အေးလဲ့ | မေ ၇၊ ၂၀၀၈
နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပြည်သူများပူဆွေးသောကရောက်နေကြသဖြင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ပွင့်လင်းရာသီတွင်သာ တပြည်လုံးအတိုင်းအတာဖြင့် တပြိုင်တည်းကျင်းပသင့်ကြောင်း အန်အယ်လ်ဒီပါတီက ပြောသည်။
ယနေ့ထုတ်ပြန်လိုက်သည့် အန်အယ်လ်ဒီ အထူးကြေဌာချက်တွင် “၆ ရက်နေ့ထုတ် အစိုးရသတင်းစာမှ ကြေညာချက်သည် အာဏာပိုင်တို့က မုန်တိုင်းဘေးဒဏ်ကြောင့် ပြည်သူလူထုအများစုကြီး မဲမပေးနိုင်သည့် အခွင့်အရေးကို အကြောင်းပြုပြီး နိုင်ငံရေးအမြတ်ထုတ်ခြင်းဖြစ်ပါသည်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ယခုကဲ့သို့ နေရာခွဲပြီးမရွှေ့ဆိုင်းသင့်ဘဲ တပြည်လုံး ရွှေ့ဆိုင်းသင့်ပါသည်” ဟု ပါရှိသည်။
မေလ ၆ရက်နေ့ ထုတ်ဝေသည့် မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံးစာမျက်နှာတွင် “ယခုအခါ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန် ရက်ပိုင်းသာလိုတော့သည့်အချိန်ဖြစ်ပြီး ဆန္ဒမဲပေးရန်အတွက် ပြည်သူလူထုက စိတ်အားထက်သန်စွာ မျှော်လင့် ချိန်ဖြစ်ပါသည်” ဟု ရေးသားထားသည်။
အန်အယ်လ်ဒီ၏ ကြေညာချက်ကလည်း“၂ ရက်နေ့နှင့် ၃ ရက်နေ့တွင်ကျရောက်သည့် ပြင်းထန်သော နာဂစ် မုန်တိုင်းဒဏ် ကြောင့် တနိုင်ငံလုံးရှိ ပြည်သူလူထု၏ ဆွေမျိုးသားခြင်းများ၊ တိုင်းရင်းသားလူမျိုးစုများ၊ မိတ်ဆွေသင်္ဂဟများ ပူပင်သောက များ လွန်စွာရောက်နေပါသည်။ ဤအခြေနေများကြောင့် ပြည်သူ လူထုသည် မဲပေးခြင်းကို စိတ်ဆန္ဒလုံးဝမရှိပါ” ဟု ဆိုသည်။
ယမန်နေ့က မန္တလေး နည်းပညာတက္ကသိုလ်တွင် ၀န်ထမ်းများအား ကြိုတင်မဲများထည့်ခိုင်းသည်ဟု ၎င်းဌာနနှင့် နီးစပ်သူ တဦးက ဧရာဝတီကို ပြောသည်။
အဆိုပါဌာနမှဝန်ထမ်းများသည် စစ်တပ်အရာရှိများနှင့် ဌာနအရာရှိများရှေ့တွင်မဲထည့်ရသဖြင့် ထောက်ခံမဲများကိုသာ ထည့်ခဲ့ရကြောင်းလည်း သိရသည်။ ယင်းဌာတွင်တာဝန်ထမ်းဆောင်သည့် ၀န်ထမ်း ၃၀၀ ခန့် ရှိသည်။
အန်အယ်လ်ဒီပါတီ အထူးပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွန့်က “မုန်တိုင်းကယ်ဆယ်ရေးကော်မတီကို သေဆုံးခြင်းစာရင်း၊ ဒဏ်ရာရခြင်းစာရင်း၊ ပျက်စီးဆုံးရှုံးမှုစာရင်းတွေ၊ ကျောင်း၊ ဆေးရုံ အစရှိတဲ့ အဆောက်အအုံများစာရင်းကို ကျနော်တို့ရဲ့ တိုင်းနဲ့ နယ်ပြည်နယ်တွေက လူတွေကို ၁၆ ရက်နေ့ နောက်ဆုံးထားပြီးပေးပို့ဖို့ ညွန်ကြားထားပါတယ်” ဟုပြောသည်။
ပြည်သူလူထု၏အတိဒုက္ခများကို ထောက်ထားညှာတာပြီး အခြေခံအဆောက်အအုံများကို လျင်မြန်စွာ ပြန်လည်တည် ဆောက်ရန်နှင့် ပြည်သူလူထု၏အခက်အခဲများကို ပံ့ပိုးပေးရန်အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအကူအညီများ အမြန်ဆုံးလိုအပ်လျှက်ရှိကြောင်း ယမန်နေ့က ပြည်သူတို့ကိုယ်စား အန်အယ်လ်ဒီပါတီက မေတ္တာရပ်ခံထားသည်။
Source
No comments:
Post a Comment