Monday, May 19, 2008

ပယ်မဲမရှိရေး ဖိအားပေး၊ ကယ်ဆယ်ရေး ပစ္စည်းများ မယက တွေဖြောင်

မဇ္ဈိမသတင်းဌာန တနင်္လာနေ့၊ မေလ 19 2008

ရန်ကုန်။ ။ လာမည့် ၂၄ ရက်နေ့တွင် ကျင်းပမည့် လက်ကျန်ဆန္ဒခံယူပွဲများတွင် ပယ်မဲများ လုံးဝမပါစေရန် သက်ဆိုင်ရာ မယက များမှ ကျေးရွာ၊ ရပ်ကွက် မဲရုံမှူးများအား ဖိအားပေး ခြိမ်းခြောက်နေသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ သက်ဆိုင်ရာ မြို့နယ်အေးချမ်းသာယာရေး အာဏာပိုင်များက အနီးကပ် အစည်းအဝေးများ ဆင့်ခေါ်ကာ ပယ်မဲမရှိစေရေး၊ မဲအားလုံး ထောက်ခံမဲဖြစ်ရေးကိုသာ အဓိကထား ပြောဆိုနေကြခြင်း ဖြစ်သည်။


အစည်းအဝေးများတွင် မုန်တိုင်းသင့် ပြည်သူများအတွက် လိုအပ်သော ထောက်ပံ့မှုများ ပေးပို့ရန်ကိုမူ ထည့်သွင်းပြောဆိုခြင်း မရှိဟု ရန်ကုန်မြို့ပေါ်ရှိ မဲရုံတခုမှ အမည်မ ဖော်လိုသော မဲရုံမှူးတဦးက ပြောသည်။

သက်ဆိုင်ရာ မဲရုံမှူးများအား ယခုကဲ့သို့ အတင်းအကျပ် ဖိအားပေးထားသည့်အပြင် ၀န်ကြီးများ လာရောက်မည့် ရပ်ကွက်များရှိ ရယကများကိုလည်း မုန်တိုင်းကြောင့် အပျက်အစီး အများအပြား မရှိဟူ၍သာ ပြောဆိုကြရန် မှာကြားထားသေးသည်။

မဲရုံများတည်ရှိသည့် အချို့နေရာများသည် မုန်တိုင်းကြောင့် ပျက်စီးသွားခြင်း ရှိနေသလို လိုအပ်သော အထောက်အပံ့များလည်း မရရှိကြောင်း မဲရုံမှူးများကလည်း ပြောသည်။

ရန်ကုန်မြို့ပေါ်တွင် စာရင်းသာရှိပြီး ကယ်ဆယ်ရေးစခန်းများ အမှန်တကယ်မရှိသော အမည်ခံစခန်းများအတွက် လိုအပ်သော ထောက်ပံ့ရေး ပစ္စည်းများကို အစိုးရပိုင်းမှ ခွဲတမ်းချပေးထားကြောင်း ခိုင်လုံသော သတင်းများအရ သိရသည်။

ခွဲတမ်းများသည် အောက်ခြေအဆင့်သို့ ၁၀ ပုံတပုံခန့်သာ ရောက်ရှိကြောင်း ရယက များက ခန့်မှန်းပြောဆိုကြသည်။

ဖျာပုံမြို့မှ ရယက တဦးက သူတို့ရုံးအတွင်း ချထားသော အာလူး အိတ် ၆ အိတ်ကို လက်ညှိးညွှန်လျက် "တကယ်တော့ ကျနော်တို့ အဲဒါပဲ ရပါတယ်။ အဲဒါကို ကျနော့် ရပ်ကွက်က လူတွေကို ဘယ်လိုဝေပေးရမယ်ဆိုတာ မသိပါဘူး" ဟု ပြောဆိုချက်ကို ပြီးခဲ့သော ရက်ပိုင်းအတွင်းက ကြားသိခဲ့ရသည်။

Source

No comments: