Monday, August 18, 2008

နိုင်ငံရေး အကျဉ်းသားများ အကျဉ်းထောင်ထဲတွင် ရှိနေပါသည်

မောင်သြ|

ဇူလိုင် ၂၂ ရက် နေ့ထုတ် နိုင်ငံတော် အစိုးရပိုင် ကြေးမုံသတင်းစာမှာ နအဖအကြိုက် မြှောက်ထိုးပင့်ကော် ရေးထားတဲ့ “နိုင်ငံရေးပြစ်မှု နိုင်ငံရေး အကျဉ်းသားနှင့် မြန်မာနိုင်ငံ ဥပဒေ ပြဌာန်းချက်များ” ဆိုတဲ့ နိုင်မြင့် (တောင်သာ) ရဲ့ ဆောင်းပါး ကို တွေ့လိုက်ရတယ်။ ဆောင်းပါးက သုံးရက် အခန်းဆက် ဆောင်းပါးပါ။ အကြောင်းအရာကတော့ နိုင်ငံရေး အကျဉ်းသား ကိစ္စပါပဲ။ နိုင်ငံရေး အကျဉ်းသားများ ရှိ မရှိဆိုတဲ့ အကြောင်းအရာပေါ်မှာ ဥပဒေသတွေ၊ အကျဉ်းထောင် အက်ဥပဒေ၊ အကျဉ်းထောင် လက်စွဲတွေနဲ့ ယှဉ်ပြီး ဖော်ပြထား တာပါ။ အဓိက ဆောင်းပါးရှင်ရဲ့ ဆန္ဒက ဒီနေ့ နအဖ အစိုးရ လက်ထက် အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ လုံးဝ (လုံးဝ) မရှိဘူးဆိုတာကို မျက်စိစုံမှိတ်ပြီး မစားရ ဝခမန်း ဖားရေးထားတာပါ။

ကျနော် သူ့ဆောင်းပါးကို ဖတ်ရတော့ ရယ်မိတယ်။ ပြုံးမိတယ်။ တခါက ကျေးလက်ဒေသတခုကို လေဘေး ကယ်ဆယ်ရေး အဖွဲ့နဲ့ လိုက်သွားလို့ အဲဒီကျေးရွာက အမျိုးသမီးငယ်တဦးက “ဦးဦး … အကြည်တော်တို့၊ ဗျူးတို့ရေးတဲ့ ဟာသ ဝတ္ထုတွေ ရယ်ရသလို သတင်းစာ ဆောင်းပါးတွေကလည်း ရယ်ရတယ်” လို့ ပြောဖူးတယ်။ အဲဒါလေးကို အမှတ်ရပြီး ပြုံးလဲ ပြုံး၊ ရယ်လည်း ရယ်မိတာပါ။ ဆောင်းပါးရှင်က ဥပဒေအကြောင်းကို အပိုဒ်လိုက်၊ အပိုဒ်လိုက် ရှင်းပြထားတာ တွေ့ရတယ်။ ဒီနေ့ အုပ်ချုပ်နေသူများက ဥပဒေနဲ့အညီ ဆောင်ရွက်နေတာလားဆိုတာ ကျနော်တို့ သုံးသပ်ကြည့်ရတယ်။ တချိန်က ဗိုလ်ချုပ်ကြီး သူရရွှေမန်းက ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူးလို့ ဆိုထားပေမယ့် တကယ့်လက်တွေ့မှာက ဒီလိုမဟုတ်ပါဘူး။ ဥပဒေအထက်မှာ အာဏာနဲ့ အာဃာတ တရားတွေ ဖိနှိပ်လွှမ်းမိုးနေတာ တွေ့နေရတယ်။

ဒါကြောင့် ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား လုံးဝ (လုံးဝ) မရှိဘူးဆိုတဲ့ ဆောင်းပါးရှင် နိုင်မြင့် (တောင်သာ) ကို မိမိကိုယ်တိုင် အကျဉ်းထောင်ထဲမှာ တနှစ်လောက် ထောင်ကျခံကြည့်လိုက်ရင် သူရေးတဲ့ ဥပဒေအချက်အလက်တွေဟာ တကယ် လက်တွေ့ မကျဘဲ စာအုပ်ထဲမှာ၊ စက္ကူပေါ်မှာရှိတာပါလားဆိုတာ လူမိုက်နောင်တ နောက်မှရ ဆိုတာလို သိနိုင်ပါလိ့မ်မယ်။

ကျနော် ထောင်နှစ်ကြိမ် ကျဖူးခဲ့တယ်။ ၁၉၉၇ - ၉၈ တုန်းက ၂ နှစ်။ ၂၀၀၀ ပြည့်နှစ်တုန်းက ၂၁ နှစ်။ ထောင်ကျခဲ့တဲ့ ၂ ကြိမ်လုံး ဥပေဒအရ ထောင်ကျခဲ့တာ မဟုတ်ဘူး။ အာဏာနဲ့ အာဃာတ အငြိုးနဲ့ ပစ်ဒဏ်ပေးခံခဲ့ရတာပါ။ မတရား ထောင်ချခံခဲ့ရတာဆိုရင် ပိုမှန်တယ်။ ကျနော်က NLD အဖွဲ့ချုပ်ရဲ့ မြို့နယ်ကြီး တမြို့က ဥက္ကဌတာဝန် ယူထားသူပါ။ လှုပ်ရှားတက်ကြွတဲ့ မြို့နယ်ဥက္ကဌတွေဆိုရင် ဘယ်လိုဖမ်းရမယ်၊ ဘယ်လို ထောင်ချရမယ်ဆိုတာ အာဏာပိုင်များက အပြစ်မရှိ မပြစ်ရှာ စောင့်ကြည့်နေကြတာ။

ဒုတိယအကြိမ် ထောင်ဒဏ် ၂၁ နှစ် ကျခဲ့ပေမယ့် ကံကောင်းထောက်မစွာ ၅ နှစ်ပဲ နေခဲ့ရတယ်။ ထောင်ထဲမှာ စုစုပေါင်း ၇ နှစ် နေခဲ့ရတော့ ဘယ်သူဟာ သာမန်ရာဇဝတ် အကျဉ်းသား၊ ဘယ်သူက နိုင်ငံရေး အကျဉ်းသားဆိုတာ ကွဲကွဲပြားပြား တွေ့ဖြစ်ခဲ့ရတယ်။ သိခဲ့ရတယ်။ ဆောင်းပါးရှည်မှာစိုးလို့ သာမန်ရာဇဝတ် အကျဉ်းသား အကြောင်းကို မဖော်ပြတော့ဘဲ နိုင်ငံရေးအကျဉ်းသားဆိုတာ ဘယ်လိုဟာလဲ သိရအောင် အောက်ပါ အချက်တွေနဲ့ တင်ပြသွားပါမယ်။

(၁) နိုင်ငံရေးသမားများကို အာဏာပိုင် အဖွဲ့အစည်းများက ဖမ်းဆီးလိုလျင် ည အချိန်မတော်တွင် လည်းကောင်း၊ လက်ဖက်ရည်ဆိုင်များတွင် လည်းကောင်း၊ လမ်းပေါ်တွင် လည်းကောင်း ဖမ်းဆီးတတ်ပြီး ခေါင်းစွပ်နှင့် ခေါ်ဆောင် သွားတတ်သည်။ သက်ဆိုင်ရာ ရဲစခန်းကို မခေါ်သွားဘဲ ထောက်လှမ်းရေးများ၏ စစ်ကြောရေး စခန်း ကို ခေါ်သွားကာ သုံးလေးရက် စစ်ကြောမေးမြန်းပြီး အင်းစိန် သီးသန့် အကျဉ်း ထောင်သို့ ပို့သည်။ ထိုသီးသန့်ထောင်တွင်ပင် ပုဒ်မတပ် ရုံးထုတ် စစ်ဆေးသည်။ ပုဒ်မကို တမျိုးပြီး တမျိုး အပြောင်းအလဲ လုပ်သည်။ အရေးပါသည့် နိုင်ငံရေး သမားဆိုလျင် အပြင်ရုံးမထုတ်ဘဲ အင်းစိန် ထောင်တွင်းရှိ တရားရုံးတွင်သာ စစ်ဆေးသည်။ ရှေ့နေခေါ်ခွင့် မရှိ။ အကျဉ်းရုံး စစ်ဆေးပြီး ထောင်ချသည်။ (၂၀၀၀ ပြည့်နှစ်လောက်က ဖြစ်၏။ ယခုတော့ ရှေ့နေခေါ်ခွင့် ပြုပါသည်)

(၂) ပြစ်ဒဏ်ကျခံပြီးလျင် သီးသန့်ထောင်မှ အင်းစိန် ဗဟိုအကျဉ်းထောင်သို့ ခေါင်းစွပ်ကာ ခေါ်သွားပြီး သက်ဆိုင်ရာ တိုက်ခန်းများသို့ ပို့သည်။

(၃) ထောင်ဝန်ထမ်းများကို နိုင်ငံရေးအကျဉ်းသားများက စကားပြောခြင်း၊ ဒွေးရောယှက်တင်နေခြင်း မပြုရန်နှင့် နိုင်ငံရေးသမား အချင်းချင်း တခန်းနှင့်တခန်း စကားလှမ်းပြောခြင်း မပြုရန် ညွှန်ကြားထားသည်။

(၄) နိုင်ငံရေးသမားများ ရေချိုးခြင်း၊ ဆံပင်ညှပ်ခြင်း၊ ဆေးခန်းသွားခြင်း၊ ထောင်ဝင်စာ ထွက်ခြင်းများတွင် ခေါင်းစွပ်များ စွပ်သွားရခြင်း။ (၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ကြက်ခြေ နီအဖွဲ့များ၊ လူ့အခွင့်အရေး အဖွဲ့များ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့များ လာရောက်ပြီးနောက် ခေါင်းမစွပ်ရတော့ပါ)။

(၅) နိုင်ငံရေးသမားများ ထောင်ဝင်စာထွက်သောအခါ ထောင်ဝန်ထမ်းတဦး လိုက်ပါပြီး မိသားစုနှင့် ပြောသမျှ ဆိုသမျှ စကားများကို ရေးသား မှတ်တမ်းယူခြင်း၊ တချို့ မှန်အပြင်ဘက်မှနေ၍ ဖုန်းဖြင့် စကားပြောရသည်များကို ဖုန်းဖြင့် အသံဖမ်း၍ မှတ်တမ်းများယူခြင်း၊ မှတ်တမ်းများတွင် အာဏာပိုင်များ မကြိုက်သည့်စကားများ ပါလာလျင် ခေါ်ယူမေးမြန်း ရှင်းလင်းခံရခြင်း။

(၆) ထောင်ဒဏ် ကျခံခဲ့ရလျင် နိုင်ငံရေးသမားများအတွက် ပြစ်ဒဏ်လျှော့ရက်မရ။ လိုအပ်ပါက ပုဒ်မ ၁၀ (က) နှင့် နှစ်တိုး ထပ်ခံရခြင်း ရှိသည်။ ဥပမာ … သတင်းစာ ဆရာကြီး ဦးဝင်းတင်။ Dr သန်းငြိမ်း (ကျောက်တန်း ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်)။ Dr မေဝင်းမြင့် (မရမ်းကုန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) လွတ်ရက် စေ့သော်လည်း နှစ်တိုးခံစားနေရသည်။

(၇) နိုင်ငံရေးသမားများ မကျန်းမာ၍ ထောင်တွင်းဆေးရုံတွင် တက်ရောက် ကုသနေရပါက လစဉ် နို့မှုန့်တထုပ်၊ သကြားတထုပ်နှင့် ပေါင်မုန့် ရရှိသည့်ပြင် သောက်သုံးဆေးများကိုလည်း ရောဂါကြီးသလောက် တလလျင် ကျပ် ၂ သောင်းဖိုး ၃ သောင်းဖိုးမျှ ဝယ်ယူခွင့်ရသည်။

(၈) ထောင်မှ လွတ်ရက်စေ့လျင် ထောင်အာဏာပိုင်များ၏ အစည်း အဝေး ခန်းမတွင် နားနားနေနေ ထားပြီး လက်ဖက်ရည် မုန့်များနှင့် ဧည့်ခံစကားပြောဆိုခြင်း၊ သီးသန့် အထူး ကားများဖြင့် အိမ်တိုင်ရာရောက် လိုက်ပို့ပေးပြီး မိသားစု များနှင့်အတူ မှတ်တမ်း ဓာတ်ပုံရိုက်ယူခြင်းများ ပြုလုပ်သည်။

အဲဒီအချက်တွေအားလုံး အရေးပါသော အချက်တွေ ဖြစ်ပါတယ်။ ရေးမယ်ဆိုရင် အသေးစိတ်များ ကျန်ရှိနေပါသေးတယ်။ အဲဒီအချက်တွေကို လေ့လာခြင်းအားဖြင့် သာမန် ရာဇဝတ် အကျဉ်းသား၊ နိုင်ငံရေး အကျဉ်းသားဆိုပြီး ခွဲခြားသိနိုင် လောက်ပါပြီ။

ကဲ … ဆောင်းပါးရှင် ကိုနိုင်မြင့် (တောင်သာ) ရေ … ခင်ဗျားသာ ရာဇဝတ် ပြစ်မှုနဲ့ ထောင်ကျခဲ့ရင် အထက်ပါ အချက်တွေနဲ့ ကိုက်ညီ၊ မညီ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

စာအုပ်ထဲက ဥပဒေတွေ ဆွဲထုတ်ပြီး တကယ့် လက်တွေ့ဘဝနဲ့ ကင်းကွာနေတာကြီးကို မျက်လုံးစုံမှိတ်ပြီး ကြည့်လဲဖားကြပါ။ ပြည်သူချစ်ရင် ကမ္ပည်းတင်ပါမယ်။ ပြည်သူမုန်းရင် ကမ္ပည်းတုံးပါလိမ့်မယ်။ မဟုတ်မမှန် အခွင့်အရေးကို မျှော်ပြီး ပြည်သူကို ဆန့်ကျင်တဲ့ ဆောင်းပါးရှင်တွေ တနေ့ကျ ပြည်သူရဲ့ ပေးအပ်တဲ့ ဒဏ်ခတ်မှုကို ခံရလိမ့်မယ်ဆိုတာ မလွဲမသွေပါပဲ။

No comments: