ကျော်ထင်/ ၂ မေ ၂၀၀၈
စစ်အာဏာရှင်စနစ် တရားဝင်ဖြစ်ရေး ဦးတည်နေသည့် မကြာမီ ကျင်းပမည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆန္ဒခံယူပွဲသည် ဖက်ဆစ်ဆန္ဒ ခံယူပွဲသာ ဖြစ်မည်ဟု နယ်စပ် အခြေစိုက် အတိုက်အခံ တပ်ပေါင်းစုများက မှတ်ချက်ချလိုက်သည်။
ယမန်နေ့က ထုတ်ပြန်သော တပ်ပေါင်းစု (၇) ဖွဲ့၏ ဆန္ဒခံယူပွဲအပေါ် လေ့လာသုံးသပ်ခြင်း စာတမ်းတွင် မြန်မာစစ်ဗိုလ်ချုပ်များကိုယ်တိုင် ၎င်းတို့ တဖက်သတ်ရေးဆွဲထားသည့် ဖွဲ့စည်း ပုံအတည် ဖြစ်ရေးအတွက် လုပ်ဆောင်နေမှုများသည် ကမ္ဘာ့သမိုင်းတွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော ဂျာမနီမှ ဟစ်တလာနှင့် ပီရူးမှ ပီနိုရှေးတို့ ပြုလုပ်ခဲ့သည့် ဆန္ဒခံယူပွဲတို့နှင့် အတူတူပင်ဖြစ်သည်ဟု ဖော်ပြထားသည်။
နည်းမျိုးစုံနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံရန် လုပ်ဆောင်နေမှုများကို တွေ့ရှိရသော ကြောင့် တိုင်းပြည်နှင့်လူမျိုးအတွက် အလွန်အန္တရာယ်ကြီးကြောင်း၊ ကမ္ဘာပေါ်တွင် နာမည်ပျက် ခဲ့သော အာဏာရှင်များ၏ လုပ်ရပ်အတိုင်း လုပ်နေသည်ကို ပြည်သူလူထုအား အသိပေးလို၍ ယခုစာတမ်းကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း တပ်ပေါင်းစုများ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိဏ်း က ပြောသည်။
စာတမ်းတွင် စစ်အစိုးရက ယခုနှစ် အစောပိုင်း ထုတ်ပြန်ခဲ့သည့် ဆန္ဒခံယူပွဲ ဥပဒေ အပါအ၀င် လမ်းပြမြေပုံအဆင့်ဆင့်ကို အကောင်ထည်ဖော် လုပ်ကိုင်လာမှုများသည် ကုလသမဂ္ဂ အပါအ၀င်
နိုင်ငံတကာနှင့် ပြည်သူလူထုကို စိန်ခေါ်မှု စတင်လိုက်ခြင်း ဖြစ်သည်ဟု ပါရှိသည်။
နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပ အတိုက်ခံများက စစ်အစိုးရ၏ လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုနေချိန်တွင် ရန်ကုန်တိုင်း ဆန္ဒခံယူပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှစိုးက ဥပဒေ၊ နည်း ဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း လွတ်လပ်ပြီး တရားမျှတ သော ဆန္ဒခံယူပွဲဖြစ်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း ပြည်တွင်းထုတ် ဂျာနယ်များအား ပြောကြား သည်။
ထိုသို့ ပြောဆိုမှုနှင့် ပတ်သက်၍ ဦးမြင့်သိဏ်းက “free and fair ဆိုတာ ဘယ်တော့မှ မပေါ် ပေါက်နိုင်ဘူးဆိုတာကို သူတို့ရဲ့လုပ်ရပ်တွေက ထင်ရှားတယ်။
တကယ့်ဥပဒေ အနှစ်သာရအရ ကြည့်မယ်ဆိုရင်လည်း နိုင်ငံတကာမှာ လက်ခံကျင့်သုံးတဲ့ ဆန္ဒခံယူပွဲဆိုင်ရာ ဥပဒေတွေနဲ့ အများကြီး ကွဲလွဲပါတယ်။ ဒါတွေဟာ ဘယ်လို လူထုဆန္ဒကို ထုတ်ဖော်နိုင်မလဲလို့ မေးစရာရှိတယ်။ နောက်တခါ မဲရုံတည်ဆောက်မှုနဲ့ မဲရုံကြီးကြပ်မှု အဆင့် ဆင့်ထိ အားလုံးဟာ သူတို့လူတွေချည်းပဲဖြစ်တယ်” ဟု ပြောသည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌသည် တရားသူကြီးချုပ် ဦးအောင်တိုး ဖြစ်သဖြင့် မဲရုံတွင် မမျှမတ အခြေအနေများ ဖြစ်လာမည်ဆိုပါကလည်း တရားစီရင်ရေးဘက်မှ နေပြီး လွတ်လွတ်လပ်လပ် တရားစီရင်ပိုင်ခွင့်ကို မတွေ့ရကြောင်း ၎င်းက ပြောသည်။
Source
No comments:
Post a Comment