Monday, May 5, 2008

ယုံကြည်စိတ်ချရသည့် ဆန္ဒမဲပေးပွဲ ဖြစ်စေရန် လုံခြုံရေးကောင်စီ တိုက်တွန်း

NEJ/ မေ ၅ ၂၀၀၈

မေ (၁၀) ရက်တွင် ကျင်းပမည့် စစ်အစိုးရ ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက် ခံမည့် ဆန္ဒခံယူပွဲတွင် နိုင်ငံရေး လှုပ်ရှားသူများအားလုံး ပါဝင်စေခြင်းဖြင့် ယုံကြည်စိတ်ချမှုရှိစေရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာအစိုးရအား ပြီးခဲ့သည့် သောကြာနေ့၌ တိုက်တွန်းပြော ကြားခဲ့သည်။

ပြီးခဲ့သည့် သောကြာနေ့က လုံခြုံရေးကောင်စီမှ တညီတညွတ်တည်း ထုတ်ပြန်သည့် အစီရင်ခံစာ ထဲတွင် ဆန္ဒခံယူပွဲ လုပ်ငန်းစဉ်သည် လွတ်လပ်ပြီး တရားမျှတမှု အသေအချာ ရှိစေရေးအတွက် မြန်မာအစိုးရအနေဖြင့် လုပ်ဆောင်ရန် တောင်းဆိုထားသည်။


စစ်အစိုးရအား တောင်းဆိုချက်များတွင် ဆန္ဒခံယူပွဲ လုံခြုံစိတ်ချစေရေး၊ နိုင်ငံရေးလှုပ်ရှားသူ အားလုံး ပါဝင်စေရေးတို့အပြင် အခြေခံနိုင်ငံရေး လွတ်လပ်မှုများကို လေးစားရန်အတွက် လုံခြုံ ရေးကောင်စီက တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဧပြီတွင် လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာ မူကြမ်းမှာကဲ့သို့ မြန်မာ အိမ်နီးချင်း မဟာမိတ် တရုတ်နိုင်ငံက မနှစ်မြို့သည့် ကြမ်းတမ်းသော အသုံးအနှုန်းအချို့ယခု အစီရင်ခံစာတွင် ပါဝင်ခြင်း မရှိတော့ပေ။

သို့သော် ထိုအစီရင်ခံစာကြောင့် မြန်မာစစ်အစိုးရက အမျက်ရှပြီး ၎င်း၏ ကုလသမဂ္ဂသံအမတ် ဦးကျော်တင့်ဆွေက လုံခြုံရေးကောင်စီသို့ ရေးသားပေးပို့သောစာတွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးတွင် အတွင်းကျကျ ၀င်ရောက်စွက်ဖက်ထားသဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်စရာဟု မြင်မိကြောင်း ပြောဆိုထားသည်ဟု ဧဂျင်စီသတင်းများတွင် ဖော်ပြသည်။

ထို့အပြင် အစီရင်ခံစာနှင့် ပတ်သက်၍ မြန်မာအစိုးရအနေဖြင့် အလွန်စိတ်မကောင်း ဖြစ်မိပြီး လုံခြုံ ရေးကောင်စီတွင် ရှိနေသော အင်အားကြီး အဖွဲ့ဝင်များက အင်အားနည်း အဖွဲ့ဝင်များအပေါ် အလွန် ဖိအားပေးထားသည်ဟုလည်း မြန်မာသံအမတ် ဦးကျော်တင့်ဆွေက ပြစ်တင်ထားသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ အရေးအခင်းကတည်းက မြန်မာနိုင်ငံသည် လုံခြုံရေးကောင်စီတွင် အရေးတကြီး တင်ပြစရာ အကြောင်းအရာ တခုဖြစ်ခဲ့သကဲ့သို့ နိုင်ငံတကာ၏ ဝေဖန်ရှုတ်ချမှု များကိုလည်း ခံခဲ့ရသည်။

ယခုလ (၁၀) တွင် အတည်ပြု ဆန္ဒခံယူမည့် အခြေခံဥပဒေတွင် ပါလီမန်နေရာ၌ စစ်တပ်ကို နေရာ လေးပုံတပုံ ပေးထားပြီး အရေးပါသော ၀န်ကြီးနေရာများကို ထိန်းချုပ်ထားခြင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဆန္ဒရှိသလို ဆိုင်းငံ့ထားနိုင်ခြင်းတို့ကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထိုမူကြမ်း ကို လက်မခံဘဲ ပယ်ချခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ် ချုပ်ဖြင့် ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး မဲမပေးရေး လှုပ်ရှားရန် အားထုတ်မှုများကိုလည်း စစ်အစိုးရက ဖိနှိပ်နေသည်ဟု အတိုက်အခံ ဒီမိုကရေစီရေး လှုပ်ရှားသူများက ပြောသည်။

အဆင့် (၇) ဆင့်ပါသည့် ဒီမိုကရေစီ လမ်းပြမြေပုံအရ အကောင်အထည်ဖော်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြီးပါက ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံ ရွေးကောက်ပွဲပြုလုပ်မည် ဖြစ်သည်။

Source

No comments: