မျိုးကြီး Friday, 02 May 2008
ရွှေလီ။ ။ နအဖ စစ်တပ်မှ ချောဆွဲထားသော ကားတစီးသည် မြစ်ကြီးနားမြို့အနီး ယမန်နေ့ ညနေ ၃ နာရီခန့်က ချောက်ထဲပြုတ်ကျခဲ့ရာ ဗိုလ်မှူးတဦးအပါအဝင် လူ ၁ဝ ဦး ဒဏ်ရာပြင်းထန်စွာ ရသွားသည်။
မြစ်ကြီးနားအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) ၂၉ တပ်ရင်းက ဆွမ်ပရာဘွမ်မြို့နယ် မဲရုံလုံခြုံရေး ယူပေးရန်အတွက် မြစ်ကြီးနားမြို့ “ဝင်း” မော်တော်ယာဉ်လိုင်းမှ ဒိုင်နာကားတစီးကို ချောဆွဲသွားရာ မြစ်ကြီးနားမှ မိုင် ၃ဝ ဝေးသည့် တန်ဖဲရွာအလွန် ၃ မိုင်တွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခြင်း ဖြစ်သည်။
ကားပေါ်ပါ ဗိုလ်မှူးအဆင့် စစ်သည်တဦးနှင့် အခြားအဆင့်စစ်သည် ၈ ဦး၊ ကားမောင်းသူတို့ ဒဏ်ရာ ပြင်းထန်စွာ ရရှိ၍ မြစ်ကြီးနားရှိ စစ်ဆေးရုံ၌ ဆေးဝါးကုသပေးနေသည်။
စစ်ဆေးရုံသို့ မဇ္ဈိမက ဆက်သွယ် မေးမြန်းရာ ယခု သတင်းပို့ချိန်အထိ တယ်လီဖုံးကိုင်မည့်သူ မရှိဘဲ ဖြစ်နေသည်။
“ဝင်းမော်တော်ယာဉ်လိုင်းက မြစ်ကြီးနားကနေ ဗန်းမော်-ဖားကန့် ဆွဲတဲ့ကားလိုင်း။ ဆွမ်ပရာဘွမ်တို့၊ ပူတာအိုတို့ ဘက်ကို အရင် လမ်းကောင်းတုန်းက သွားတယ်။ အခုက လမ်းမကောင်းတော့ မသွားတော့ဘူး။ အဲဒါကို စစ်တပ်က အတင်း ချောဆွဲခေါ်သွားတာ။ ကားသမားက တခါမှ မသွားဘူးတဲ့ လမ်းဆို မကျွမ်းကျင်ဘူးလေ။ အဲဒါကြောင့် အခုလိုဖြစ်တာ” ဟု ဒေသခံတဦးက ပြောသည်။
တိမ်းမှောက်သွားသည့် ကားနှင့်အတူ ဆွမ်ပရာဘွမ် အထက ကျောင်းအတွက် စာရွက်စာတမ်းများနှင့် ဆန်အိတ်များလည်း ကားနှင့်အတူ ချောက်ထဲပါသွားသည်။
ဒေသတွင်း၌ စစ်တပ်အပါအဝင် အာဏာပိုင်အဆင့်ဆင့်က ဒေသခံပြည်သူများအား အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေခြင်းအပြင် အထမ်းသမား ပေါ်တာများအဖြစ် အသုံးပြုတတ်သလို ပုဂ္ဂလိက မော်တော်ယာဉ်များကိုလည်း ခရီးသွားလာရန်အတွက် အခကြေးငွေ မပေးဘဲ ခရီးစဉ်အတွက် အသုံးပြုလေ့ ရှိသည်။
Source
No comments:
Post a Comment