ကြည်ဝေ/ရန်ကုန် | မေ ၂၀၊ ၂၀၀၈
ရန်ကုန်တိုင်းအတွင်း ဆိုင်ကလုန်းဒဏ်ကြောင့်အိမ်အမိုးပျက်စီးသွားသူများအနေနှင့် သွပ်၊ သံ စသည်တို့ကို အစိုးရသတ်မှတ် ဈေးနှင့် ၀ယ်ယူခွင့်ရရှိရေးအတွက် သက်ဆိုင်ရာ ရယက များထံသို့ တရားမ၀င် ငွေကြေးများ ပေးဆောင်နေရကြောင်း သိရသည်။
မုန်တိုင်းဒဏ်ကြောင့် အိမ်အမိုးများလန်၍ အိမ်ပြိုပျက်ခဲ့သူများသည် စစ်အာဏာပိုင်များ ရောင်းချပေးသော သွပ်များကို တချပ် ၄၉၅၀ ကျပ်နှုန်းဖြင့် ၀ယ်ယူခွင့်ရရှိရေးအတွက် သက်ဆိုင်ရာ ရယကထံသို့ စာရင်း ပေးသွင်းကြေးအဖြစ် တအိမ် ထောင်လျင် ကျပ် ၅၀၀ နှုန်း၊ တချို့မြို့နယ်ကြီးများတွင် ကျပ် ၁ ထောင်နှုန်း ပေးနေရကြောင်း ပေးခဲ့ရသူများက ပြောပြသည်။
“အိမ်ထောင်စု စာရင်းပြရတယ်။ ပြီးတော့ ပိုက်ဆံ ၅၀၀ ပေးရတယ်။ အဲဒါမှ စာရင်းမှတ်သွားတာ။ ဒါတောင် စာရင်းပေးထား တာ ၅ ရက် ၁ ပတ်လောက်ရှိနေပြီ။ ခုထိ သွပ်ရောင်းမပေးသေးဘူး” ဟု မြောက်ဒဂုံ၊ ၄၆ ရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောပြသည်။
ထို့အတူ ကမာရွတ်မြို့နယ်တွင်လည်း သွပ်အမိုးလန်ကြောင်း အထောက်အထားပြရခြင်း၊ အိမ်ထောင်စု စာရင်းပြရခြင်း၊ စာရင်းပေးသွင်းကြေးအဖြစ် ငွေ ၁၀၀၀ ကျပ်ကို ရယကသို့ ပေးဆောင်ရခြင်းတို့ ပြုလုပ်ပြီး ၁ ပတ်ကြာသည့်တိုင် သွပ်များ ရောင်းချပေးခြင်း မရှိသေးကြောင်း ၎င်း မြို့နယ်တွင်နေထိုင်သူ တဦးထံမှ ကြားသိရသည်။
လက်ရှိ ဈေးကွက်အတွင်း သွပ်ပေါက်ဈေးမှာ ၁ ချပ်လျင် အနည်းဆုံး ၈၀၀၀ ကျပ်မှ ၁၅၀၀၀၊ ၂ သောင်း စသည်ဖြင့် အရွယ်အစားနှင့် အမျိုးအစားပေါ်တွင် မူတည်ပြီး ဈေးနှုန်း ကွာခြားလျက်ရှိကြောင်း သိရှိရသည်။
စစ်အာဏာပိုင်များ အနေနှင့် လေဘေးဒုက္ခသည်များ အတွက် ပေးလှူထားကြသော သွပ်များကို တချပ်လျင် ၄၉၅၀ ကျပ်နှုန်း၊ တချို့နေရာများတွင် ၅၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးသော်လည်း အရေအတွက် ကန့်သတ်ချက်ရှိသည်ဟု ဆိုသည်။
“ကျနော်တို့ အိမ်က သွပ် ၁၂ ချပ်လန်သွားတာ။ ၄ ချပ်ပဲ ရောင်းပေးသွားတယ်။ ကျန်တာ အပြင်ကနေ ၀ယ်သုံးရတာပဲ။ ကျနော်တို့ မြို့နယ်မှာ တအိမ်ထောင် သွပ် ၄ ချပ်ပဲ ရောင်းပေးတယ်” ဟု ကျောက်တံတား မြို့နယ်တွင် နေထိုင်သူ တဦးက ပြောသည်။
မုန်တိုင်းပြီး နောက်ပိုင်းရက်များတွင် သွပ်၊ သံ စသည့် အိမ်ဆောက်ပစ္စည်း ဈေးနှုန်းများ အဆမတန် မြင့်တက်သွားခဲ့ပြီး ယခုအချိန်ထိ ဈေးနှုန်းအနည်းငယ်ခန့်သာ ပြန်လည် ကျဆင်းခဲ့သောကြောင့် လေးဘေးဒဏ်ခံရသူ အများစုမှာ အိမ်မိုးခြင်း၊ အိမ်ပြင်ဆောက်ခြင်း မပြုလုပ်နိုင်ကြဘဲ အမိုးအကာမဲ့ နေထိုင်လျက် ရှိနေသေးကြောင်း တွေ့မြင်ကြရသည်။
“ကျနော်တို့မှာ အိမ်ကိုအမိုး မမိုးနိုင်သေးလို့ မိုးရွာရွာ၊ နေပူပူ ဒီတိုင်း နေနေရတယ်။ အစိုးရ ရောင်းပေးတဲ့ ဈေးနဲ့ သွပ်တို့ သံတို့ ရရင်တော့ ပိုအဆင်ပြေတာပေါ့” ဟု မြောက်ဒဂုံ ၄၉ ရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောသည်။
ထိုလေဘေးသင့်သူများထဲမှ တချို့ကလည်း အစိုးရရောင်းပေးမည့်သွပ်ကို မျှော်လင့်မနေတော့ဘဲ သွပ်အဟောင်း ရောင်းသူ များထံမှ တချပ် ၆၀၀၀ ကျပ် ဈေးနှုန်းဖြင့် ၀ယ်ယူကာ မိုးလျက်ရှိကြောင်း ကြားသိရသည်။
စစ်အစိုးရသည် နိုင်ငံတကာမှ လေဘေးဒုက္ခသည်များအတွက် ပေးအပ်လျက်ရှိသော အကူအညီနှင့် အထောက်အပံ့ပစ္စည်း များကို လေဘေးဒဏ်ခံရသူများထံသို့ ကန့်သတ်ချက်များဖြင့်သာ ရောင်းချပေးနေသောကြောင့် မုန်တိုင်းပြီး ၁၅ ရက်ကျော် သည့်တိုင် အမိုးပြန်မိုးနိုင်ခြင်း၊ အိမ်ပြန်လည်ဆောက်နိုင်ခြင်း မရှိကြသေးဘဲ အခက်အခဲများနှင့်သာ ရင်ဆိုင်နေရကြသည်။
ထို့ပြင် ကြံ့ဖွံ့များ၊ ရယက အဖွဲ့ဝင်များ၊ မီးသတ်များ စသည့်အဖွဲ့အစည်းများသည်လည်း လေဘေးသင့်သူများအပေါ် နည်းလမ်းမျိုးစုံဖြင့် အမြတ်ထုတ်လျက်ရှိကြောင်း လေဘေးသင့်သူများ၏ ပြောပြချက်များအရ သိရှိရသည်။
“အလှူရှင်တွေဆီကနေ ရထားတဲ့ ပစ္စည်းတွေကို အလကားဝေဖို့ မပြောနဲ့ သွပ်ဝယ်ခွင့်ရဖို့ အတွက်တောင် လာဘ်ထိုးနေ ရတာ ကြည့်တော့” ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သူ အငြိမ်းစား အရာရှိဟောင်း တဦးက လက်ရှိ အခြေအနေကို သုံးသပ်သည်။
Source
No comments:
Post a Comment