ဗထူး။ မေ ၉၊ ၂၀၀၈
လေဘေးဒဏ်ခံစားနေရသည့် ရန်ကုန်လူထုအား ကြံ့ဖွံ့နှင့် (ရယက)များမှ ထောက်ပံ့ကူညီသည် ဟုဆိုကာ သွပ်ရောင်းချပြီး အစားအစာမလောက်မငပေးသည့်အတွက် ရန်ကုန်ရှိမြို့နယ်တချို့မှ ပြည်သူများ ဒေါသဖြစ်ကြရသည်။
စစ်အစိုးရက နာဂစ်မုန်တိုင်းဒဏ်ခံနေရသည့် ဒုက္ခသည်များအား နိုင်ငံတကာအကူအညီရယူကာ ထောက်ပံ့ကူညီမှုများကို ယင်းတို့ဖွဲ့စည်းထားသည့် လက်အောက်ခံအဖွဲ့များမှတဆင့် ပေးဝေ နေခြင်းဖြစ်သည်။
ကျောက်တံတားမြို့နယ်ရှိ အပေါ်ဆုံးအထပ်တွင် နေထိုင်၍ လေဒဏ်ကြောင့် အိမ်ခေါင်မိုးသွပ် လန်သူများအား တခန်းလျှင် ၆ ပေသွပ် (၈) ချပ်အား တချပ်လျှင် ၄,၈၀၀ ကျပ်နှုန်း ရောင်းချ ပေးရာ သက်ဆိုင်ရာ (ရယက)၏ထောက်ခံချက်ဖြင့် ၀ယ်ယူနေရသည်။
ပန်းပဲတန်းမြို့နယ်မှ အိမ်မိုးသွပ် သွားရောက်ဝယ်ယူခဲ့သူတဦးက “ကျနော်တို့ဘက်မှာ (ရယက) ထောက်ခံချက်ရမှ သွပ်ဝယ်လို့ရတယ်၊ ရုံးမှာ ထောက်ခံချက်သွားယူတော့ အလှူငွေကောက် တယ်၊ သဒ္ဓါကြေးဆိုပြီး ၅၀၀ လောက်ထည့်တာ၊ စိတ်ဆိုးလို့ ၁,၀၀၀ ထည့်ခဲ့ရတယ်” ဟု ပြောဆိုသည်။
အဆိုပါ စစ်အစိုးရလက်အောက်ခံအဖွဲ့များက လေဘေးဒဏ်ခံနေရသည့် မြို့နယ်များတွင် စားသုံးကုန်ပစ္စည်းအချို့ ပေးဝေခဲ့ရာ တအိမ်ထောင်လျှင် စားသုံးဆီ (၂) ကျပ်ခွဲသားသာ ပေးခဲ့သဖြင့် ရပ်ကွက်ရှိ ပြည်သူများက ဒေါသထွက်ခဲ့ကြသည်။
ရွှေပြည်သာမြို့နယ် (၈) ရပ်ကွက်နေပြည်သူတဦးက “ အစားအသောက်ဝေတယ်ကြားလို့ သွားတာ တအိမ်ထောင် ဆန်တပြည်နဲ့ အာလူးတဆယ်သားပဲပေးတာ၊ ဒါတောင်မှ ကြံ့ဖွံ့တို့၊ အမျိုးသမီးရေးရာတို့နဲ့ နီးစပ်တဲ့လူတွေပဲရလို့ ကျန်တဲ့လူတွေနဲ့ စကားများရန်ဖြစ်ကြသေးတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် (၇) ရက်နေ့ညတွင် တောင်ဒဂုံမြို့နယ် အမှတ်(၂၄)ရပ်ကွက်တွင် တအိမ်ထောင်လျှင် ဆန်တပြည်နှင့် တထွာခန့်ရှိ ငါးမြစ်ချင်းတကောင်နှုန်း အိမ်ပြိုသွားသူများကို လိုက်လံပေးဝေနေ ပြီး ဆန်ကွဲကဲ့သို့ကြေမွနေသော ဆန်များကို ဒုက္ခသည်များက ဆန်ပြုတ်ပြုတ်သောက်ခဲ့ရ သည်ဟု ဆိုသည်။
စစ်အစိုးရက ကုလသမဂ္ဂနှင့် နိုင်ငံတကာအချို့မှ ပစ္စည်းများ လက်ခံရရှိနေပြီး အဆိုပါနိုင်ငံများမှ ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်မည့် လုပ်သားများကို ပြည်ဝင်ခွင့်ဗီဇာမပေးဘဲ ပိတ်ပင်ထား ပြီး ၎င်း၏ လက်အောက်ခံအဖွဲ့အစည်းများက အဆိုပါပစ္စည်းများကို ချုပ်ကိုင်ကာ လေဘေး ဒုက္ခသည်များကို ပေးဝေနေခြင်းဖြစ်သည်။
“မနေ့က (၃) လမ်းမှာ ဦးပိုင်လီမီတက်ကိုယ်စားလှယ်က စားအုန်းဆီ တပိဿာ (၂,၅၀၀) ကျပ် နှုန်းနဲ့ လူတယောက်ကို (၂၀) သား ပေးမယ်ဆိုလို့ လူတွေသွားတန်းစီတာ ၁၀ ယောက်လောက် ပေးပြီးတော့ လူများလာလို့ ရန်ဖြစ်လိမ့်မယ်လို့ အကြောင်းပြပြီး ဆက်မပေးတော့ဘူး” ဟု ကျောက်တံတားမြို့နယ်မှ ကိုယ်တိုင်တန်းစီခဲ့ရသူတဦးက ပြောသည်။
လှိုင်သာယာမြို့နယ်တွင်လည်း လေဘေးသင့်ခံရသူများ၏ အိမ်ပျက်စီးမှုများကို ယခုလ (၇) ရက်နေ့မှစ၍ လိုက်လံကောက်ယူနေရာ မုန်တိုင်းပြီးချိန်တွင် နီးစပ်ရာမှ ငွေကြေးချေငှားကာ ပြင်ဆင်ခဲ့သူများအား ကြံ့ဖွံ့နှင့် (ရယက)မှ ဒုက္ခသည်စာရင်းမသွင်းသည့်အတွက် အခက်အခဲနှင့် ကြုံတွေ့နေရသည်။
Source
No comments:
Post a Comment