Saturday, May 17, 2008

ကယ်တော်မူကြပါဟု အော်သူကအော်

မောင်ဒီး စနေနေ့၊ မေလ 17 2008

နယူးဒေလီ။ ။ ဆိုင်ကလုံးမုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရသောဒေသများတွင် ညဥ့်နက်သန်းခေါင်အချိန်၌ လယ်ကွင်းများထဲမှ အသံများကို ကျေးရွာသားများ ကြားကြရသည်ဟု ဆိုသည်။

"ကယ်တော်မူကြပါ၊ ကျနော်တို့ကို ကယ်တော်မူကြပါ" ဟု ထိုအသံများက အော်နေကြသည်ဟု ဆိုသည်။ ကျေးရွာသားများက လက်နှိပ်ဓါတ်မီးများသုံးပြီး လယ်ကွင်းများထဲသို့ ထွက်ရှာသော်လည်း ဘာမျှမတွေ့ကြရဟုလည်း ဆိုသည်။

"ဒါသေသွားတဲ့လူတွေ တစ္ဆေဖြစ်ပြီး ခြောက်နေတာဘဲလို့ ကျနော်တော့ ယုံတယ်။ သူတို့က မုန်တိုင်းထဲမှာသေတာ ရိုးရိုးတန်းတန်း သေတာမှ မဟုတ်တာ" ဟု မေ ၂ ရက်နှင့် ၃ ရက်နေ့များက နာဂစ်ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဧရာဝတီတိုင်း၊လပွတ္တာမြို့နယ်၊ ပိန္နဲကုန်းကျေးရွာသား တဦးက ပြောပါသည်။

ဤသို့ မတော်တဆအန္တရာယ်များနှင့် တွေ့ကြုံပြီး သေဆုံးသွားခဲ့ရသူများသည် မကျွတ်မလွတ်ဘဲ သူတို့ချစ်ခင်နှစ်သက်သူတို့ အနားတွင်သာ တဝဲလည်လည် ဆက်လက်နေထိုင်နေကြသည်ဟု ဗုဒ္ဓဘာသာဝင်များက ယုံကြည်ကြသည်။

"ဆိုင်ကလုံးမုန်တိုင်းထဲ သေသွားတဲ့ သူတို့မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ သူတို့အနားမှာဘဲ ထိုင်နေတာကို တွေ့ရတယ်လို့ အဲဒီလူတွေပြောတာ ကျနော်ကြားခဲ့တယ်" ဟု ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်သို့ သွားရောက်ခဲ့သည့် လူမှုရေးလုပ်သားတဦးက ဆိုပါသည်။

"ဝိဥာဉ်တွေဟာ ဘယ်မှမသွားဘဲ အသက်ရှင်နေသလိုဘဲ သူတို့ကလေးတွေအနားမှာဘဲ နေနေတယ်"။

အသက်ဘေးမှ လွတ်မြောက်ခဲ့သူ အများအပြားသည် မိဘများ၊ ကလေးများ၊ ဥစ္စာပစ္စည်းများ သူတို့မျက်စိအောက်မှာပင် ဆုံးရှုံးသွားခဲ့ရသဖြင့် တုန်လှုပ် ခြောက်ခြားနေကြသည်ဟု ဆိုသည်။

"ဒီဆိုင်ကလုံးမုန်တိုင်းက အသက်မသေကျန်ခဲ့သူတွေဟာ စိတ်ဓါတ်အရ တော်တော်ထိခိုက် ခြောက်ခြားပြီးကျန်နေခဲ့တယ်လို့ ကျနော်ထင်တယ်။ သူတို့ကအသံတွေ၊ ပုံတွေ၊ အရာဝတ္ထုတွေကို မြင်နေကြားနေရတာလို့ ကျနော်ထင်တယ်။ သူတို့ကိုနေ့ခင်းမှာ ကြည့်ရင်ပုံမှန်ဘဲ။ ညရောက်မှ သူတို့ချစ်ခင်စုံမက်ရသူတွေရဲ့ အသံတွေကြားရ၊ အရုပ်တွေမြင်ရတော့တာ" ဟု မြစ်ဝကျွန်းပေါ်ဒေသရှိ ဆိုင်ကလုံးဒုက္ခသည်များကို စေတနာ့ဝန်ထမ်း အကူအညီပေးနေသည့် ရန်ကုန်မြို့မှ သမားတော်ကြီးက ပြောပါသည်။
"ဒီတော့ သူတို့က ဝိဥာဉ်တွေ၊ တစ္ဆေတွေလို့ ထင်ကြတော့တာပေါ့" ဟု အဆိုပါဆရာဝန်ကြီးက ပြောသွားပါသည်။

ထိုသို့ အသက်ရှင်လွတ်မြောက်လာသူများ မိမိတို့ကျေးရွာများမှ မြို့ပေါ်သို့ အစားအစာနှင့်ရေရရေးအတွက် ထွက်ပြေးလာရချိန်တွင် အလောင်းအများအပြား ရေထဲတွင် မျောလျက်ပင် ရှိသည်။

တစ္ဆေများသည် သူတို့ကို ခြောက်ရုံသာခြောက်၍ ဒုက္ခမပေးနိုင်ဟု မြန်မာများက ယုံကြည်ကြသည်။

သူတို့ပြောနေသော တစ္ဆေပုံပြင်တပုဒ်က ဤသို့ဆိုသည်။ သူ့မိသားစုမကြည့်ရသေးဘဲ သူ့အလောင်းကို ယူသွားရကောင်းလားဟု ဆိုကာ မိန်းမတဦးက သူ့ကိုပါးရိုက်ခဲ့သည်ဟု စစ်သားတဦးက အိပ်မက်မက်သည်။ သူ့မိသားစုက သူသေသည်ကိုအတည်မပြုနိုင်ခင် လူအများရှေ့တွင် ကိုယ်လုံးတီးအဝတ်မဲ့ သယ်သွားသည်ဟုလည်း အဆိုပါအမျိုးသမီးက ထိုစစ်သားကိုပြောသေးသည်ဟု ဆိုသည်။

Source

No comments: