Friday, May 2, 2008

စစ်အစိုးရ၏ ဒေါက်တိုင် နိုင်ငံပိုင်လုပ်ငန်းကြီး (၃) ခုကို အမေရိကန် ပိတ်ဆို့ဒဏ်ခတ်

Agencies/ ၂ မေ ၂၀၀၈

နအဖစစ်အစိုးရ နိုင်ငံခြားဝင်ငွေ ရစေရန် ကျားကန်ပေးထားသည့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကြီး (၃) ခု၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်ကြောင်း အမေရိကန်သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ်က ယမန် နေ့၌ ပြောကြားလိုက်သည်။

သမ္မတဘုရှ်က “ဒီကုမ္ပဏီတွေကတော့ ကျောက်မျက်ရတနာနဲ့ သစ်လုပ်ငန်းတွေဖြစ်တယ်။ ဒီလုပ် ငန်းတွေဟာ မြန်မာလူထုရဲ့လုပ်အားကို ခေါင်းပုံဖြတ်ပြီးတော့ စစ်ဗိုလ်ချုပ်ကြီးတွေကိုပဲ ကြွယ်ဝ ချမ်းသာစေပါတယ်” ဟု ပြောသည်။

မိမိတို့ကိုယ်တိုင် ရွေးချယ်ထားသည့် ခေါင်းဆောင်နှင့် နေလိုသည့် မြန်မာပြည်သူလူထု၏ ဆန္ဒကို စစ်အစိုးရက ဆက်လက်ငြင်းပယ်နေသည်ဟုလည်း သမ္မတဘုရှ်က အိမ်ဖြူတော်၌ ပြုလုပ်သည့် အာရှပစိဖိတ် အမွေအနှစ် ထိန်းသိမ်းရေး အခမ်းအနား၌ ပြောခဲ့သည်။

မြန်မာပြည်သူလူထုသည် စစ်မှန်သည့် ဒီမိုကရေစီစနစ်ကို ကာလရှည်ကြာစွာ စောင့်ဆိုင်းခဲ့ရ ကြောင်း၊ ယင်းအခွင့်အရေးကို မေ (၁၀) ရက်၌ ကျင်းပမည့် လူထုဆန္ဒခံယူပွဲတွင် ရရှိနိုင်သော် လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆန္ဒမဲပေးပွဲတွင် လွတ်လပ်မှု၊ တရားများတမှုနှင့် ယုံကြည်စိတ်ချ ရမှုတို့ကို ရရှိမည်မဟုတ်မှာ သေချာကြောင်း ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံပိုင် လုပ်ငန်း (၃) ခု၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ရန် အမေရိကန် ဘဏ္ဍာရေးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးက အမိန့်ထုတ်ပြန်ခြင်းဖြစ်သည်။ ယင်းလုပ်ငန်းများမှာ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်းတို့ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ထိုကုမ္ပဏီ (၃) ခု၏ မည်သည့်ပိုင်ဆိုင်မှုမျိုးကိုမဆို အမေရိကန်၌ တွေ့ရှိပါက ထိန်းချုပ်မည် ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသားများကိုလည်း ထိုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ကိုင်မှု တားမြစ်ကြောင်းနှင့် ယင်းလုပ်ငန်းများသည် မြန်မာစစ်အစိုးရ ၀င်ငွေရသည့် အဓိက လုပ်ငန်း များဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဌာန ပြောခွင့်ရသူ ဂျွန်ရန်ကင်က ပြောသည်။

အမေရိကန်အစိုးရက မြန်မာနိုင်ငံရှိ စစ်အစိုးရနှင့် ပတ်သက်ဆက်နွှယ်နေသည့် စီးပွားရေး လုပ်ငန်းရှင်တဦးချင်းစီနှင့် ကုမ္ပဏီများ၏ အမေရိကန်ရှိ ပိုင်ဆိုင်မှုများကို ယခင်ကတည်းက ထိန်းချုပ်ထားခဲ့ပြီး ယခုနိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများအပေါ် တင်းကျပ်လိုက်ခြင်းဖြစ်သည်။

သမ္မတဘုရှ်က “စစ်အစိုးရ ဗိုလ်ချုပ်ကြီးတွေ၊ သူတို့ရဲ့မိသားစုတွေနဲ့ သူတို့ရဲ့ အပေါင်းပါတွေ အပေါ်မှာ ကျနော်တို့ ဗီဇာ ပိတ်ပင်ထားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ ပြီးတော့ တခြားကျန်တဲ့ ကမ္ဘာ့နိုင်ငံတွေကလည်း ကျနော်တို့လုပ်သလို လိုက်လုပ်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် မြန်မာပြည်သူလူထု တရားဝင်တောင်းဆိုထားသည့် စစ်မှန်သည့် တွေ့ဆုံဆွေးနွေးရေးကို စစ်အစိုးရက တုံ့ပြန်လာသည်အထိ မြန်မာစစ်အစိုးရကို ဆက်လက်ဖိအားပေးသွားမည်ဟု အမေရိကန်သမ္မတက ပြောသည်။

အီးယူ ဥရောပသမဂ္ဂကလည်း မကြာသေးမီ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု သက်တမ်း နောက်ထပ် (၁) နှစ် ထပ်တိုး ချမှတ်ခဲ့သည်။ ယင်းပိတ်ဆို့မှုများတွင် နအဖ စစ်ခေါင်း ဆောင်များနှင့် အပေါင်းပါများကို ဗီဇာပိတ်ပင်ခြင်း၊ ငွေကြေးထိန်းချုပ်ခြင်းနှင့် လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းတို့ ပါဝင်သည်။

Source

No comments: