အောင်သက်ဝိုင်း | မေ ၂၊ ၂၀၀၈
ရန်ကုန်မြို့တွင်း စက်မှုဇုန်များနှင့်ဈေးကြီးများရှိ ကုန်သည်များနှင့် လုပ်ငန်းရှင်များ၊ အလုပ်သမားများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတည်ပြုရေး ဆန္ဒခံယူပွဲတွင်ထောက်ခံမဲပေးရန် ရန်ကုန်မြို့တော်ဝန်ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ဖိအားပေး စည်းရုံးမှုများ ပြုလုပ်နေသည်ဟု ကုန်သည်များနှင့် လုပ်ငန်းရှင်များကပြောကြားသည်။
ရန်ကုန်မြို့ စည်ပင်သာယာလက်အောက်ခံဈေးများနှင့် စက်မှုဇုန်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ထောက်ခံမဲပေးရန် စည်းရုံးလှုပ်ရှားမှုများကို ဧပြီလ လယ်ခန့်မှ စ၍ ဗိုလ်မှုးချုပ်အောင်သိန်းလင်းကိုယ်တိုင် ဦးစီးပြီး စက်မှုဇုန် ကော်မတီဝင် များနှင့် ဈေးကော်မတီဝင်များအား တွေ့ဆုံပွဲများပြုလုပ်ကာ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ၏ စီးပွားရေး လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် လာမည့် မေလ ၁၀ ရက်နေ့ ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးရမည် ဟု အတင်းအကျပ်တိုက်တွန်း နေကြောင်း ဘုရင့်နောင် ပွဲရုံ ကုန်သည်များနှင့် တောင်ဒဂုန် စက်မှုဇုန် လုပ်ငန်းရှင်များက ပြောသည်။
“မြို့တော်ဝန်က ဒီမိုကရေစီလိုချင်ရင် ထောက်ခံမဲပေးပါ၊ ထောက်ခံမဲမပေးရင်ဒီမိုကရေစီ ဘယ်လိုမှ မရနိုင်ဘူး၊ အဖြူရောင် မဲတွေ ကို သာမြင်ချင်ပါတယ်လို့ ပြောသွားတယ်”ဟု ဘုရင့်နောင်ပွဲရုံ ဆီ ကုန်သည်ကြီး တဦးက ပြောပြသည်။
ဗိုလ်မှူးချူပ်အောင်သိန်းလင်း၏ ညွှန်ကြားချက်အရဘုရင့်နောင် ဈေးသာယာရေးကော်မတီအဖွဲ့က ကုန်သည်များနှင့် ဘုရင့်နောင်ကုန်စည်ဈေးကွက်ကို မှီခို၍ လုပ်ကိုင်စားသောက်နေရသော ကုန်တင်ကုန်ချလုပ်သားများ၊ ဆိုက် ကားသမား များနှင့် ကုန်တင်ယာဉ်မောင်းများကိုဆင့်ခေါ်ကာဆန္ဒခံယူပွဲတွင်ထောက်ခံမဲပေးကြရန် စည်းရုံးပြောဆို မှုများနေ့စဉ်ကဲ့သို့ ပြုလုပ်နေကြောင်းသိရသည်။
ရန်ကုန်မြို့၏ ကုန်စည်ရောင်းဝယ်ဖောက်ကားရာ ဘုရင့်နောင်ပွဲရုံနယ်မြေသို့ ဧပြီလ ၂၄ ရက်နေ့တွင်ရန်ကုန်မြို့ တော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်း လာရောက်ပြီး ကုန်သည်များ၊ ပွဲရုံပိုင်ရှင်များ နှင့် တွေ့ဆုံကာ ယခုကဲ့သို့ ဘုရင့်နောင် ကုန်စည် ဈေးကွက်တွင် စီးပွားရေးလုပ်ငန်းများ၊ ကုန်စည် ရောင်းဝယ်ဖောက်ကားမှုများ စိတ်အေး လက်အေး အောင်မြင်စွာလုပ် ဆောင်နိုင်ခြင်းမှာ နိုင်ငံတော်အစိုးရ၏ စေတနာနှင့်ဆောင်ရွက်မှုများကြောင့် ဖြစ် ကြောင်း၊ သို့ဖြစ်၍ ဘုရင့်နောင် ပွဲရုံမဲရုံ များတွင် ထောက်ခံမဲများကိုသာ တွေ့မြင်လိုကြောင်း၊ ထောက်ခံမဲများ ပေး ပါကဘုရင့်နောင်ပွဲရုံ နှင့် ကုန်စည်ဈေးကွက် လုပ်ငန်းရှင်များ အတွက်စီးပွားရေးနှင့် သက်ဆိုင်သော အကူအညီ များအခက်အခဲမရှိကူညီသွားမည် ဖြစ်ကြောင်း၊ ဘုရင့် နောင်ပွဲရုံနယ်မြေအတွင်းကန့်ကွက်မဲ မရှိအောင် ဆောင် ရွက်စေလိုကြောင်း၊ ကန့်ကွက်မဲပေးပါက လက်ရှိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများ အခက်အခဲ ကြုံတွေ့ နိုင်သည်ဟုခြိမ်းခြောက်ပြောဆို၍ ဖိအားပေးကြောင်း ဘုရင့်နောင် ဆန်ပွဲရုံ ပိုင်ရှင်တချို့ က ပြောကြားသည်။
ထို့အတူ မင်္ဂလာဈေး၊ ဗိုလ်ချူပ် ဈေးကဲ့သို့သော ဈေးကြီးများနှင့် အခွန်လွတ်ဈေးများတွင်လည်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက ဦးဆောင်ပြီး ထောက်ခံမဲပေးရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိကြောင်းယင်းဈေးများရှိ ဈေးသည် များက ပြောသည်။
ရန်ကုန်တိုင်းအတွင်းရှိစက်မှုဇုန်များတွင်လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်တိုင်း အထွေထွေ အုပ်ချုပ်ရေးအာဏာပိုင်များ ကစက်မှုဇုန်ကြီးကြပ် စီမံခန့်ခွဲရေးကော်မတီများကို တွေ့ဆုံကာ စက်မှု ဇုန်များတွင် ထောက်ခံမဲ သာတွေ့မြင်လိုကြောင်း၊ စက်မှုဇုန်များဖြစ်ထွန်းပေါ်ပေါက်လာအောင် နိုင်ငံတော်က ဖော်ဆောင်ပေးခဲ့ခြင်း ဖြစ်သည့်အတွက် ကျေးဇူးသစ္စာစောင့်သိသောအားဖြင့် ထောက်ခံမဲသာ ပေးကြရမည်ဖြစ် ကြောင်း၊ စက်မှုဇုန်တွင် အလုပ်လုပ် နေကြသော စက်ရုံလုပ်သားများကိုလည်း ထောက်ခံ မဲပေးရန်စက်ရုံပိုင်ရှင် များက စည်းရုံး ရမည်ဖြစ်ကြောင်းပြောဆိုညွှန်ကြားမှုများ ပြုလုပ်နေ သည်ဟု မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်ငန်း ရှင်များ အသင်း အမှုဆောင်တဦးကပြောသည်။
“ကျနော်တို့စီးပွားရေးလုပ်ငန်းတွေဆက်ပြီးရပ်တည်နိုင်ဖို့က သူတို့ရဲ့စကားကိုလိုက်နာဖို့လိုတယ်၊ မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို လောလောဆယ်လည်ပတ်နေတဲ့ စီးပွားရေးလေးရပ်မသွားအောင်တော့ ထောက် ခံမဲပေးရမှာပဲ” ဟု တောင်ဒဂုံစက်မှုဇုန်၂ စက်ရုံပိုင်ရှင်တဦးကဆိုသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဌ မြို့တော်ဝန်ဗိုလ်မှူးချူပ် အောင်သိန်းလင်းကရန်ကုန်တိုင်းအတွင်း စက်မှုဇုန်များတွင် အလုပ်လုပ်နေသောသိန်းဂဏန်းချီရှိသည့် အလုပ်သမားများ အလုပ် ရပ်နားရခြင်း မရှိဘဲဆန္ဒမဲပေးနိုင်ရန် အတွက် စက်မှုဇုန်များတွင်မဲပုံးများထားရှိပေးမည်ဖြစ်ကြောင်း ဧပြီလကုန်ပိုင်း ရန်ကုန်မြို့ တော်ခန်းမတွင် ကျင်းပသော ပြည်တွင်းသတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင်ထုတ်ဖော် ပြောသည်။
ဗိုလ်မှူးချုပ်အောင်သိန်းလင်းသည် ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီလက်အောက်ခံ ဈေးများ၊ စက်မှုဇုန်များ တွင်ထောက်ခံမဲပေးရေး အတွက် ဖိအားပေးစည်းရုံးလှုပ်ရှားမှုများလုပ်ဆောင်ရုံမက ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၊ ရပ်ကွက်များသို့ကြံ့ဖွံ့အသင်း၏ ရန်ကုန်တိုင်း တာဝန်ခံ အဖြစ်သွားရောက်ကာထောက်ခံမဲ ပေးရေး ဖိအားပေးလှုပ်ရှားမှု များကို ဆက်တိုက်ပြုလုပ်နေကြောင်း ရန်ကုန် ဒေသခံများက ပြောသည်။
Source
No comments:
Post a Comment