Tuesday, May 6, 2008

မုန်တိုင်းဒဏ်ခံရသူများအတွက် ထိုင်းအစိုးရ၏ အကူအညီကို စစ်အစိုးရကြိုဆို

Agencies / ၆ မေ ၂၀၀၈

ထိုင်းအစိုးရက မြန်မာနိုင်ငံမှ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံရသူများအတွက် အမေရိကန် ဒေါ်လာ (၁) သိန်း လှူဒါန်းခြင်းကို စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ကြိုဆို လိုက်သည်။

“ကျနော်တို့ရဲ့ ပြည်သူတွေဟာ ဒုက္ခရောက်နေတဲ့အတွက် တခြားနိုင်ငံကနေ ဒီလိုမျိုး ကူညီတာ တွေကို ကြိုဆိုပါတယ်” ဟု အစိုးရပိုင် ရုပ်သံမှတဆင့် ယမန်နေ့ညက ပြောသည်။

ငွေကြေးအကူအညီ ပေးမည့်အစီအစဉ်ကို ထိုင်းနိုင်ငံခြားရေးဌာနက ပြုလုပ်ခြင်းဖြစ်ပြီး ထိုင်း စစ်တပ်ကလည်း အသင့်စားနိုင်မည့် အစားအစာနှင့် ဆေးဝါးများကို ကူညီမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး နို့ပဒွန်ပထမအား ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းတွင် ယနေ့
ဖော်ပြသည်။

ယင်းအပြင် မုန်တိုင်းဒဏ် ခံရသူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) တန်အား ထိုင်းလေ တပ်ပိုင် စီ-၁၃၀ ပို့ဆောင်ရေးဖြင့် ပေးပို့သွားရန် အစီအစဉ်ရှိကြောင်းလည်း သိရသည်။

ယနေ့ပြုလုပ်ရန်ရှိသော ၀န်ကြီးများ၏ အပတ်စဉ်အစည်းအဝေးတွင် မြန်မာနိုင်ငံသို့ အကူအညီများ ပိုမိုပေးသွားရေးကိုလည်း တင်ပြဆွေးနွေးမည်ဖြစ်ကြောင်း မစ္စတာနို့ပဒွန်က ပြောသည်။

မြန်မာနိုင်ငံ၌ ယခုလ (၃) ရက်တွင် ကျရောက်ခဲ့သော တနာရီ (၁၂၀) မိုင်နှုန်းရှိ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း (၁၀,၀၀၀) ကျော် သေဆုံးခဲ့ကြောင်း ဦးဥာဏ်ဝင်းက ရုပ်သံမှတဆင့် ယမန်နေ့တွင် ပြောခဲ့သည်။ အချက်အလက်များ စုဆောင်းဆဲဖြစ်သောကြောင့် သေဆုံးသူဦးရေ ပိုများနိုင်ကြောင်းလည်း သိရသည်။

အရေအတွက်သိန်းနှင့်ချီသောလူများ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး လျှပ်စစ်နှင့် ဆက်သွယ်ရေး လုပ်ငန်းများ ပြတ်တောက်ခြင်း၊ သောက်သုံးရေသန့် ပြတ်လပ်ခြင်း၊ ကုန်ဈေးနှုန်းများ အဆမတန် တက်နေခြင်း တို့ ဖြစ်ပေါ်နေကြောင်း မုန်တိုင်းဒဏ်ခံရသည့် ဒေသခံများနှင့် နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့များက ပြောကြသည်။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ချိန်သည် မြန်မာနိုင်ငံတွင် ပြုလုပ်ရန်ရှိနေသော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲကျင်းပရန် ရက်အနည်းငယ်သာ လိုသည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

မြန်မာစစ်ဗိုလ်ချုပ်များကမူ ဆန္ဒခံယူပွဲအား မဖြစ်ဖြစ်အောင် ဆက်လက်လုပ်ဆောင်မည်ဖြစ် ကြောင်း ၎င်းတို့၏ သတင်းစာနှင့် ရုပ်သံများမှတဆင့် ဖော်ပြနေဆဲဖြစ်သည်။

မုန်တိုင်းကျချိန်၌ မြန်မာနိုင်ငံသို့ အလည်အပတ် သွားနေသော ထိုင်း (၁၈၅) ဦးသည် ယခုအခါ ဘေးကင်းစွာဖြင့် ပြန်လည်ရောက်ရှိလာကြပြီဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် အလုပ်လုပ်နေကြသူ ထိုင်း (၄၀၀) ဦးခန့်သည်လည်း မုန်တိုင်းဒဏ်မှ လွတ်မြောက်ခဲ့ပြီး ထိုင်းသံရုံး၏ အကူအညီကို ရရှိနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

Source

No comments: