နန်းဒေဝီ Thursday, 01 May 2008
နယူးဒေလီ။ ။ ရန်ကုန်တိုင်း စက်မှုဇုံများရှိ စက်ရုံအလုပ်သမားများ မဲပေးခွင့်ကို စက်ရုံများအတွင်း သီးသန့် မဲပေးနိုင်ရန် အာဏာပိုင်များက ညွှန်ကြားထားသည်။
မည်သည့်နေရက်တွင် မဲပေးရမည်ဟု သတ်မှတ်ထားခြင်း မရှိသော်လည်း အလုပ်သမား ၅ဝဝ အထက်ရှိသော စက်ရုံအတွင်း ဒေသအသီးသီးမှ လာရောက် အလုပ်လုပ်သော အလုပ်သမားများအား မိမိအလုပ်လုပ်ကိုင်ရာ စက်ရုံများအတွင်း မဲပေးနိုင်ရန် စက်ရုံပိုင်ရှင်များက လုပ်ဆောင်ရမည်ဟု အာဏာပိုင်များက ညွှန်ကြားထားသည်။
“စက်ရုံမှာ မဲပေးခွင့်ကို သူတို့ စီစဉ်ပေးမယ်လို့ ပြောထားတယ်။ ဘယ်နေ့မှာ လုပ်ပေးမယ်ဆိုတာ အတိအကျ မသိသေးဘူး။ အများပေးဖို့ သတ်မှတ်ထားတဲ့ မေလ ၁ဝ ရက်နေ့မှာ ဖြစ်နိုင်ချေများတယ်” ဟု ခရေပင်လမ်းရှိ မင်္ဂလာဒုံ စက်မှုဇုံ အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောပြသည်။
သူက ဆက်ပြီး “စက်မှုဇုံ အုပ်ချုပ်ရေးမှူးရုံးက ဝန်ထမ်းတွေ မပါဘူး။ ဒီရုံးဝန်ထမ်းတွေက ရန်ကုန်ကပဲလေ။ အခု ပေးခိုင်းတာက အနယ်နယ် အရပ်ရပ်က လာတဲ့ စက်ရုံ အလုပ်သမားတွေကို ပြောတာပါ။ စက်ရုံတခုမှာ အလုပ်သမား ခန့်မှန်းချေ ၁ဝဝဝ ကျော်တယ်” ဟု ပြောသည်။
ညွှန်ကြားချက်သည် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုံများရှိ အလုပ်သမား ၅ဝဝ အထက်ရှိသော စက်ရုံများအားလုံး အကြုံးဝင်ကာ၊ ရရှိလာမည့် မဲများကို စက်ရုံ တာဝန်ရှိသူများက သက်ဆိုင်ရာ အာဏာပိုင်များထံ အပ်နှံရမည်ဟု ဆိုသည်။
ယခုလို စက်မှုဇုံများအတွင်းရှိ အလုပ်သမားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော် အရာထမ်းများကို မိမိသက်ဆိုင်ရာ ဌာနအကြီးအကဲများ ရှေ့မှောက်တွင် ဆန္ဒမဲ ထည့်ခိုင်းခြင်းများ စစ်အစိုးရက ပြုလုပ်နေသည်။
စစ်အစိုးရ ကြီးကြပ်ရေးဆွဲသည့် စိတ်ကြိုက် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ထောက်ခံမဲရရေးအတွက် ထိန်းချုပ်ထားသော မီဒီယာများမှတဆင့် လှုံ့ဆော်မှုများ လုပ်နေသလို ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် ထောက်ခံမဲထည့်ရန် မြေစိုက် ပိုစတာများ စိုက်ထူ ကြော်ငြာများ ကပ်လျှက် ရှိသည်။
စစ်အစိုးရ ခါးပိုက်ဆောင်အဖွဲ့ ဖြစ်သော ကြံ့ခိုင်ဖွံ့ဖြိုးရေးများက ဘူတာရုံများ အပါအဝင် လူစည်ကားရာ နေရာများတွင် စိုက်ထူသော ဆိုင်းဘုတ်များတွင် “လုံးဝ လွတ်လပ်ရေးကို မြတ်နိုးသူတိုင်း၊ အချုပ်အချာ အာဏာ တည်တံ့ခိုင်မြဲရေးကို လိုလားသူတိုင်း လုံးဝ ထောက်ခံမဲ ပေးကြပါ” ဟု ပါရှိသည်။
Source
No comments:
Post a Comment