မဇ္ဈိမသတင်းဌာန ဗုဒ္ဓဟူးနေ့၊ မေလ 21 2008
လေဘေးဒုက္ခသည်များဆီကို စားသောက်စရာများ သယ်ဆောင်လာသည့် လူတစုကို တွေ့လိုက်သည်နှင့် ကလေးငယ်လေးများ မှာ ကစဥ့်ကလျားနှင့် အပြေးအလွှား ရောက်လာသည်။ ပေးကမ်းသူများသည် ဘယ်သူဘယ်ဝါ ဖြစ်သည်ကိုပင် မကြည့်နိုင်ဘဲ အစားအသောက် များကိုသာ အလုအယက် တောင်းရမ်းကြသည်။
စားသောက်ဖွယ်ရာများ ယူဆောင်လာသည့် နာမည်ကြီး ရုပ်ရှင်မင်းသား၊ မင်းသမီးများကို ဒုက္ခသည် ကလေးသူငယ်များက အံ့သြကြည်နှုးမှု ရှိဟန်မတူဘဲ ခေါက်ဆွဲထုပ်များ၊ မုန့်များ၊ ဆန်များကိုသာ အငမ်းမရမြင်တွေ့ပြီး စားသောက်စရာပစ္စည်းများကိုသာ အငမ်းမရ၊ တောင်းရမ်း၊ ဆွဲယူ နေကြရလို့ သွားရောက်လှူဒါန်းကြသည့် မင်းသားများ မျက်ရည်စက်လက် ဝမ်းနည်းရပါတယ်လို့ လေဘေးဒုက္ခသည်များကို ကူညီနေသည့် အနုပညာရှင်တဦးက ပြောသည်။
နာဂစ်လေမုန်တိုင်းကြောင့် ကလေးများ မည်ရွေ့မည်မျှ သေဆုံးပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားရသည်ကို အတိအကျ မသိရှိနိုင်သော်လည်း၊ ကလေးငယ် အများစုသည် ကျောင်းနေရမည့်အရွယ်များ ဖြစ်ကြသည်။ သို့သော်လည်း ဝမ်းရေးအတွက် ကူညီပေးကမ်းမည့်သူများကိုသာ မျှော်လင့်နေရသည့် အနေအထားကိုပင် ကျော်လွှားနိုင်ခြင်း မရှိကြသေးပေ။ ကျောင်းနေရေးအတွက် ဆိုလျှင်မူ အခက်အခဲများစွာ ရှိပေလိမ့်မည်။
"သူတို့ကိုယ် သူတို့တောင် ကျောင်းတက်ရမယ်ဆိုတဲ့ အသိတောင် မရှိနိုင်တော့ဘူး။ ကျနော်တို့ ဘယ်သူတွေဆိုတာတောင် မကြည့်ကြတော့ဘူး။ ယူလာတဲ့ ဆန်တွေ၊ စားစရာတွေကိုယူဖို့ပဲ သိကြတော့တာ" ဟု ကူညီပေးနေသူ အနုပညာရှင်တဦးက ပြောသည်။
လာမည့် ဇွန်လဆန်းတွင် မြန်မာနိုင်ငံတဝှမ်း ကျောင်းအများအပြားသည် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်နေကျ ဖြစ်သော်လည်း မုန်တိုင်းဘေး အန္တရာယ် ဆိုးရွားစွာ ကျရောက်ခဲ့သည့် ဧရာဝတီတိုင်းတွင်မူ စားသောက်နေထိုင်ရေးအတွက် ကူညီမည့်သူကို မျှော်လင့်နေရဆဲ ဖြစ်သဖြင့် ကျောင်းတက်ရန် အခြေအနေ မရှိသေးပေ။
ကျောင်းဖွင့်ရက် နီးကပ်လာသော်လည်း လေဘေးဒဏ်ခံရပြီးနောက်ပိုင်း စားရေး၊ နေရေးအတွက် ရုန်းကန်နေရသည်။
အများစုမှာ နေစရာအိမ်မရှိသဖြင့် ဘုန်းကြီးကျောင်းများတွင် နေထိုင်ကြရသလို၊ အစားအသောက်ကလည်း လာလှူမှ စားရမည့်အခြေအနေ ရှိနေ သည်။
"ကလေးတွေရဲ့ ပညာရေးကတော့ စာမတတ်တော့တဲ့ ကလေးတွေ ဖြစ်နိုင်တယ်။ ရှေ့ဆက်ပြီးတော့ အသက်မွေးဝမ်းကြောင်းပညာ၊ အထက်တန်း ပညာ တို့ သင်နိုင်ဖို့အခက်အခဲတွေ ရှိလာနိုင်တော့ တကယ့်ကို စိုးရိမ်စရာပါပဲ" ဟု ထိုင်းနိုင်ငံနယ်စပ်တွင် နေထိုင်ကာ မြန်မာနိုင်ငံကလေးငယ်များ ပညာရေး တိုးတက်မြင့်မားနိုင်ရန်အတွက် ဆောင်ရွက်ပေးသူ ဒေါက်တာသိန်းလွင်က ပြောသည်။
ဧရာဝတီတိုင်းအတွင်းရှိ ကျောင်းပေါင်း ၃၇၅ဝ အနက် ၃ဝဝဝ ခန့် ပျက်စီးခဲ့သဖြင့် လေဘေးဒုက္ခသည်ကလေးများ ပြန်လည်၍ ကျောင်းတက်နိုင် ရန် အခက်အခဲရှိသေးကြောင်း ထိုင်းနိုင်ငံရှိ ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF ရုံးမှ ပြောခွင့်ရ အမျိုးသမီး ရှန်သာ ဘိုးမင်း က မဇ္ဈိမကို ပြောသည်။
လပွတ္တာမြို့နယ်အတွင်းရှိ ကျောင်း ၆ဝ ရာခိုင်နှုန်းနီးပါး ပျက်စီးနေသွားခြင်းကြောင့် ကျောင်းတက်နိုင်သည့် သူများရှိသော်လည်း စာသင်ကြား နိုင်ရန်အတွက် ကျောင်းများသည် အဆင့်သင်မရှိသေးကြောင်း လပွတ္တာပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးကြူ ပြောသည်။
သူက "ဘာမှလည်း မပြင်ရသေးဘူး၊ ကျောင်းတက်ဖို့ နေနေသာသာ လူတွေက စားဖို့သောက်ဖို့တောင် အနိုင်နိုင်၊ အမိုးအကာမရှိတဲ့ နေရာတွေ မှာ နေနေရတော့ ဘာမှ မစဉ်းစားနိုင်သေးပါဘူး" ဟု ပြောသည်။
သဘာဝလေဘေးဒဏ်ခံခဲ့ရသည့် ဒေသများမှအပ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် အခြားမြို့နယ်အတွင်းရှိ ကျောင်းများသည် မေလနောက်ဆုံးပတ် အတွင်း ကျောင်းအပ်လက်ခံကာ ဇွန်လဆန်းတွင် စတင်၍ ကျောင်းဖွင့်တော့မှာဖြစ်သော်လည်း လေဘေးဒဏ်ခံရသည့် ဒေသများတွင်တော့ ဖြစ်လာနိုင်စရာ လမ်းမမြင်သေးပါ။
အစိုးရနှင့်အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှလည်း ကျောင်းများ ပြန်လည်ပြုပြင်ရန် နအဖစစ်အစိုးရထံမှ ပြန်လည်ပြုပြင်ခွင့်ကို စောင့်ဆိုင်း လျက်ရှိပြီး ယာယီတဲများပြုလုပ်ကာ စာသင်ခန်းများအဖြစ် အသုံးပြုရေး စီစဉ်လိုကြောင်း ရှန်သာ ဘိုးမင်း (UNICEF) က ပြောဆိုလိုက်သည်။
တောင်ဒဂုံမှ ဒေသခံတဦးကလည်း "ဇွန် ၁ ရက်နေ့မှာ ကျောင်းဖွင့်မယ်ဆိုတာ ဘယ်လိုမှကလေးတွေလည်း တက်နိုင်မှာ မဟုတ်ဘူးဗျာ။ ကလေး တွေ ကျောင်းတက်ဖို့ အဆင်သင့်ဖြစ်ဖို့ မပြောနဲ့ စားဖို့၊ သောက်ဖို့တွေနဲ့ မနည်း လုံးပန်းနေရတာ။ ကျောင်းထားဖို့ ဘယ်လိုမှကို မစဉ်းစားနိုင်သေး တာပါ" ဟု ပြောသည်။
Source
No comments:
Post a Comment