Monday, May 5, 2008

အာရှငွေကြေးရန်ပုံငွေအဖွဲ့ ထူထောင်ရန် အာရှနိုင်ငံများအကြား သဘောတူ

Agencies/ ၅ မေ ၂၀၀၈

အမေရိကန်ဒေါ်လာ (၈၀) ဘီလီယံ မတည်၍ အာရှငွေကြေး ရန်ပုံငွေအဖွဲ့ (အေအမ်အက်ဖ်) ကို ဖွဲ့စည်းရန် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ)၊ တောင်ကိုရီးယား၊ တရုတ်နှင့် ဂျပန် တို့အကြား သဘောတူခဲ့ကြောင်း တောင်ကိုရီးယား ဘဏ္ဍာရေး ဒု-၀န်ကြီးက ပြောသည်။

ဒု-၀န်ကြီး ရှင်း ဂျေ-ယွန်းက “လွယ်ကူစွာ ရောင်းချပြီး ငွေသားအဖြစ် ပြောင်းလဲနိုင်တဲ့ ဥစ္စာ ပစ္စည်းဆိုင်ရာ အကျပ်အတည်းဖြစ်တာကို အာရှနိုင်ငံတွေဟာ မကြာခဏ ခံရလေ့ ရှိပါတယ်။ ဒါပေမယ့် အခု အဲဒီလို မဖြစ်အောင် အေအမ်အက်ဖ်က ကာကွယ်ပေးသွားတော့မှာပါ” ဟု ယမန်နေ့တွင် ပြောသည်။

စပိန်နိုင်ငံ မက်ဒရစ်မြို့ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) နှစ်ပတ်လည် အစည်းအဝေး၌ အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်နိုင်ငံတို့မှ ကိုယ်စားလှယ်များအကြား သဘောတူခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ (၃) နိုင်ငံက ဒေါ်လာ (၆၄) ဘီလီယံ ထည့်ဝင်မည်ဖြစ်ပြီး အာဆီယံက (၁၆) ဘီလီယံ ထည့်ဝင်မည်ဖြစ်ကြောင်းလည်း ဒု-၀န်ကြီး ရှင်း ဂျေ-ယွန်းက ပြောသည်။

အာဆီယံနှင့် အဆိုပါ (၃) နိုင်ငံတို့၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် အာရှဒေသနိုင်ငံများသည် နိုင်ငံတကာ ငွေကြေးလဲလှယ်မှုဈေးကွက် ဖရိုဖရဲ ဖြစ်နေခြင်း၊ ရေနံနှင့် စားသောက်ကုန် ဈေးနှုန်း များ မြင့်တက်နေခြင်း စသည့် အန္တရာယ်များကို ရင်ဆိုင်နေကြရကြောင်း ထည့်သွင်းဖော်ပြသည်။

အာရှဒေသအတွင်းရှိ ဆင်းရဲသော နိုင်ငံများအနေဖြင့် စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာ မှုကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် အေဒီဘီက အရေးပေါ် ရန်ပုံငွေတခု ထူထောင်မည်ဖြစ်ကြောင်း ကြေ ညာခဲ့ပြီးနောက် ယင်းထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဈေးနှုန်းများ ဆက်လက်မြင့်တက်နေမည်ဖြစ်ပြီး ဒေသအတွင်း စီးပွားရေးတိုးတက်မှုကို အဟန့် အတားဖြစ်နေကြောင်း၊ပြီးခဲ့သည့် (၄) လအတွင်း ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းသည် (၃) ဆ ခန့်တက်လာပြီး ငွေဖောင်းပွမှုပါ တိုးလာသဖြင့် ငွေသုံးစွဲမှု၊ စုဆောင်းနိုင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ ဘက်တွင် လျော့ကျသွားကြောင်း အေဒီဘီက ဆက်လက်ဖော်ပြသည်။

ယခုအခါ ဒေသတွင်းနိုင်ငံများက လက်ရှိကြုံတွေ့နေရသော အကျပ်အတည်းကို ကျော်လွှားနိုင်ရန် သွင်းကုန်ဈေးနှုန်း ထိန်းချုပ်ခြင်း (သို့) ပြည်ပသို့ စားသောက်ကုန် တင်ပို့မှု ပိတ်ပင်ခြင်းတို့ဖြင့် ကြိုးစားနေကြသည်။ သို့သော် ယင်းလုပ်ရပ်များသည် စိုက်ပျိုးလိုစိတ်ကို ကျဆင်းစေသဖြင့် ဈေး ကွက်ဖြည့်ဆည်းမှု လျော့နည်းလာနိုင်ပြီး ဈေးနှုန်းများ ထပ်မံ တက်သွားနိုင်ကြောင်း အေဒီဘီက ထောက်ပြသည်။

အေဒီဘီ ဥက္ကဋ္ဌ ကူရိုဒါက “ဆင်းရဲပြီး အခက်အခဲ ရှိနေတဲ့လူတွေ လိုအပ်တဲ့ အစားအစာမျိုးကို အဓိကထား စိုက်ပျိုးဖို့အတွက် ကျနော်တို့ အနေနဲ့ကတော့ သတ်မှတ်ကူညီရမှာပါပဲ။ ဒီနည်းကပဲ ကုန်ဈေးနှုန်း တက်နေတာကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်မှာပါ” ဟု ပြောသည်။

ထို့အပြင် ဇီဝလောင်စာ ထုတ်လုပ်နိုင်ရေး စိုက်ပျိုးရေး လုပ်ငန်းများအတွက် အသုံးပြုရန် ငွေကြေး ထောက်ပံ့ပေးနေမှုများကို ဖွံ့ဖြိုးပြီးနိုင်ငံများ အနေဖြင့် ရပ်စဲပေးစေလိုကြောင်း အေဒီဘီက ပြော ဆိုသည်။

ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံခန့် နေထိုင်သော အာရှဒေသအတွင်းရှိ လူဦးရေ (၂) ဘီလီယံနီးပါး သည် တနေ့ဝင်ငွေ အမေရိကန် (၂) ဒေါ်လာခန့်သာရှိသည်။ ထို့အပြင် ၀င်ငွေ၏ (၆၀) ရာခိုင်နှုန်း သည် အစားအစာအတွက် သုံးနေရသဖြင့် အစားအစာနှင့် လောင်စာဈေးနှုန်းများ မြင့်တက်မှုကို ရင်ဆိုင်ရန် အခက်အခဲများစွာရှိကြောင်း အေဒီဘီက ဖော်ပြသည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာအခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ကို အာရှ-ပိစိဖစ်ဒေသအတွင်း ဆင်းရဲမှု တိုက်ဖျက်ရေးအတွက် ရည်ရွယ်၍ ၁၉၆၆ ခုတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Source

No comments: