ကိုထွေး | စက်တင်ဘာ ၁၂၊ ၂၀၀၈
နေအိမ် အကျယ်ချုပ် ကျခံနေရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးကြည်ဝင်းတို့ ယမန်နေ့က အချိန် ၂နာရီခန့် တွေ့ဆုံခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ တင်းကျပ်မှုတချို့ကို လျော့ချပေးလိုက်ကြောင်း ဦးကြည်ဝင်းက ဧရာဝတီသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသော စာဖတ်ခွင့်အတွက် တိုင်းမဂ္ဂဇင်း (Time magazine)၊ နယူးစ်ဝိခ် မဂ္ဂဇင်း (Newsweek magazine) စသည့် နိုင်ငံတကာ မဂ္ဂဇင်း ကြီးများနှင့် မြန်မာသတင်းစာများကို မှာယူဖတ်ရှုခွင့်ပြုခြင်း၊ နိုင်ငံရပ်ခြားရှိ ၎င်း၏ သားထံမှ ပေးပို့စာကိုဖတ်ရှုခွင့်ပြုခြင်းနှင့် အကန့်အသတ်ခံနေရသော အတူနေ ဒေါ်ခင်ခင်ဝင်းတို့ သားအမိအား လွတ်လပ်စွာ ပြင်ပသို့ သွားလာခွင့်ပြုခြင်းတို့ကို အာဏာပိုင်များက ခွင့်ပြုလိုက်သည်ဟု ဦးကြည်ဝင်းက ပြောပြသည်။
“မနေ့ကတော့ အပြုသဘောဆောင်တဲ့လက္ခဏာ တွေ့ရပါတယ်၊ ပထမဆုံးအနေနဲ့ ဒေါ်စုက သူ့သားရေးတဲ့ စာတွေကို လက်ခံမရတာ ကြာပါပြီ၊ ဘယ်လောက်ကြာပြီလဲ ဆိုတာ ကျနော် မသိဘူး၊ အဲဒါကို စာရေးပြီး အထူး သတင်းတပ်ဖွဲ့ကို မေတ္တာရပ်ခံထား တယ်၊ အဲဒါတွေက တားဆီးမိန့်ထဲမှာ မပါဘူး၊ တချို့ဘယ်လောက်ထိ ပြောသလဲဆို အကျဉ်းထောင်ထဲမှာ အကျဉ်းကျခံနေရတဲ့ ထောင်သားတွေတောင်မှ အဲဒီလောက် ကန့်သတ်မှုမရှိဘူး၊ အခု ခွင့်ပြုတယ်၊ ဒေါ်စုလည်း တော်တော်ပျော်သွားတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေ့စဉ်ပေးပို့နေသောဈေးခြင်းကို ငြင်းပယ်ထားရာမှ ပြန်လည် လက်ခံလာဖွယ်ရှိ ကြောင်း၊ လာမည့်တနင်္ဂနွေနေ့တွင် မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းနှင့် တွေ့ဆုံ၍ ကျန်းမာရေး စစ်ဆေး မည်ဖြစ်ကြောင်းနှင့် ဒေါက်တာ တင်မျိုးဝင်းက ၎င်း၏ သားထံမှ စာကို ယူဆောင်လာမည်ဖြစ်ကြောင်းလည်း ဦးကြည်ဝင်းက ဆိုသည်။
“အဲဒီ စာတွေကို ဒေါက်တာ တင်မျိုးဝင်းနဲ့ ထည့်ပေးမယ်တဲ့၊ နောက်တခုကတော့ ဒေါ်ခင်ခင်ဝင်းတို့ သားအမိ တားဆီးမိန့် အကျုံးမ၀င် လွတ်လွတ်လပ်လပ် သွားလာနိုင်ခွင့်ကိုလည်း စာရေးမေတ္တာ ရပ်ခံထားတာ ခွင့်ပြုတယ်၊ ဒါပေမယ့် မိမိဘက်က လုပ်ထားတာကတော့ မြို့ထဲသွားရင် ဒေါ်စုအိမ်ရဲ့ မျက်စောင်းထိုးမှာရှိတဲ့ သတင်းတပ်ဖွဲ့မှာ ရှာဖွေခံဖို့ လုပ်ထားတာ ရှိပါ တယ်၊ အပြင်က ပြန်လာရင်လည်း အလားတူပါပဲ၊ မူလအခွင့်အရေးလည်း မထိခိုက် လုံခြုံမှုလည်း ဖြစ်သလို စိတ်ချလက်ချ လည်း ဖြစ်သွားတာပေါ့၊ စောစောကပြောတဲ့ ဆရာတင်မျိုးဝင်းနဲ့ တနင်္ဂနွေနေ့ ကျန်းမာရေးစစ်ဆေးရန် အတွက်လည်း အစီအစဉ်လုပ်ထားပြီး ဖြစ်တယ်။ အဲဒါပြီးရင် ဦးမြင့်စိုးရဲ့ ဈေးခြင်းတောင်းနဲ့ ပတ်သက်တဲ့ကိစ္စကိုလည်း ဆရာတင်မျိုးဝင်း ဆောင်ရွက်သွားပါလိမ့်မယ်၊ တနင်္ဂနွေနောက်ပိုင်း ဈေးခြင်းပြန် လက်ခံ မယ့် သဘောပေါ့” ဟု ၎င်းက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ထံသို့ သွားရောက်ရာတွင် ၎င်းအား လိုက်ပါပို့ဆောင်ခဲ့သော ဒု သတင်းတပ်ဖွဲ့မှူး ဦးဝင်းနိုင်ထွန်းက ဒေါ်ခင်ခင်ဝင်း၏ သမီးကျန်းမာရေးနှင့် ပတ်သက်၍ နေကောင်းလာပြီ ဖြစ်ကြောင်းနှင့် ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ရန် အနည်းငယ် ကျန်ရှိနေသေးကြောင်း ပြောပြသည်ဟု ဦးကြည်ဝင်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အစာငတ်ခံ ဆန္ဒပြသည့် သတင်းနှင့် ကျန်းမာရေး အခြေအနေတို့နှင့် ပတ်သက်၍ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းက လာမည့် တနင်္ဂနွေနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းမာရေး စစ်ဆေးပြီးနောက် ပြောဆိုမည်ဖြစ်ကြောင်းလည်း ဦးကြည်ဝင်းက ပြောသည်။
အာဏာပိုင်များဘက်မှ ကမ်းလှမ်းချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် လာမည့် ၁၅ ရက်နေ့တွင် တွေ့ဆုံမည် ဖြစ်ကြောင်းလည်း သိရသည်။
“အာဏာပိုင်တွေက ဦးအောင်ကြည်နဲ့ ၁၅ ရက်နေ့ဘယ်အချိန်မှာ တွေ့နိုင်မလဲလို့ ကျနော်ကနေတဆင့် မေးခိုင်းလိုက် ပါတယ်။ ဒေါ်စုက တွေ့ချင်ပါတယ်တဲ့၊ နှုတ်ဆက်လိုက်ပါတယ်လို့လည်း ပြောပါတယ်၊ အရင်တခေါက်ကလို မဟုတ်ဘူး၊ ဒေါက်တာတင်မျိုးဝင်းနဲ့ ကျန်းမာ ရေးစစ်ဆေးမှု အခြေအနေပေါ်မူတည်ပြီး တွေ့ဆုံပါလိမ့်မယ်”ဟု ဦးကြည်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံရမှုနှင့် ပတ်သက်သည့် အယူခံလွှာမူကြမ်းကိုလည်း အတည်ပြုရေး ဆွေးနွေးခဲ့ပြီး မူချောအဖြစ်ပြင်ဆင်ပြီးပါက သတင်းတပ်ဖွဲ့ထံ ခွင့်ပြုချက်ယူ၍ ဒေါ်အောင် ဆန်းစုကြည်နှင့် ထပ်မံတွေ့ဆုံ မည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
“ကျနော်ကတော့ ဘယ်လို ပြောရမှန်းတောင် မသိဘူး၊ အတော်လေး ၀မ်းသာတယ်၊ မနေ့က တွေ့ဆုံမှုက နှစ်ဘက်စလုံး အတွက် ကောင်းတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ သိပ်ပြီး တင်းကျပ်တယ်ဆိုတဲ့ပုံရိပ်လွှာကြီးက ပြောင်းလဲသွားတဲ့ သဘော လူလိုသူလို ဆက်ဆံတယ်ဆိုတဲ့ သဘောပေါ့၊ ၀မ်းသာတယ်ဗျာ၊ ရှေ့အလားအလာ ကတော့ လူတွေအပေါ်မှာ အများကြီး မူတည်ပါတယ်”ဟုလည်း ဦးကြည်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူလူထု၏ စိုးရိမ်မှုကို ကြားသိရ၍ ၎င်းအနေဖြင့် သဘောပေါက်ကြောင်း ပြောကြားခဲ့ သည်ဟုလည်း ၎င်းက ဆိုသည်။
ရှေ့နေကြီး ဦးကြည်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ယခု စတုတ္ထအကြိမ် မတွေ့ဆုံမီနှင့် တွေ့ဆုံပြီးချိန်များ တွင် စစ်အစိုးရ ဘက်မှ ဒု ရှေ့နေချုပ် ဦးမြင့်နိုင်၊ နေပြည်တော်မှ သတင်းတပ်ဖွဲ့မှူး ဦးတင်သိန်းတို့ နှင့် တွေ့ဆုံရ ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ပြင်ပ အစားအစာ လက်မခံခြင်းသည် စစ်အစိုးရ၏ ဥပဒေနှင့် မညီသည့် လုပ်ဆောင် ချက်များကို ကန့်ကွက်သည့်အနေဖြင့် ဖြစ်ကြောင်း ပြီးခဲ့သည့် စင်တင်ဘာ ၅ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် ဥပဒေနှင့် ညီညွတ်ခြင်းမရှိဘဲ ဆက်လက်၍ မတရားဖမ်းဆီးထားခြင်း၊ စတင်ထိန်းသိမ်း စဉ်က ဆရာဝန်နှင့် တလတကြိမ် ကျန်းမာရေးစစ်ဆေးခွင့်မည်ဆိုသည့် ကတိ ပျက်ကွက်ခြင်းနှင့် ဒေါ်အောင်ဆန်း စုကြည်အား စောင့်ရှောက်နေသော ဒေါ်ခင်ခင်ဝင်းသားအမိအား ကန့်သတ်မှုများပြုနေခြင်း စသည်တို့ကို ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်သည့် အနေဖြင့် နေ့စဉ်ပုံမှန် ပေးပို့နေသော ဈေးခြင်းကို လက်မခံရခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်က အင်တာနက် ဆက်သွယ်ရေး အသုံးပြုရန်အာဏာပိုင်များကို တောင်းဆိုထားကြောင်းလည်း အန်အယ်လ်ဒီ အသိုင်းအ၀န်းမှ ကြားသိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။
Source
No comments:
Post a Comment