Friday, May 2, 2008

လိမ်လည်ပြီး ကြိုတင်ဆန္ဒမဲများ ထည့်ခိုင်း

NEJ/ ၂ မေ ၂၀၀၈

ရန်ကုန်မြို့၊ ၀ါးတန်းဆိပ်ကမ်း ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး ဦးစီးဌာန၊ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဌာနခွဲရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းများကို သက်ဆိုင်ရာ အာဏာပိုင်များက လိမ်လည်ပြီး ကြိုတင်ဆန္ဒမဲ ကောက်ယူခဲ့ကြောင်း သိရသည်။

ဝန်ထမ်းများအား အခြေခံဥပဒေမူကြမ်း လူထုဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ရှင်းလင်းပွဲလုပ်မည်ဟု ခေါ်ယူခဲ့ပြီး ညွှန်ကြားရေးမှူးကိုယ်တိုင်လာရောက်ကာ အခြေခံဥပဒေကို ထောက်ခံရန်ပြော ကြားခဲ့သည်ဟု အမည်မဖော်လိုသူ ရေယာဉ်မောင်း အဆင့် (၁) ၀န်ထမ်းတဦးက ပြောသည်။

၎င်းက “ညွှန်မှူးက ကျနော်တို့ ၀န်ထမ်းတွေအားလုံးဟာ ရေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်ရ တာဖြစ်တယ်၊ ပုံမှန်ခရီး ထွက်နေရတယ်၊ ဒါကြောင့် ကြိုတင်ဆန္ဒမဲ ထည့်ရမယ် ပြောတယ်။ ပြီးတာနဲ့ ကြိုတင်ဆန္ဒမဲ ပေးပွဲကိုပါ တခါတည်း လုပ်လိုက်တယ်။ သူ့ရှေ့မှာတင် ထောက်ခံမဲကို အမှန်ခြစ်ပြီး ထည့်ရတယ်” ဟု ပြောသည်။

ရှင်းလင်းပွဲသို့ တက်ရောက်သူ ၀န်ထမ်း (၁၀၀) ကျော် အားလုံးသည် ညွှန်မှူးထိုင်နေသည့် စားပွဲ ဆီသို့ တယောက်ချင်းသွားပြီး သူ့ရှေ့မှာပင် ထောက်ခံမဲကို အမှန်ခြစ်ရကြောင်း၊ ၎င်း၏ ရှေ့တွင် ဗြောင်မဲဆန္ဒပေးရသောကြောင့် အလုပ်ပြုတ်မည် စိုးရိမ်ပြီး မည်သူမျှ ကန့်ကွက်မဲ ပေးသည်ကို မတွေ့ရကြောင်း၊ ၎င်းတို့ပေးထားသည့် ထောက်ခံမဲ စာရွက်များကို စာရေးမက သူ့ဖာသာ စာအိတ်ထဲထည့် သိမ်းယူသွားကြောင်း ကိုယ်တိုင်မဲထည့်ခဲ့ရသူ အဆိုပါ ရေယာဉ်မောင်း ဖြစ်သူက ပြောသည်။

စစ်အစိုးရက ၂၀၀၈ ဖေဖော်ဝါရီ (၂၆) တွင် ထုတ်ပြန်ထားသည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေ အခန်း (၆) အပိုဒ် (၁၈) ၌ နိုင်ငံခြားတွင် ရောက်ရှိနေသော ဆန္ဒမဲပေးခွင့်ရှိသူများနှင့် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲ ကျင်းပသည့်နေ့ရက်တွင် မိမိနေထိုင်သော ဆန္ဒခံယူပွဲဒေသ၏ ပြင်ပသို့ ခရီး သွားရန်ရှိသော ဆန္ဒမဲပေးခွင့် ရှိသူများသည် သတ်မှတ်ရက်များနှင့်အညီ ကြိုတင်ဆန္ဒမဲလက်မှတ် ဖြင့် ဆန္ဒမဲပေးနိုင်သည်ဟု ဖော်ပြထားသည်။

ဆန္ဒမဲပေးရာတွင်လည်း ဆန္ဒမဲလက်မှတ်ကိုယူ၍ မဲရုံအတွင်း သတ်မှတ်ထားသောနေရာတွင် လျှို့ဝှက်ဆန္ဒပြုပြီးနောက် မဲပုံးအတွင်းသို့ ထည့်ရမည်ဟုလည်း အပိုဒ် (၁၇) တွင် ပါရှိသည်။

ယခုပြည်တွင်းရေကြောင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဌာနခွဲက ကြိုတင်ဆန္ဒမဲကောက်ခံပုံမှာ ဥပဒေ နှင့်မညီဘဲ အတင်းပေးခိုင်း နေသည့်အတွက် ၀န်ထမ်းအများအပြားက စိတ်ဆိုးဒေါသ ထွက်နေကြ ကြောင်း သိရသည်။

အခြားဌာနဆိုင်ရာ အစိုးရ၀န်ထမ်းများအကြားတွင်လည်း အလားတူ ဆန္ဒခံယူပွဲကြိုတင်မဲ ပေးခိုင်းမှု လုပ်ရပ်များ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

Source

No comments: