အောင်ကျော်
“လွတ်သော ငါးကြီးသည်” ဟု မြန်မာစကားရှိသလို “A bird in the hand is worth than two in the bush”ဟု အင်္ဂလိပ် စကားပုံ ရှိပါသည်။ ရလာသည့် အခွင့်အရေးကို အမိအရမဆုပ်ကိုင်နိုင်လိုက်၍ လက်လွတ်သွားလျှင် နောင်ခါကျမှ နောင်တ ရတတ်ပုံကို ညွှန်းဆိုခြင်း ဖြစ်ပါသည်။
၁၉၈၈ အရေးအခင်းကာလက အစိုးရအာဏာစက် မသက်ရောက်တော့သည့်အချိန်၊ တပ်မတော်သားများ ဒီမိုကရေစီဖက်သို့ အလုံးအရင်းဖြင့် ကူးပြောင်းစပြုနေသည့်အချိန်မှာ အခွင့်ကောင်းယူ၍ ၀န်ကြီးချုပ်ဟောင်း ဦးနုက မိမိအာဏာကို ပြန်လည် ရယူလိုက်ကြောင်း ကြေငြာပေးခဲ့သည်။ ထို့ပြင် အစိုးရအဖွဲ့ဝင် ၀န်ကြီးစာရင်းကိုပါ ထုတ်ပြန်ခဲ့သည်။
အချိန်က ဒီမိုကရေစီဖက်သားတို့ အင်အားအကောင်းဆုံးအချိန်။ တပ်မတော်ကိုယ်တိုင် အခြေပျက်နေချိန်။ အစိုးရ မလှုပ် ရှားနိုင်တော့သည့်အချိန်။ တပ်မတော်သားများ ဘက်ပြောင်း ၀င်လာနေကြသည့်အချိန်။ သည်အချိန်မျိုးမှာ ဦးနုက ကြေငြာ ပေးခဲ့သည်မှာ အချိန်ကိုက် လှုပ်ရှားဆောင်ရွက်မှုပင် ဖြစ်သည်။
တကယ်ဆို ထိုအခွင့်ကောင်းကို လက်လွတ်မခံဘဲ အရယူလိုက်နိုင်ကြလျှင်၊ ဒီမိုကရေစီဖက်သားတို့ ကြားဖြတ်အစိုးရ ဖွဲ့နိုင် ကြမည်။ မိမိတို့လိုချင်သော ပန်းတိုင်အရောက် လှမ်းနိုင်ကြမည်။ တပ်မတော်သားများအဖို့လည်း ရွေးချယ်စရာလမ်း မရှိ တော့သည့်အတွက်ကို လာရောက်ပူးပေါင်းကြတော့မည်။
ထိုစဉ်က နိုင်ငံရေးခေါင်းဆောင်များက မည်သို့တုန့်ပြန်ခဲ့ကြပါသနည်း။ ဦးနုသည် အာဏာရူး ဖြစ်သည်။ ၎င်းအာဏာလိုချင် သဖြင့် စတန့်ထွင်ခြင်းဖြစ်သည်ဟု ပြောကြသည်။ ထင်ရှားသော ခေါင်းဆောင် တစ်ယောက်ကဆိုလျှင် သည်လိုပွဲလန့် ဖျာခင်း ဒီမိုကရေစီမျိုး မလိုချင်ဟုပင် ပြောခဲ့သည်။ အချို့ကလည်း အစိုးရအဖွဲ့စာရင်းတွင် မိမိအမည်ပါလာပေမင့် မိမိဆန္ဒ မပါကြောင်း ထို့ကြောင့် ပြတ်ပြတ်သားသား ငြင်းပယ်ရခြင်းဖြစ်ကြောင်း ပြောခဲ့ကြသည်။
အမှန်တော့ ဦးနုသည် အသက်ရှစ်ဆယ်ကျော်နေပြီ။ မိမိသိပ်မနေရတော့ဘူး ဆိုသည်ကိုလည်း သိသည်။ သို့ရာတွင် နောင်လာနောက်သားများအတွက် စစ်အစိုးရ၏ စစ်ဖိနပ်အောက်မှ အရဲစွန့်ကာ ဆွဲထုတ်ပေးဖို့ ကြိုးပမ်းသွားခြင်းကြောင်း မိမိလည်း အသက် ရှစ်ဆယ်ကျော်နေ၍ ကြာကြာမနေရတော့ မှန်းလည်း သိပါလိမ့်မည်။ အစိုးရ၏ အဖမ်းအဆီးသာခံရလျှင် သေဒဏ်ပေးခံရမည့် ပြစ်မှုကြီးဖြစ်သည်။ နောင်လာ နောက်သားတွေ ကောင်းစားရစ်ကြပါစေတော့ ဆိုသည့်စေတနာ။ ထိုစဉ်က နိုင်ငံရေးစင်မြင့်ပေါ်မှ ပုဂ္ဂိုလ်တိုင်းသိခဲ့ကြပါသည်။ အာဏာရယူပြီးလျှင် နိုင်ငံရေးခေါင်းဆောင်များနှင့် ညှိနှိုင်းကာ ကြားဖြတ်အစိုးရ တစ်ခုဖွဲ့ပေးပြီး အနားယူရုံသာ။
အာဏာပြန်သိမ်းလိုက်ပြီဟု ကြေငြာခြင်းသည် နိုင်ငံတော်အပေါ် သစ္စာဖောက်မှုကြီးဖြစ်ကြောင်း ကိုယ်တိုင် ၀န်ကြီးချုပ် လုပ်သက်ရင့်နေသူ တစ်ဦးအနေဖြင့် သိပါလိမ့်မည်။ တကယ်တော့ ဦးနုက မိမိအသက်နှင့် လောင်းကြေး ထပ်ခဲ့ခြင်းပင် ဖြစ်ပါသည်။
အားနည်းချက်တစ်ခုဘဲ ရှိသွားသည်။ မိမိ အာဏာပြန်သိမ်းမည့်အကြောင်း မည်သူတစ်ဦး တစ်ယောက်ကိုမျှ ဖွင့်ဟတိုင်ပင် နိုင်ခြင်း မရှိခဲ့ခြင်းပင်။ စဉ်းစားကြည့်ပါ။ ဥပဒေကြောင်းအရ အကြီးဆုံး ပြစ်မှုကြီးကို ကျူးလွန်ရတော့မည့် အနေအထား၊ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မည့် ကိစ္စကြီးမှာ မည်သူ့ကိုမျှယုံကြည်စိတ်ချစွာ ဖွင့်ဟတိုင်ပင်၍ မရကောင်းမှန်း အများ သိကြပါလိမ့်မည်။
အကယ်၍သာ ထိုစဉ်က ဒီမိုကရေစီ ဖက်တော်သားအားလုံးက သဘောပေါက်ပြီး စုစည်းညီညွတ်စွာ ၀ိုင်းရံပေးလိုက်ကြမည် ဆိုပါလျှင်၊ ကျွန်တော်တို့တစ်တွေ လွန်ခဲ့သည့် အနှစ်နှစ်ဆယ် အချိန်ကတည်းက ဒီမိုကရေစီ ရနေလောက်ပြီ။
အခုတော့ ပွဲလန့်ဖျာခင်း ဒီမိုကရေစီ မလိုချင်သူလည်း နေအိမ်အကျယ်ချုပ်ဖြင့်။ ဦးနုအာဏာရူးတာပါ ဆိုသူလည်း ပြည်ပ မှာဘဲ အရိုးထုတ်ရတော့မည်။ သူတပါးကို အပြစ်ပြောနေခြင်း မဟုတ်ပါ။ နိုင်ငံရေးလုပ်နေပြီး နိုင်ငံရေးပါး မ၀ခြင်းကိုသာ အားမလိုအားမရ ဖြစ်မိပါသည်။ ဒါက ပထမဆုံး လွတ်ထွက်သွားသည့် အခွင့်အလမ်း။
ဒုတိယကတော့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ခံရစဉ်က။ စစ်အစိုးရသည် တရားဝင် အစိုးရမဟုတ် ကြောင်း။ မိမိတို့သာ အရွေးကောက်ခံ ပြည်သူ့ကိုယ်စားလည်များ ဖြစ်ကြောင်း၊ နိုင်ငံတကာကသိအောင် မလုပ်နိုင်ခဲ့ကြခြင်း က ဒုတိယလက်လွတ်ခံလိုက်ရသည့် အခွင့်အလမ်းပင် ဖြစ်ပါသည်။ ထိုစဉ်က စစ်အစိုးရ၏နောက်တွင် ရပ်တည်ပေးမည့် နိုင်ငံမရှိသေး။
NCGUB ဖွဲ့စည်းနိုင်ခဲ့ခြင်းသည် အောင်မြင်မှုတစ်ခုဖြစ်ပါသည်။ သိုရာတွင် စစ်အစိုးရကို တရားမ၀င်အစိုးရအဖြစ် ဘယ်သော အခါကမျှ မကြေငြာနိုင်ခဲ့ပါ။ ကုလသမဂ္ဂ စင်မြင့်မှလည်း မောင်းမထုတ်နိုင်ခဲ့ကြပါ။ အဆိုးဆုံးက မိမိမှာ ဘာကျောထောက် နောက်ခံမှ မရှိပါဘဲလျှက် “အကြမ်းမဖက်သောနည်းဖြင့် ဖြေရှင်းရေး”၊ “နိုင်ငံရေး ပြဿနာများကို တွေ့ဆုံဆွေးနွေးခြင်း နည်းဖြင့် ဖြေရှင်းရေး” ပေါ်လစီများ ချမှတ်လာခြင်းဖြစ်ပါသည်။ ၎င်းနှစ်နည်စလုံးမှာ နိုင်ငံရေးလောကတွင် အလွန်အရသာ ရှိလှသော ပြော၍အကောင်းဆုံးသော စကားလုံးများဖြစ်ပေမည့် လုံးဝအသုံးမ၀င်ချေ။
အကြမ်းမဖက်သောနည်းကို နောက်ထောက် ကျောခံရှိထားမှသာ သုံးရန်သင့်ပါသည်။ အိန္ဒိယတွင် မဟတ္တမဂန္ဓီကြီး၊ တောင်အာဖရိကတွင် နယ်လဆင်မင်ဒဲလားတို့ ကျင့်သုံးအောင်မြင်ခဲ့ကြသည် မှန်ပါသည်။ မဟတ္တမဂန္ဓီကြီး၏ နောက်တွင် တက်ကြွစွာ ထောက်ခံနေကြသော သူပြောသည့်အတိုင်း လိုက်လုပ်နေကြသော အိန္ဒိယပြည်သူများ ရှိကြပါသည်။ နယ်လဆင်မင်ဒဲလား၏နောက်တွင် အင်အားကြီးသော ANC အာဖရိက အမျိုးသားကွန်ဂရက်ကြီး ရှိနေပါသည်။ ထိုအင်အား စုများ၏ ဆန့်ကျင်မှုကိုမခံနိုင်တော့၍ အပြောင်းအလဲ လုပ်ပေးလာရခြင်း ဖြစ်ပါသည်။
ကျွန်တော်တို့မှာ ထိုအင်အားမျိုး မရှိဟုဆိုရပါမည်။ ထိုသို့မရှိရသည့်အထဲက တွေ့ဆုံဆွေးနွေးရေးအတွက် အစိုးရအငြိုငြင် မခံလို၍ ကိုယ့်ဖက်က နစ်နာနေရသည်ကိုပင် ထုတ်မပြောရဲသည့်ဘ၀။ နောက်ဆုံး ဒီပဲယင်းမှာ လုပ်ကြံခံလိုက်ရသည်ကိုပင် အရိုက်ခံရသူတရားလိုကို နေအိမ်အကျယ်ချုပ်ဖြင့် ပြောင်ပြောင်တင်းတင်း ချုပ်နှောင်ခံရသည့်ဘ၀ ဆိုက်နေပါပြီ။
ကဲ … တွေ့ဆုံဆွေးနွေးရေးဆိုတာကြီးကကော အလုပ်ဖြစ်ပါ့မလား။ လက်ရှိအစိုးရသည် မည်သူ အသိအမှတ်ပြုပြု မပြုပြု စင်မြင့်ပေါ်ရောက်နေပါပြီ။ ရာဇပလ္လင်ပေါ်ရောက်လို့မှ အနှစ်နှစ်ဆယ် ကျော်နေပါပြီ။ ကိုယ့်ကိုယ်ကိုတောင် ဘုရင်ဟုပင် အထင်ရောက်နေပါပြီ။ စစ်တပ်ကို ကြိုက်သလို အမိန့်ပေးခိုင်းနိုင်နေပါပြီ။ တက်ကြွသည့် နိုင်ငံရေးအတိုက်အခံများ အားလုံး နီးပါး ထောင်ထဲထည့်ထားနိုင်ပါပြီ။ သူတို့အလိုကျ အခြေခံဥပဒေကိုပင် ပြဌာန်းနိုင်နေပြီ။
အခုကာမှ တိုင်းပြည်ရှေ့ရေး ဆွေးနွေးချင်လို့ပါဆိုလျှင်၊ ဘာအကြောင်းနှင့် ဆွေးနွေးဖို့လိုနေပါသေးသနည်း။ ဆွေးနွေးမည် ဆိုကတည်းက သူတို့မှာ အားနည်းချက်ရှိလို့ဟု စွပ်စွဲရာရောက်ပေမည်။ သူတို့ရဲ့ Road Map ခုနစ်ချက်တွင် တွေ့ဆုံ ဆွေးနွေးရေးမပါပါ။
သူကြီးရေ့ … ခင်ဗျားလုပ်နေပုံတွေ ဟန်မကျလို့ ကျုပ်တို့နဲ့ဆွေးနွေးရအောင် ပလ္လင်ပေါ်ကနေ ဖျာပေါ်ဆင်းခဲ့ပါဟု ပြောနေ သယောင်ပင်။ ကိုယ်တိုင် သူကြီးဖြစ်နေယင်ကော အဲသလို အပြောခံနိုင်ကြပါ့မလား။ ကဲ … သဘောကောင်းလို့ လိုက်လျော ပြီး ဆွေးနွေးပါမယ်တဲ့။ လက်ရှိအားဖြင့် သူက ဆင်ပေါ်ကလူ။ သူမကြိုက်လို့ မဆွေးနွေးဘူးဆိုတော့ကော ဘာတတ်နိုင်ကြ ပါမည်နည်း။ ဦးနေ၀င်းလက်ထက်က တွေ့ဆုံဆွေးနွေးပွဲလုပ်ခဲ့တာကို ပြန်ပြီး သင်ခန်းစာ ယူကြစေချင်ပါသည်။ သူက အာဏာရှိထားသူဆိုတော့ သူမဆွေးနွေးဘူးဆိုတာနဲ့ ဆွေးနွေးပွဲပျက်ခဲ့သည်။
အဲသည့်အချိန်ကျမှ ပြန်တိုက်ကြဖို့ဆိုတော့ အရမ်းကိုနောက်ကျသွားပြီ။ တွေ့ဆုံဆွေးနွေးချင်လျှင် ကိုယ်အာဏာရအောင် အရင်လုပ်မှဖြစ်မှာပါ။ သည်လိုနှင့် ဗမာပြည်ကွန်မြူနစ်ပါတီကြီး ပျောက်ကွယ်သွားခဲ့ရပြီ။ ငြိမ်းချမ်းရေးအဖွဲ့တွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ပျောက်ကွယ်ကြရတော့မည်။
အခုကော … ၁၉၉၀ ရွေးကောက်ပွဲပြီးစက မြေပေါ်မှာဆိုလည်း အားလုံးက မခံချင်စိတ်တွေနှင့် တင်းနေကြသည်။ တပ်မတော်အတွင်းကကို NLD ကို အင်တိုက်အားတိုက် ထောက်ခံခဲ့ကြသည်။ မြေအောက်မှာကျ ABSDF ကျောင်းသားတပ် မတော်ကြီး ရှိနေပြီ။ ပြည်ပမှာလဲ အဝေးရောက် အစိုးရအဖွဲ့နဲ့ဘာနဲ့။ ငြိမ်းချမ်းရေးအဖွဲ့တွေရဲ့ အားကလည်းရှိသေးသည်။ ဦးဆောင်မှု ပေးနိုင်မည့် ခေါင်းဆောင်ကောင်းပဲ လိုအပ်ခဲ့သည်။
သည်တုန်းက ဦးကြည်မောင်က တင်ပြခဲ့ဖူးသည်။ တဖက်က တွေ့ဆုံဆွေးနွေးရေးလုပ်သလို၊ တစ်ဖက်ကလည်း ကိုယ်ပိုင် အင်အား ထူထောင်ထားဖို့။ ဦးကြည်မောင်ဆိုသည်က နှယ်နှယ်ရရ မဟုတ်။ စစ်ရေးရော နိုင်ငံရေးအမြင်ပါရှိသူ။ နိုင်ငံရေးပါး ၀သူ။ ဗိုလ်အောင်ကျော် အရိုက်ခံရ၍ လဲကျသွားချိန်က အလံလဲကျမသွားအောင် ရှေ့ဆုံးက ဆက်လက်တာဝန်ယူ ဦးဆောင် ချီတက်ခဲ့သူ။ ကျောင်းသားခေါင်းဆောင်ဟောင်း။ ဦးကြည်မောင် တင်ပြချက်ကို လက်မခံခဲ့။ နောက်ဆုံးတော့ ဦးကြည်မောင်သာ NLD ကို ကျောခိုင်းသွားခဲ့ရသည်။
ကဲ … အခုတော့ ဘာကျောထောက်နောက်ခံမှမရှိဘဲ ဘယ်လိုလုပ် တွေ့ဆုံဆွေးနွေးရေး လုပ်ကြမှာလဲ။ ဘယ်သူက အရေးလုပ် နားထောင်နေမှာလဲ။ ကျောင်းသားတပ်မတော်ကို အင်အားမဖြည့်လိုက်နိုင်တော့ စစ်တပ်က သဘောကျပေါ့။ သူ့အင်အားကို ရသမျှချဲ့ပစ်လိုက်သည်။ သည်လိုနှင့် ကျောင်းသားတပ်မတော် ပျောက်ကွယ်သွားရတော့မည်။
တွေ့ဆုံဆွေးနွေးရေးဆိုသည်မှာ တစ်ဖက်သား မလိုက်လျောသေးသမျှ ဘာမှလုပ်မရ ဖြစ်သွားတတ်ပါသည်။ နိုင်ငံရေး အခွင့်အလမ်းအားလုံး ပိတ်ဆို့သွားတတ်ပါသည်။ အခုလဲကြည့်ပါ။ တွေ့ဆုံဆွေးနွေးရေး Stake က နအဖလက်ထဲမှာ။ NLD အဖို့ နအဖ၏ အရိပ်အကဲကိုပဲ စောင့်မျှော်နေရသည့်ဘ၀ ရောက်နေပါပြီ။
အင်အားကြီးနိုင်ငံများကထိပ်ဆုံးကသမတကြီးတွေကိုယ်တိုင်က မြန်မာ့ဒီမိုကရေစီရေးအတွက် ကူညီပံ့ပိုးပေးချင်တာတောင် “တွေ့ဆုံဆွေးနွေးရေး” လုပ်ချင်နေကြတာမို့ ဘယ်ကစလို့ ဘာကူညီရမှန်းမသိ ဖြစ်နေကြပြီလေ။ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာအောင် ဂန်ဘာရီလည်း မတတ်နိုင်ပါ။ ဘန်ကီးမွန်းလည်း မတတ်နိုင်ပါ။ နအဖ စိတ်မပါသေးသ၍ ခံပေဦးတော့ နှစ်ပေါင်းများစွာ။ အဲ … တိုင်းပြည်ပျက်တော့မည်ဆိုလျှင်တော့ ဒရောသောပါး ဆွေးနွေးနိုင်ဖို့ ကြိုးစားလာကြပါလိမ့်မည်။
ဖက်ဆစ်ဂျပန်တော်လှန်ရေးတုန်းက ဗိုလ်ချုပ်ဘာလုပ်ခဲ့ပါသနည်း။ ဖက်ဆစ်တွေကို ဘယ်လိုမောင်းထုတ်နိုင်ခဲ့ပါသနည်း။ ရှေ့သွားလမ်းပြရှိပြီးသားပါ။ ဘာဖြစ်လို့ သည်လမ်းမရွေးခဲ့ကြပါသနည်း။ ပြည်တွင်းစစ် ဖြစ်မှာစိုးလို့ဟု အကြောင်းပြကြ သည်။ ယခုအခြေအနေက ပြည်တွင်းစစ်ဖြစ်သည်ထက် ပိုဆိုးနေသည်။ ပြည်သူတွေအဖြစ်က ရေထဲထည့်ပြီးမှ မီးတိုက် သတ်ခံရသည့် ငါးကလေးတွေလို ဖြစ်နေသည်။ ရေပူမှာသာ ထည့်ခံရလျှင် ချက်ချင်း ခုန်ထွက်နိုင်မှာဖြစ်ပေမည့် ရေအေး ထဲမှာဆိုတော့ ပူလို့ ပူမှန်းမသိ။ တဖြည်းဖြည်းချင်းမှ ရေဆူပွက်သည့်ဒဏ်ကို တမြေ့မြေ့ခံစားရပြီး ဘ၀အဆုံးခံရမလို ဖြစ်နေကြပြီ။
သနားစရာ အကောင်းဆုံးကတော့ ခေါင်းဆောင်ကြီးတွေကို ယုံကြည်အားထားပြီး စွန့်လွှတ်စွန့်စား ကြိုးစားအားထုတ်ခဲ့ကြ ရတဲ့ ရဲဘော်များ ထောင်ထဲမှာပဲ အရိုးထုတ်ကြရတော့မယ့် အနေအထားပါ။ ကျွန်တော်တို့ ဘာများလုပ်ပေးနိုင်ကြပါသနည်း။ ခုပုံအတိုင်း သွားနေလို့ကတော့ ခေါင်းဆောင်ကြီးတွေမပြောနှင့် ကျွန်တော်တို့တွေ မသေခင်တောင် ဒီမိုကရေစီဆိုတာကြီး မြင်မှ သွားကြရပါ့မလားဗျာတို့ … ။ ။
စာရေးသူသည် မြန်မာပြည်တွင်းရှိ ဧရာဝတီ စာဖတ်ပရိသတ်တဦး ဖြစ်သည်။
No comments:
Post a Comment