Monday, May 19, 2008

မြန်မာနိုင်ငံတွင်း ၀င်စွက်ခွင့် ဗြိတိန်ထောက်ခံ

NEJ/ ၁၉ မေ ၂၀၀၈

မြန်မာစစ်အစိုးရက နိုင်ငံတကာအကူအညီများကို ငြင်းဆန် နေမှုကြောင့် မုန်တိုင်းဒဏ်သင့် ကလေးများ သေကျေပျက်စီး ကပ်မီးဆိုက်မည်ဆိုလျှင် လူမှုရေးအခြေခံပြီး မြန်မာနိုင်ငံတွင်း
ဝင်စွက်ခွင့်ကို ဗြိတိန်က ထောက်ခံမည်ဖြစ်သည်ဟု ဗြိတိသျှ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ဗြိတိသျှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Lord Malloch-Brownက လောလောဆယ် ရန်ကုန်ရောက်နေစဉ် လန်ဒန်အခြေစိုက် The Times သတင်းစာကြီးကို ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ထို့အတူ အစိုးရတရပ်က ကိုယ့်ပြည်သူအပေါ် လူမဆန်သည့် ရာဇ၀တ်မှုမျိုး ကျူးလွန်သည့် အတွက် နိုင်ငံတကာအသိုင်းအ၀န်းက ၀င်ရောက်စွက်ဖက်ခွင့် (Responsibility to Protect) ရှိသည်ဆိုသည့် ကုလသမဂ္ဂ လုပ်ပိုင်ခွင့်အရ စွက်ဖက်ရမည်ဆိုလျှင် သံတမန်နည်း၊ လူမှုရေး နည်းစသည့် ငြိမ်းချမ်းသည့် နည်းလမ်းမျိုးစုံသုံး စွက်ဖက်ခွင့် ထောက်ခံရေးကိုလည်း ဗြိတိန် နိုင်ငံက ပယ်ချခဲ့ခြင်း မရှိပေ။

“လေကြောင်းနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ချပေးရေး နည်းလမ်းကိုလည်း ကျနော်တို့ မပယ်ပါ ဘူး။ ဘာကြောင့်လဲဆိုတော့ ကယ်ဆယ်ရေးပစ္စည်းတွေကို မြစ်ဝကျွန်းပေါ် ဒုက္ခသည်တွေလက် တိုက်ရိုက်ရောက်စေချင်လို့ဖြစ်ပါတယ်” ဟု ဗြိတိသျှဝန်ကြီးချုပ် Gordon Brown ကလည်း BBC နှင့် မေးဖြေခန်းတွင် ပြောသည်။

အထူးသဖြင့် မြန်မာဒုက္ခသည်များကြား ရောဂါဘယများဖြစ်ကာ နောက်ထပ် သေကျေမှုများ ဖြစ်လာပြီး ကယ်ဆယ်ရေး အကူအညီများလည်း ပေး၍မရတော့သည့်အခြေအနေမျိုးတွင် မြန်မာနိုင်ငံကို ဗြိတိန်က ၀င်ရောက်စွက်ဖက်မည်ဖြစ်သည်ဟု Lord Malloch-Brown က ပြောသည်။

“မြန်မာစစ်အစိုးရဟာ ဗြိတိသျှကယ်ဆယ်ရေးအဖွဲ့တွေ၊ အမေရိကန် ကယ်ဆယ်ရေးအဖွဲ့တွေ အများအပြား မြစ်ဝကျွန်းပေါ်ဘက် လွှတ်ရေးကို သဘောတူမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကုလ သမဂ္ဂ၊ အာဆီယံနဲ့ အာရှနိုင်ငံတွေ ဦးဆောင်တဲ့ဘောင်ထဲကနေ မြန်မာနိုင်ငံတွင်း ၀င်နိုင်တဲ့နည်း ရှိပါတယ်” ဟု မြန်မာဝန်ကြီးများနှင့် တွေ့ဆုံအပြီးတွင် ဗြိတိသျှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး
Lord Malloch-Brown က ပြောသည်။

နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များအား လက်မခံလိုသည့် မြန်မာစစ်အစိုးရ ပေါ်လစီကို မကျေ နပ်သည့် အသံများ အနောက်နိုင်ငံများတွင် တနေ့တခြား များပြားနေသည်။ မြန်မာစစ်အစိုးရနှင့် ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအ၀န်းက ၀င်ရောက်စွက်ဖက်ခွင့် (Responsibility to Protect) ကုလသမဂ္ဂလုပ်ပိုင်ခွင့်ကို အသုံးချရန် တိုက်တွန်းမှုများ သိသိသာသာ များလာသည်။

Source

No comments: