Sunday, March 30, 2008

နအဖ ဒုတိယ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မောင်အေး အိန္ဒိယသို့ သွားရောက် လည်ပတ်မည်

မောင်ရမ္မာ(နိရဉ္စရာ) နအဖ ဒုတိယစစ်ခေါင်းဆောင် မောင်အေးသည် မကြာမီ အိန္ဒိယနိုင်ငံသို့ တရားဝင်သွားရောက်မည် ဖြစ်ကြောင်း ယနေ့ နေပြည်တော်မှ တရားဝင် သတင်း ထုတ်ပြန်သည်။
သွားရောက်မည့်ရက်ကို တရားဝင်အသေးစိတ်ထုတ်ဖေါ်ပြောကြားခြင်းမရှိသော်လည်း ရက်အနည်းငယ် အတွင်း သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း နအဖ အရာရှိများက ပြောဆိုသည်။

မောင်အေးမှာ အိန္ဒိယနိုင်ငံ ဒုသမ္မတ မိုဟာမတ် ဟာမိအန်ဆာရီ၏ ဖိတ်ကြားချက်အရ သွားရောက်လည်ပတ်မည့် လေးယောက်မြောက် နအဖ ထိပ်ပိုင်း စစ်အရာရှိကြီး တဦးဖြစ်သည်။

အဆိုပါ ခရီးစဉ်တွင် ၂၀၀၄ ခုနှစ်က နအဖ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နယူးဒေလီသို့လာရောက်ခဲ့စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၃၀-ကုန်ကျမည့် စစ်တွေဆိပ်ကမ်း မွန်းမံတည်ဆောက်ရေးနှင့် အိန္ဒိယအရှေ့မြောက်ပြည်နယ်များသို့ ကုန်ပစ္စည်းတင်ပို့ရန် အတွက် ကုလားတန်မြစ်ကြောင်း တိုးတက်ဖွံဖြိုးရေး လုပ်ငန်းစီမံကိန်း သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးရန် မျှော်လင့်ရကြောင်း အိန္ဒိယ PTI သတင်းတပုဒ်တွင် ဖေါ်ပြထားသည်။

အလားတူ အဆိုပါ စီမံကိန်း အကောင်အထည် ဖေါ်ဆောင်ရေးကို ယခုနှစ် ဇန္န၀ါရီလ အတွင်း အိန္ဒိယ နိုင်ငံသို့ နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း သွားရောက်ခဲ့စဉ်ကလည်း တိုင်ပင်ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

ယခုနှစ် မတ်လအတွင်း နယူးဒေလီတွင် ကျင်းပသော ၁၄-ကြိမ်မြောက် နှစ်ပတ်လည် ပြည်ထဲရေး အတွင်းဝန် အဆင့် အစည်းအဝေးတွင် နအဖ ဒုတိယပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် ဖုန်းဆွေနှင့် အိန္ဒိယ ပြည်ထဲရေးအတွင်းဝန် မာဒူကာဂူပတာတို့ နှစ်နိုင်ငံအကြား အဆိုပါစီမံကိန်းအကောင်အထည်ဖေါ် ဆောင်ရေး ပိုမိုတိုးတက် ကောင်းမွန်စေရန် အတွက် ဆွေးနွေးခဲ့ကြသည်။

၂၀၀၆ မတ်လတွင် အိန္ဒိယ သမ္မတ APJ အဘဒူလ် ကာလန် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ် အဆိုပါ ကုလားတန်မြစ်ကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်း စီမံကိန်းတွင် ချင်းပြည်နယ် ပလက်ဝ နယ်စပ် ဆက်သွယ်ရေးလမ်း မြင့်တင်ရေး အတွက် အမေရိကန် ဒေါ်လာ ၁၀-သန်း တိုးချဲ့ခဲ့သည်။

အခြားတဘက်တွင်လည်း အဆိုပါစီမံကိန်းတွင် ချင်းပြည်နယ် အနောက်မြောက် ဒေသအတွင်း ရေကြောင်း လမ်းဆက်သွယ်ရေး အတွက် မရစ်ဝတွင် ဆိပ်ကမ်း ဆည်ဆောက်ရေး ကိစ္စနှင့် မီဇူရမ်နှင့် ချင်းပြည်နယ် ကားလမ်းဆက်သွယ်ရေး အစိတ်အပိုင်းနှစ်ခုလုံးကိုလည်း တိုးမြင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments: