
စက်တင်္ဘာရွှေဝါရောင်တော်လှန်ရေး အပြီး စစ်အစိုးရ၏ ဖမ်းဆီးနှိပ်စက်မည်ကို စိုးရိမ်သဖြင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာရသည့် ရခိုင် ရဟန်းတော် ၁၁ ပါးသည် လွန်ခဲ့သော တနင်္ဂနွေနေ့က တပြိုင်နက်တည်း ကုလမဟာမင်းကြီးရုံးတွင် ခိုလုံခွင့် တောင်းခံခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ရဟန်းထဲမှ ဦးဝိရောဓနက “ဦးဇင်းတို့ ကို များမကြာခင် သူတို့ စတင်ပြီး မှတ်ပုံတင်ပါလိမ့်မယ်။ အဲဒီနောက်ပိုင်းမှာ အင်တာဗျူးခေါ်ယူပါလိမ့်မယ်။ ဦးဇင်းတို့ အနေနဲ့ သူတပါး တိုင်းပြည်ကို ရောက်နေတော့ လုံခြုံရေးက အရေးကြီးတယ်။ ဒါကြောင့် ဒက္ကားမြို့ကို ရောက်တုန်း ကုလ မဟာမင်းကြီးရုံးမှာ ဒုက္ခသည် အဖြစ် လျောက်ဖို့ စီစဉ်ရတာပါ။” ဟုပြောသည်။
အဆိုပါ ရဟန်းတော်များမှာ အသက်အရွယ်အားဖြင့် ၂၀ ကျော်ခန့် ရှိကြင်္ပြီး အများစုမှာ လွန်ခဲ့သောနှစ် စက်တင်္ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သူများ ဖြစ်သည်။ ရခိုင်ပြည်နယ် အတွင်းရှိ ရဟန်းတော်များ အခြေအနေမှာ မူဆလင် ဘာသာဝင်များထက် အခြေနေ ဆိုးရွားနေပြီး ခရီးသွားလာရာတွင် အာဏာပိုင်များ၏ အမျိုးမျိုး နှောင့်ယှက်ခြင်းကို ခံနေရကြောင်း ဦးဇင်းများက ပြောသည်။
“ယခင်က မူဆလင် ဘာသာဝင်တွေကိုဘဲ မှတ်ပုံတင်စစ်တာ၊ ခုအခါ မူဆလင် ဘာသာဝင်တွေထက် ဘုန်းကြီးတွေကို မှတ်ပုံစစ်တယ်။ ရှာတာဖွေတာလည်း နေရာတိုင်းမှာဘဲ။ အဲဒီတော့ ဗမာပြည်မှာ ဆက်လက်နေဖို့ စိတ်ကုန်လာတယ်၊ ဒါကြောင့် ထွက်လာတာ၊” ဟု ဦးနန္ဒက ပြောသည်။
ယခုအခါ ဒက္ကားမြို့ရှိ ကုလမဟာမင်းကြီးရုံးမှ စက်တင်္ဘာရွှေဝါရောင်တော်လှန်ရေးကြောင်း ထွက်ပြေးလာရသူများအား ဒုက္ခသည် အဖြစ် အသိအမှတ်ပြုပေးနေရာ အနည်းဆုံး ရခိုင် ဒုက္ခသည် ၅၀ နီးပါးခန့်ကို အသိအမှတ် ပြုပေးခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။
အမည်မဖေါ်လိုသူ ယူအန် အရာရှိတဦးမှ ရွှေဝါရောင်တော်လှန်ရေး အပြီးတွင် မြန်မာနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့သို့ ထွက်ပြေးလာသူ အရေအတွက်မှာ တနေ့ထက် တနေ့ပိုမိုများလာပြီး ယခုအခါ ဒုက္ခသည် အဖြစ် အသစ်လျောက်ထားသူ ရခိုင်လူမျိုးအပါအ၀င် တခြားနိုင်ငံသား အရေအတွက်မှာ ၁၀၀ ကျော်ရှိကြောင်း ပြောဆိုသည်။
သို့သော်လည်း အများစု ရခိုင်ဒုက္ခသည်များမှာ ဒုက္ခသည် အဖြစ် လျှောက်ထားရန် ဒက္ကားကို လာတိုင်း တည်းခို နေထိုင် စားသောက်ရန် နေရာ မရှိ၍ အထူး ဒုက္ခရောက်နေကြရကြောင်း သိရှိရသည်။
Source
No comments:
Post a Comment