဲ့ဒေါ်လာ၂၀၀-နဲ့ဒီခရီးကို စတင်ခဲ့တာဖြစ်ပါတယ်။ အခု လူတွေလည်း နောက်ထပ် တိုးလာတယ်။ နောက်ထပ်လည်း စစ်တကောင်း ရောက်ရင် အဲဒီမှာကျွန်တော်တို့နဲ့ ပူးပေါင်းမဲ့သူတွေလည်း ရှိတယ်ဆိုတော့ လူက ပိုများလာမယ်။ ကျွန်တော်တို့မှာလည်း ငွေကြေးက မလုံမလောက်ဖြစ်နေတယ်၊ ဘာဘဲဖြစ်ဖြစ် ပြီးဆုံး အောင်မြင်အောင်ထိ ကျွန်တော်တို့ ဒီခရီးကို ဆက်ရှောက်မယ်”ဟု ခရီးစဉ်တွင်း စားဝတ်နေ ရေး တာဝန်ယူစီစဉ်ပေးသူ ကိုဇော်လင်းမှပြောသည်။

လမ်းလျှောက်သူများမှာ မတ်လ ၂၇-ရက်နေ့ နံနက်ကိုးနာရီတွင် ဒက္ကားတက္ကသိုလ် အတွင်းရှီ ချာဟေးမီနာမှ စတင်ခြင်း ဖြစ်ပြီး ယနေ့ဆိုလျှင် ငါးရက်မြောက်ခရီးသို့ ရောက်ရှိလာပြီး လမ်းလျှောက်သူများမှာ ကျန်းကျန်း မာမာဖြင့် ရှိနေကြောင်း သိရှိရသည်။

No comments: