Sunday, May 4, 2008

ဆိုင်ကလုံးနာဂစ်အပြီး မြန်မာနိုင်ငံ ဆိုင်ကလုံး ကပ်ဘေး သံတမန်ရေး

ခရစ်စတိုဖာစမစ်သ် Sunday, 04 May 2008

ချင်းမိုင်။ ။ ၂ဝဝ၄ ခုနှစ် ဒီဇင်ဘာတွင် ဖြစ်ပွါးခဲ့သော အဖျက်စွမ်းအား ကြီးမားလှသည့် ငလျင်လှုပ်မှုနှင့် ဆူနာမီ ရေလှိုင်းလုံးကြီးတို့ ရိုက်ခတ်အပြီးတွင် အင်ဒိုနီးရှားနိုင်ငံ အာချေရှိ ဆယ်စုနှစ် ၃ ခုကြာ ပဋိပက္ခမှာ နှိုင်းယှဉ်ချက်အရ လျင်မြန်စွာပင် နိုင်ငံရေးအရ အဖြေတရပ်ကို ရရှိခဲ့သည်။ ဤသို့ဖြင့် သဘာဝ ကပ်ဘေး အန္တရာယ်များသည် ပဋိပက္ခ ဖြေရှင်းအတွက် လမ်းခင်း ပေးနိုင်သည် ဟူသော အမြင်ကို ထောက်ခံသူများ စိတ်ဝင်စားသူများ များပြားလာခဲ့သည်။ သို့သော် ၂ဝဝ၄ ခုနှစ် အာချေ အဖြစ်အပျက်နှင့် ယနေ့ မြန်မာနိုင်ငံ အဖြစ်အပျက်တို့က နှိုင်းယှဉ်ကြည့်လျှင် နာဂစ်ဆိုင်ကလုံး ဝင်ရောက် ဖျက်ဆီးမှုအပြီး မြန်မာပြည်၏ ပြဿနာများကို အဆိုပါ ဆိုင်ကလုံး မုန်တိုင်းက အထောက်အကူပြု ဖြေရှင်းပေးနိုင်မည်ဟု အကောင်းဘက်က မျှော်လင့်ရမည်မှာ အလားအလာ အလွန်နည်းလှသည်။


ဤအကြောင်း အခြား လေ့လာချက် အမြောက်အမြား နှင့် disasterdiplomacy.org မှ လေ့လာချက်များကို ကြည့်လျှင် သဘာဝ ဘေးအန္တရာယ်များသည် ပြဿနာအတွက် အဖြေကို ရှာပေးသည်ထက် ပြဿနာ အဖြေရှာရေး အစီအစဉ် ပျက်ပြား သွားစေခဲ့သည်ကိုသာ သမိုင်းကြောင်းအရ ဖေါ်ပြနေသည် ဆိုသည်ကို နီးနီးကပ်ကပ် ၂ဝဝ၄ ဆူနာမီအပြီး သီရိလင်္ကာ ပြဿနာကို ကြည့်လျှင် သိနိုင်သည်။ အာချေမှာပင်လျှင် နိုင်ငံရေးအရ အဖြေတရပ် ရလာရန် အလားအလာ ရှိသည်ကိုပင် အင်ဒိုနီးရှား အစိုးရ တပ်ဖွဲ့များ (TNI) က ဆူနာမီကြောင့် ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများကို အခွင့်ကောင်းယူကာ သူ့ရန်သူများကို အကြမ်းဖက်သမားများဟု စွပ်စွဲပြီး စစ်ရေးအရ ထိုးစစ်များ ဆက်တိုက်လုပ်ခဲ့သည်။

အာချေဖြစ်ရပ်တွင် အဓိကဇာတ်လိုက်များ ဖြစ်ကြသည့် အာချေ လွတ်လပ်ရေး လှုပ်ရှားမှု (GAM) နှင့် အင်ဒိုနီးရှား အစိုးရတို့သည် တွေ့ဆုံညှိနှိုင်းရေးနှင့် ဖြန်ဖြေရေးတို့အတွက် ဆူနာမီ မလာခင်ကပင် စတင်နေခဲ့ပြီး ဖြစ်သည်။ ၂၆ ဒီဇင်ဘာ ၂ဝဝ၄ ခုနှစ် ဆူနာမီ လှိုင်းလုံးများ မလာခင် ပြဿနာ အဖြေရရေးအတွက် ဘာမှ ရေရေရာရာ မရှိသေးသော်လည်း ပြဿနာ အဖြေရှာရေးအတွက် ပြင်ဆင်မှု လုပ်ငန်းများ ချမှတ်ထားခဲ့ပြီး ဖြစ်သည်။

မြန်မာပြည်၏ အခြေအနေမှာမူ တမျိုးဖြစ်သည်။ ယခု ကျင်းပမည့် ဖွဲ့စည်းပုံ အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲသည် တိုင်းပြည် အခြေအနေ ရှေ့တလှမ်း တက်နိုင်မည့် အခြေအနေ အနေအထားတရပ်တွင် ကျင်းပရခြင်း မဟုတ်။ စစ်အစိုးရ နှင့် အတိုက်အခံ နိုင်ငံရေးပါတီများ ဘက်ကလည်း ပဋိပက္ခ ဖြေရှင်းရေးအတွက် လောလောဆယ် သဘောတူ ပြင်ဆင်ထားပြီးသားမရှိ။ ကုလ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ၏ ကြိုးပန်းမှု မှန်သမျှမှာလည်း အကောင်အထည်မပေါ် ရပ်ဆိုင်းနေပြီ ဖြစ်သည်။

ထို့ပြင် ၂ဝဝ၄ ခုနှစ် ဆူနာမီ ရိုက်ခတ်စဉ်က စာရင်းအင်း ကိန်းဂဏန်းများ သက်သက်ကိုသာ ကြည့်လျှင် အာချေတွင် နိုင်ငံရေး အဖြေတရပ် ရရေးအတွက် အားထုတ်ရန် မည်သို့ မက်လုံးများ ရှိသည်ဆိုခြင်းမှာ မတွေးတတ်အောင်ပင် ဖြစ်သည်။ ဆူနာမီ မတိုင်ခင်က အာချေလူဦးရေမှာ ၄.၂ သန်း ရှိသည်။ ဆူနာမီကြောင့် ၁၇ဝဝဝဝ မှ၂၃ဝဝဝဝ သေဆုံး ခဲ့ရသည်။ နောက်ထပ် ၅ သိန်းမျှ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ဤကိန်းဂဏန်းသည် အာချေလူဦးရေ၏ ၄% မှ ၅.၄% ထိ သေဆုံးခဲ့ရခြင်း ဖြစ်ပြီး အိုးမဲအိမ်မဲ့ ဖြစ်ရသူပေါင်းမှာ ၁၂% မျှအထိ ရှိသည်။

မြန်မာနိုင်ငံကတော့ အာချေလောက် လူနှင့်ပစ္စည်းဥစ္စာ ဆုံးရှုံးမှု မကြီးမားနိုင်ဟု မျှော်လင့်ရပါသည်။ သို့သော် နာဂစ် ဆိုင်ကလုံးကြောင့် မည်မျှ ထိခိုက်သေကြေ ပျက်စီးကြမည် ဆိုသည်ကို သိရှိရန် စောနေပါသေးသည်။ လာမည့် ရက်အနည်း ငယ်၊ ရက်သတ္တပတ် အနည်းငယ်အတွင်းတွင် ထိခိုက်ပျက်စီး သေဆုံးမှု သတင်းများ တဟုန်ထိုး ထိုးတက် လာနိုင်ပါသည်။ အာချေတွင် ဆုံးရှုံးခဲ့သော အသေအပျောက် အပျက်အစီး နှုံးထားများအတိုင်းသာ ထိခိုက် ပျက်စီးခဲ့မည်ဆိုလျှင် မြန်မာလူမျိုး ၁.၉ သန်းမှ ၂.၆ သန်းအထိ သေဆုံးခဲ့မည် ဖြစ်ပြီး နောက်ထပ် ၅.၆ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ကြမည် ဖြစ်သည်။

စစ်ရေးအရကြည့်လျှင် ၂ဝဝ၄ ခုနှစ် ဆူနာမီသည် အစိုးရတပ် TNI နှင့် သူပုန်တပ် GAM တို့ နှစ်ခုစလုံး၏ အာချေ တွင် စစ်ဆင် တိုက်ခိုက်နိုင်စွမ်းကို ကာလတို တခုအထိ ထိခိုက်စေခဲ့သည်။ ပိုအရေးကြီးသည့် အချက်မှာ ဆူနာမီမတိုင်ခင် ၂ နှစ်အတွင်း သူပုန်တပ်၏ တပ်ဖွဲ့အင်အား ၂၅% အထိ ဆုံးရှုံးခဲ့ပြီး အရေးပါသည့် အဓိက တပ်မှူးများပါ ကျဆုံးခဲ့ရသည်။ တိုတိုပြောရလျှင် GAM ၏ လူအင်အားမှာ ဆူနာမီ ရိုက်ခတ်ခံရသည့် အချိန်တွင် ပြောပလောက်အောင် မရှိတော့ဘဲ ဆူနာမီ မတိုင်ခင်ကပင် ပဋိပက္ခမှ ထွက်ပေါက်ရရေးအတွက် လမ်းစ ရှာဖွေနေခဲ့သည်ဟု သုံးသပ်သူ အများက ပြောဆိုကြသည်။

မြန်မာနိုင်ငံတွင် ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပွါးခဲ့သည်မှာ ၇ လရှိပြီ ဖြစ်သည်။ အစိုးရ၏ လက်ရှိပေါ်လစီ မူဝါဒများကို ခုခံ ဆန့်ကျင်နေကြသည့် အင်အားနှင့် အရေးတော်ပုံဘက်ကို အကောင်းမြင်ဘက်က ကြည့်နိုင်ရန် လမ်းစများ ပေါ်နေပြီ ဖြစ်သည်။ ထို့ပြင် သံတမန်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးတို့ အကြောင်းပြောလျှင် အဓိက အခက်အခဲ အတားအဆီးမှာ စစ်အစိုးရ ကစားပွဲဝိုင်းသို့ လာရန် ငြင်းဆန်နေခြင်းပင် ဖြစ်သည်။ နာဂစ်ဆိုင်ကလုံးကြောင့် အစိုးရတပ်ဖွဲ့တွင် အကြီးအကျယ် အထိနာပြီး ထိုသို့ စားပွဲဝိုင်းသို့ လာရန် တွန်းပို့လိုက်လိမ့်မည်ဟု မျှော်လင့်ရန်မှာလည်း ဖြစ်နိုင်ဘွယ်မရှိ။ အာချေမှာသာ အစိုးရတပ်ဘက်က စစ်သား ၂၇ဝဝ သေဆုံးခဲ့ပြီး သူ၏ ကမ်းရိုးတန်းတလျှောက် စစ်ဆင် တိုက်ခိုက်မှုများ အားလုံး ပျက်သုဉ်းသွားခဲ့ရသည်။ (သူပုန်ဘက်ကမူ ၇ဝ သာ သေသည်) ဆွေးနွေးပွဲများ သိသိသာသာ တိုးတက်မှု ရရှိရန် လိုအပ်သည့် နိုင်ငံရေးအရ အလျှော့ပေး လိုက်လျောမှုများ သူပုန်ဘက်မှ လုပ်လာရန်သာ မျှော်လင့်အားထား နေရသည်။

၂ဝဝ၅ ခုနှစ် နှစ်ဆန်းတွင် အာချေသို့ နိုင်ငံတကာမှ အကူအညီပေးရေး လုပ်သားများနှင့် ကယ်ဆယ်ရေး ပစ္စည်းများ အလုံးအရင်းနှင့် ရောက်လာသည်။ အာချေ ပဋိပက္ခသည် နိုင်ငံတကာ ပြဿနာ အဆင့်အတန်း တရပ်ဆီသို့ ရောက်သွားသည်။ ဤကပ်ဘေး ဒုက္ခကြီးက ဒေသတွင်း နိုင်ငံရေး ဇာတ်ဆရာ အားလုံးကို သူတို့၏ တောင်းဆိုမှုများ၊ အကျိုးစီးပွါးများ အားလုံးကို ကျင့်ဝတ်အရ ထောက်ထား၍ လျှော့ချစေလိုက်သည်။

နိုင်ငံတကာမှ ကယ်ဆယ်ရေး ပစ္စည်းများ မြန်မာနိုင်ငံသားများထံသို့ တင်ပို့လျှင်လည်း နိုင်ငံတကာမှ အကူအညီပေးရေး လုပ်သားများ ပါမည်မဟုတ်။ နိုင်ငံတကာ မီဒီယာများ ဝင်ရောက် လေ့လာခွင့် ရလိမ့်မည်လည်း မဟုတ်ပါ။ မြန်မာ့ ပဋိပက္ခတွင်မူ သူတို့တိုက်ပွဲ အရေးတော်ပုံ သက်သက်ကိုသာ ကြည့်ကြ လုပ်ကြသည့် အစဉ်အလာ ရှိသည်။ အထူးသဖြင့် အဓိက ဒီမိုကရေစီ အတိုက်အခံများဘက်က ဖြစ်သည်။ ယခုလို ဆိုင်ကလုန်း မုန်တိုင်းကြီး တိုက်ခတ် အပြီးတွင် လူအများအတွက် စဉ်းစား၍ အတိုက်အခံတို့ဘက်မှ သူတို့၏ ရပ်တည်ချက်ကို နဲနဲလျှော့၍ အတိုက်အခံ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ အတူတကွ စုစည်းလာကြဘို့ ဆိုသည်မှာ စဉ်းစားရခက်လှသည်။

နှစ် ၃ဝ ကြာ အာချေ၌ အစိုးရဘက်က ရန်ပြု တိုကိခိုက်မှုများ လုပ်ခဲ့သော်လည်း ကပ်ဘေးဒုက္ခကြီး ကျအပြီး လအနည်းငယ် အတွင်းမှာပင် ၈ဝ% မျှသော အာချေပြည်သူများက အင်ဒိုနီးရှား အစိုးရ၏ ကယ်ဆယ်ရေး လုပ်ငန်းများအပေါ် အကောင်းမြင် ကြိုဆိုခဲ့ကြသည်။

ဆင်းရဲမွဲတေ အထီးကျန်ဖြစ်ကာ လူမှုရေး လုပ်ငန်းများတွင် အကုန်အကျ ခံလေ့မရှိသည့် စစ်အစိုးရကိုမူ ထိုသို့ ၈ဝ% မျှသော မြန်မာပြည်လူထုကြီးက ထောက်ခံ ကြိုဆိုဘွယ်လည်း မရှိ၊ မြန်မာ့နိုင်ငံရေးတွင် စစ်တပ်၏ ပါဝင်ပတ်သက်မှုကို အကောင်းမြင်ဘွယ်လည်း မရှိပါ။

အဆုံးတွင် နာဂစ်ဆိုင်ကလုံး မုန်တိုင်းအပြီး မြန်မာနိုင်ငံတွင် ကပ်ဘေးဒုက္ခ သံတမန်ရေး အောင်မြင်မှုရရန် အခြေခံ အတားအဆီး အခက်အခဲများ ရှိနေဆဲ ဖြစ်သည်။ ၂ဝဝ၄ ခုနှစ်က အာချေတွင်မူ ထိုအကြောင်းအချက်များ မရှိ။

အာချေကပ်ဘေးသည် ဒေသဆိုင်ရာ အကြပ်အတည်းသာ ဖြစ်သည်။ အင်ဒိုနီးရှား လူဦးရေ စုစုပေါင်း၏ ၂% မျှသာ ပါဝင်နေသည်။ မြန်မာနိုင်ငံကဲ့သို့ အမျိုးသားရေး ပြဿနာကြီးမဟုတ်။ နာဂစ်လေမုန်တိုင်းက မြန်မာပြည်သူ တရပ်လုံးကို ခြောက်ခြား တုန်လှုပ်သွားစေနိုင်ပါ့မလား။

အာချေတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် လက်နက်ကိုင် ဆန့်ကျင် ပုန်ကန်မှုများက မြန်မာနိုင်ငံရှိ အတိုက်အခံ နိုင်ငံရေး ပါတီ အများအပြား တောင်းဆိုနေကြသလို အင်ဒိုနီးရှား အစိုးရကို ဖြုတ်ချရန်၊ အမျိုးသား လက္ခဏာဆောင်သည့် နိုင်ငံရေး အပြောင်းအလဲများ အကြီးအကျယ် ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးရန် တောင်းဆို လှုပ်ရှားနေကြသည် မဟုတ်ပါ။ ထို့ ပြင် GAM တို့က အင်ဒိုနီးရှား အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရန်အတွက် လွတ်လပ်ရေး တောင်းဆိုမှုကို မတောင်းဆိုတော့ခြင်း အပါအဝင် နိုင်ငံရေးအရ လိုက်လျောမှု အတော်များများကို ပြုလုပ်ခဲ့သည်။ GAM တို့က လက်ရှိ နိုင်ငံရေးစနစ် အတွင်းသို့သာ လာရောက် ပူးပေါင်း လက်တွဲခဲ့ကြခြင်း ဖြစ်သည်။

မြန်မာ့နိုင်ငံရေး ပဋိပက္ခမှာမူ သောင်မတင်ရေမကျ ဖြစ်နေဆဲ ဖြစ်သည်။ ဤအခြေအနေမှ လွတ်မြောက်၍ တွေ့ဆုံဆွေးနွေးရေးသို့ အရောက်သွားနိုင်ရန် သက်ဆိုင်ရာ ဘက်အသီးသီး၏ အလျှော့ပေး လိုက်လျောရန် တောင်းဆိုမှုများသည် ဂျကာတာနှင့် GAM အကြား ဖြစ်ပွါးခဲ့သည်များနှင့် မတူ။ အရေးကြီးသည့် အချက်မှာ ထိုလိုက်လျောမှု အားလုံးသည် ဘက်အသီးသီးက လိုအပ်သော အရာများ ဖြစ်ရန်လိုခြင်းပင် ဖြစ်သည်။

နာဂစ် လေမုန်တိုင်းအပြီး တွေ့ဆုံ ဆွေးနွေးပွဲများ ပေါ်ပေါက်လာရန် အစိုးရနှင့် အတိုက်အခံတို့ ဘက်က မိမိတို့၏ မည်သည့် တောင်းဆိုချက်၊ ရပ်တည်ချက်တို့ကို စွန့်လွှတ်ရန် ဆန္ဒရှိကြပါသနည်း။ အတိုက်အခံများ၊ ဒီမိုကရေစီတိုက်ပွဲ ဝင်ခေါင်းဆောင်များက လက်ရှိအစိုးရ၊ စစ်တပ်တို့ထဲတွင် ဝင်ရောက် ပါဝင်ထမ်းရွက်ရန် ဖြစ်နိုင်ပါသလား။

သို့သော် ဆူနာမီ လှိုင်းလုံးကြီးများ အဝေးပင်လယ်ပြင် တနေရာတွင်သာ ရှိနေသေးသည့် အချိန်တွင် ဖြစ်နိုင်ပါသည်။ နာဂစ်မုန်တိုင်း အပြီးတွင်မူ မြန်မာနိုင်ငံကို အတူတကွ ပြန်လည် တည်ဆောက်နိုင်ရေးအတွက် စစ်တပ်နှင့် အတိုက်အခံ တို့ နှစ်ဘက်စလုံး အတူတကွ ဆုံစည်း ပူးပေါင်းနိုင်ကြစေရန် အခွင့်အရေးကောင်းကြီးတရပ် ပေးနိုင်ပါလိမ့်မည်။ ဤအချက်သည် ယုံကြည်မှု တည်ဆောက်ရေး ဖြစ်စဉ်အတွက် သေးငယ်သော အစပျိုး ခြေလှမ်းတရပ် ဖြစ်ပါလိမ့်မည်။ အလုပ် ဖြစ်သော ဆက်ဆံရေးတရပ် ရရှိပြီဆိုသည်ကို ပြသနိုင်လိမ့်မည်ဟု မျှော်လင့်ရပါသည်။ ဤဆက်ဆံရေးက တနေ့တွင် မြန်မာနိုင်ငံ ကမ်းရိုးတမ်းသို့ ရိုက်ခတ်ပြီး စုစည်းညီညွတ်၍ ပဋိပက္ခ ကင်းရှင်းသည့် မြန်မာနိုင်ငံကို မွေးဖွားပေးပါလိမ့်မည်။

Source

No comments: