Saturday, August 30, 2008

ရွေ့လျားနေသော မျှော်လင့်ချက် အားမာန်များ

ဇာနည်

ချင်းမိုင်။ ။ ရန်ကုန်နည်းပညာ တက္ကသိုလ်မှ ဘွဲ့ရရှိထားသူတဦး ဖြစ်သော်လည်း ကောင်းမွန်သည့် အလုပ်အကိုင် ရှာမရ၍ နိုင်ငံခြား ထွက်ပြီး ငွေရှာရန် ကိုကိုတယောက် ပြင်ဆင်ရပေသည်။

"ဒီမှာ ကုပ်ကပ်နေတာထက်စာရင် နိုင်ငံခြားကို ထွက်ဖို့ အိပ်မက်မက်ရတာက လွယ်ပါသေးတယ်ဗျာ။ ဘာလို့လဲဆိုတော့ ဒီမှာ ကျနော့် အနာဂတ်အတွက် ဘာမှ မျှော်လင့်ချက် မရှိဘူးလေ" ဟု ကိုကိုက မဇ္ဈိမကို တယ်လီဖုံးဖြင့် ဖြေဆိုရာတွင် ဘဝပေါင်းများစွာဖြင့် ရင်းနှီး ရရှိထားသော သင်္ခန်းစာတခုကို ကောက်ကာငင်ကာ ဝေငှ ပြောဆိုလာသည်။

သူ့မျက်နှာပေါ်က အရိပ်အကဲကို အဝေးတနေရာကမို့ အမိဖမ်းရ ခက်သော်လည်း သူ့အသံကို နားထောင်ကြည့်ရုံဖြင့် တချိန်က ကိုယ့်တိုင်းပြည်ထဲတွင် အင်ဂျင်နီယာ တယောက်အဖြစ် အသက်မွေးဝမ်းကျောင်း ပြုခဲ့သော သူ့အတွက် မျှော်လင့်ချက် ကုန်ဆုံးနေပုံကိုဖြင့် အတိအလင်း ပြဆိုနေသည်။

အခုတော့ မြန်မာပြည်ကလွဲ၍ နိုင်ငံခြား တိုင်းပြည်များထဲက ဘယ်နေရာကိုဖြစ်ဖြစ် ပြေးထွက်သွားဖို့ သူ စီစဉ်နေပြီး ကံအားလျော်စွာ ရောက်ရှိသွားမည့် ထိုနေရာတွင် သင့်တော်ကောင်းမွန်သော လစာဖြင့် သူ့ဘဝကို တည်ဆောက်သွားမည့် အကြံအစည် ဖြစ်သည်။

ယခုလိုဖြစ်နေသည်မှာ ကိုကို တဦးတည်းဖြင့် မဟုတ်ပါပေ။

ရန်ကုန်မြို့ "မြန်မာသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဥယျာဉ်" (MICT Park) တွင် အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး တလလျှင် လစာငွေ ကျပ် ၂ သိန်း (အမေရိကန်ဒေါ်လာ ၂ဝဝ ခန့်) ရနေသူကလည်း သြစတြေးလျတွင် ဘွဲ့လွန်ပညာများ ဆက်လက် သင်ယူသွားမည် ဖြစ်ကြောင်း ပြောပြသည်။

"ဒီမှာ ရနေတဲ့လစာက ကောင်းပါတယ်။ ကျနော့်အတွက် လောက်ပါတယ်။ ဒါပေမဲ့ ကျနော့်မိသားစုကို ထောက်ပံ့ဖို့တော့ မလောက်ဘူး။ အဆင်ပြေဖို့အတွက် ပြည်ပထွက်ပြီး ပညာသင်ဦးမယ်" ဟု သူက သူ့စိတ်ကူးစိတ်သန်းကို ဖွင့်ဆိုပြသည်။

ရန်ကုန်မြို့မှ အထက်တန်းပြဆရာမ နော်အယ်ခူ ကလည်း အသက် ၆ နှစ်နှင့် ၈ နှစ်အရွယ်ရှိ သမီး ၂ ဦးကို စင်္ကာပူသို့ ပို့ဆောင်ကာ ပညာသင်ကြားစေခြင်းသည် မြန်မာပြည် ပညာရေးမှာ ကလေးများ၏ အနာဂတ်အတွက် အာမခံချက် ပေးနိုင်ခြင်း မရှိသောကြောင့်ဟု ဆိုလာပြန်သည်။

"ဒီက ပညာရေးက ကျမကလေးတွေရဲ့ အနာဂတ်အတွက် အာမခံချက် ပေးနိုင်တာမဟုတ်ဘူး။ ဒါကြောင့် သူတို့ကို စင်္ကာပူမှာ ပညာသင်ဖို့ပါပဲ" ဟု နော်အယ်ခူ က ဤကိစ္စအတွက် အရူးအမူး ဖြစ်နေသည့် လေသံဖြင့် ပြောလေသည်။

ရန်ကုန်တက္ကသိုလ်မှ အငြိမ်းစား စီးပွားရေး ပါမောက္ခတဦးကလည်း မြန်မာပြည်၏ ပျက်စီးယိုယွင်းနေသော စီးပွားရေးနှင့် လူငယ်များအတွက် အခွင့်အလမ်းများ လျော့နည်းချို့တဲ့နေသော အခြေအနေတို့ကြောင့် ပညာတတ် သူများရော၊ မတတ်သူများပါ နိုင်ငံခြားသို့ ထွက်ခွါရေးသည်သာ အခွင့်အလမ်းတရပ်ဟု ရှုမြင်ကြောင်း ကောက်ချက်ချလေသည်။

အရှေ့တောင်အာရှနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများရှိ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများနှင့် အဆက်အသွယ်ရှိသည့် ရန်ကုန်မြို့ရှိ နာမည်ကြီး အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုကလည်း မကြာသေးခင် နှစ်များအတွင်း အလုပ်အတွက် လာရောက်လျှောက်ထားသူ အရေအတွက် တိုးတက်လာခဲ့ကြောင်း ပြောဆိုသည်။

အဆိုပါ အေဂျင်စီက နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်ရန်အတွက် ကုမ္ပဏီများသည် တလလျှင် အနည်းဆုံး မြန်မာလူငယ် ၁ဝ ဦးမှ ၁၅ ဦးအထိ ရွေးချယ်စေလွှတ်နေသော်လည်း အလုပ်အကိုင်များ ပိုမိုရရှိမည်ဟု ယူဆရသဖြင့် လူ ၁ဝဝ ကျော်ကို ရွေးချယ်ထားလေသည်။

နိုင်ငံရပ်ခြား အလုပ်လျှောက်လွှာ တင်သွင်းမှုသည် လွန်ခဲ့သော နှစ်က ၂ ဆခန့် တိုးပွားခဲ့သည်ဟု အဆိုပါ အေဂျင်စီမှ တာဝန်ရှိသူတဦးက ကိန်ဂဏန်းချ ပြောဆိုသည်။

"အရင်ကထက်စာရင် လျှောက်လွှာတွေက ၂ ဆတိုးလာတာ။ မြန်မာနိုင်ငံမှာ စာရင်းကိုင်လို ရာထူးတွေအတွက် နေရာလပ်တွေ အများကြီးရှိပေမယ့် လျှောက်လွှာရှင် အတော်များများက နိုင်ငံခြားမှာ လုပ်ရမယ့် အလုပ်မျိုးကိုပဲ လုပ်ချင်ကြတယ်" ဟု ရန်ကုန်မြို့ရှိ နောက်ထပ် အလုပ်ရှာဖွေရေး အေဂျင်စီတခု၏ မန်နေဂျာ ရည်မွန်က ရှင်းပြသည်။

မြန်မာပညာတတ် လူငယ်များအတွက် ပေါ်ပြူလာအဖြစ်ဆုံး နိုင်ငံများမှာ စင်္ကာပူ၊ မလေးရှားနှင့် ဒူဘိုင်းနိုင်ငံများ ဖြစ်သည်ဟု ရည်မွန်က ပြောပြသည်။

မြန်မာအများစုသည် အထွေထွေလုပ်သား ရာထူးများအတွက် ရွေးချယ်ကြသော်လည်း မလေးရှား၊ စင်္ကာပူနှင့် ဒူဘိုင်းတွင် စာရင်းကိုင်များ၊ အိုင်တီနည်းပညာရှင်များ၊ အင်ဂျင်နီယာများနှင့် ဟိုတယ်အလုပ်များလည်း မြန်မာလူမျိုးတို့ ရရှိနိုင်ကြောင်း အေဂျင်စီတခု၏ အပြောအရ သိရပြန်သည်။

"ဒီမှာရှိတဲ့ မြန်မာအများစုက အိုင်တီ၊ အင်ဂျင်နီယာ ဒါမှမဟုတ် စာရင်းကိုင်လုပ်ငန်းတွေမှာ လုပ်နေကြတာ" ဟု စင်္ကာပူရှိ မြန်မာအလုပ်သမားတဦးက အခြေအနေကို ပြောသည်။ ဤသို့ဖြစ်ရခြင်းမှာ စင်္ကာပူနိုင်ငံ၏ တင်းကျပ်လှသော တရားမဝင် ဝင်ရောက်သူများအား တားဆီးသည့် ဥပဒေများကြောင့် ကာယလုပ်ငန်းများ လုပ်ကိုင်လိုသည့် မြန်မာအများစုအနေဖြင့် တိုင်းပြည်တွင်းသို့ ဝင်ရောက်ခွင့် မရခြင်းကြောင့်ဖြစ်ကြောင်း သူက ဆက်ပြောလေသည်။

ရန်ကုန်မြို့ရှိ အကြီးစား စက်ပစ္စည်းနှင့် ကိရိယာများ ငှားရမ်းခြင်းလုပ်ငန်း တခုတွင် စာရင်းကိုင်အဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး အလုပ်မှ ထွက်ကာ ယခုအခါ စင်္ကာပူတွင် အလုပ်ရှာနေဆဲ မမေဦးကမူ ဤမြို့ပြနိုင်ငံလေးတွင် ကော်လာဖြူလုပ်သားအဖြစ် လာရောက်အလုပ်လုပ်ကိုင်ရသည်မှာ သူမ စားဝတ်နေရေးအတွက် ပိုမို အာမခံချက်ရှိသည်ဟု ခံစားမိကြောင်း ယခုလို အနာဂတ်အတွက် စိုးရိမ်ပူပန်မှုနှင့်အတူ ပွင့်လင်းစွာ ရှင်းပြလေသည်။

"မြန်မာပြည်မှာတော့ အနာဂတ်အတွက် အာမခံနိုင်မယ့် အလုပ်အကိုင်ကောင်း ရဖို့က လွယ်တာမဟုတ်ဘူးလေ။ ဒီမှာကျ ကျမ အနာဂတ်အတွက် ကြီးမားတဲ့ အခွင့်အရေးတရပ်ပဲလို့ သေသေချာချာ ယုံကြည်ထားတယ်" ဟု သူမက ရှင်းပြသည်။ သူမသည် ယခုထိ အလုပ်မရသေးပေ။

မြန်မာနိုင်ငံတွင် လူငယ်ဘွဲ့ရ အများအပြား ရှိနေသော်လည်း သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင် ရှာဖွေပေးရေးကို နိုင်ငံတော်က ဆောင်ကြဉ်းမပေးနိုင်ပုံကို ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) မှ အငြိမ်းစား နည်းပြဆရာတဦးက ပြောဆိုသည်။

"သူတို့ အခုလို ထွက်နေကြတာရဲ့ အဓိကအကြောင်းက မြန်မာပြည်မှာ နေလို့ရနိုင်မယ့် သင့်တင့်တဲ့ လစာနဲ့ အလုပ်အကိုင်ကို မရနိုင်လို့ပါပဲ" ဟု သူက သူ့မြင်ကွင်းကို စကားလုံးများဖြင့် စီကုံးပြန်လာသည်။

ဤအချက်ကို ယခုအခါ စင်္ကာပူတွင် နေထိုင်လျက်ရှိသော အငြိမ်းစား စီးပွားရေးပါမောက္ခက သဘောတူသည်။ မြန်မာနိုင်ငံမှာ လူငယ်များအဖို့ ကိုယ်စွမ်းကိုယ်စကို အစွမ်းကုန် အသုံးပြုနိုင်မည့် အခွင့်အလမ်းများ မပေးခြင်းနှင့် အခွင့်အလမ်းများ ဖန်တီးယူရေးအတွက် နေရာတိုင်းတွင် အမြဲမပြတ် ပိတ်ဆို့ထားသဖြင့် ဖြစ်နိုင်ခြေ မရှိကြောင်း ပြောသည်။

"သူတို့ (အစိုးရ) က ကျောင်းသားတွေကို အမြဲဖိနှိပ်နေတာ။ ကျောင်းသားတွေကို ထိန်းချုပ်လို့ ရအောင်ဆိုပြီး ပညာရေးစနစ်ကိုလည်း ဖိနှိပ်ထားတာ။ ပညာရေးအဆင့်အတန်း ဘယ်လိုဖြစ်နေတယ်ဆိုတာ ဂရုစိုက်တာ မဟုတ်ဘူး" ဟု သူက ပညာရေးဖိနှိပ်မှုယန္တရားကို ညွှန်ပြလေသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင်မူ ရွှေ့ပြောင်းလုပ်သား အနည်းဆုံး ၂ သန်းရှိနေပြီး၊ မြန်မာနိုင်ငံသည် ဒေသတွင်း၌ ရွှေ့ပြောင်းလုပ်သား အများဆုံး ထုတ်လုပ်ပေးနေသော နိုင်ငံ ဖြစ်နေသည်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူအခြေစိုက် လူ့အခွင့်အရေးအဖွဲ့၏ အဆိုအရ မလေးရှားတွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၅ သိန်းခန့် ရှိနေသည် သိရသည်။

မြန်မာပြည်သား မြောက်မြားစွာထဲတွင် ကံကောင်းသူ အနည်းစုသာ စာရေးစာချီအလုပ်များ ရရှိကြပြီး၊ အများစုမှာ စားသောက်ဆိုင်၊ ဆောက်လုပ်ရေးလုပ်ငန်း စသည့် ကော်လာပြာအလုပ်များကိုသာ ရရှိလုပ်ကိုင်ရသည်။ ရေမြောင်းများ သန့်ရှင်းရေးလုပ်ငန်းများ အပါအဝင် လစာအနည်းငယ်သာရသည့် အလုပ်များတွင်သာ ဝင်လုပ်နေရသည်။

စင်္ကာပူသည် မြန်မာနိုင်ငံသား ၆ သောင်းမျှကို လက်ခံထားသည်။ သို့သော် ဤနိုင်ငံ၏ တင်းကျပ်လှသော တရားမဝင် အလုပ်သမား တားဆီးပိတ်ပင်ရေး ဥပဒေများကြောင့် စင်္ကာပူရှိ မြန်မာနိုင်ငံသား အများစုမှာ တရားဝင် အလုပ်လုပ်ခွင့်ပါမစ်များ ရှိကြသည်။

"မြန်မာနိုင်ငံထဲမှာ အပြောင်းအလဲ မဖြစ်ဘူးဆိုရင် ဒီအခြေအနေအတိုင်း နောက်လာမယ့် နှစ်တွေမှာလည်း ဆက်ဖြစ်နေအုံးမှာပဲ" ဟု အကျပ်အတည်း၏ ထွက်ပေါက်တခုကို အငြိမ်းစား ပါမောက္ခက ထောက်ပြလေသည်။

နိုင်ငံရေး မတည်ငြိမ်မှုများဖြင့် ရင်ဆိုင်နေရသည့် နိုင်ငံတွင် ဤကဲ့သို့ လူသားအရင်းအမြစ်များ ဆုံးရှုံးနေရခြင်းသည် တပြန်တလှည့်အားဖြင့် စီးပွားရေးယိုယွင်းမှုကိုလည်း ဖြစ်ပေါ်စေလိမ့်မည်ဟု သူက သတိပေးစကားလည်း ပြောကြားသွားသည်။

၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက် တိုင်းပြည်ကို အုပ်စိုးခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက အထီးကျန်နေရေး မူဝါဒကို ကျင့်သုံးခဲ့သည့်အတွက် မြန်မာ့စီးပွားရေးမှာ တက်ကိန်းမရှိ ထိုးကျခဲ့ရသည်။

ဤသို့သော အခြေအနေဆိုးကြောင့်ပင် ၁၉၈၈ ခုနှစ်တွင် ဒီမိုကရေစီ တောင်းဆိုဆန္ဒပြပွဲများ ပေါ်ပေါက်လာရာ ဆန္ဒပြသူများကို ရက်စက်စွာ နှိမ်နင်းပစ်ခတ်ပြီး စစ်တပ်က အာဏာသိမ်းခဲ့ပြန်သည်။ ထို့နောက်တွင်မူ အခြေအနေမှာ သည့်ထက်ပင် ပိုမိုဆိုးရွားသွားစေသည်။

မိမိကိုယ်မိမိ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ဟု ခေါ်ဝေါ်သမုတ်ထားသည့် နအဖ စစ်အစိုးရသည် နိုင်ငံတကာက အသိအမှတ်ပြု လက်မခံနိုင်သည့် ခပ်ကြောင်ကြောင် ပညာရေးစနစ်ကို မဆီမဆိုင် ချမှတ်ကျင့်သုံးလာပြန်သည်။

၁၉၈၈ မှ ၂ဝဝ၈ ခုနှစ်အတွင်း စစ်အစိုးရသည် အခြေခံပညာအထက်တန်း သင်ရိုးညွှန်းတန်းကို ၅ ကြိမ်ထက်မနဲ ပြောင်းလဲ ပြဋ္ဌာန်းလာခဲ့သည်။ သင်ရိုးသစ်တိုင်းသည် နှစ်အနည်းငယ်သာ ခံလေသည်။

စစ်အစိုးရသည် ပညာရေးစနစ်ကို အဆင့်မြှင့်သည်ဟုဆိုကာ တက္ကသိုလ် အဆောက်အဦသစ်များ တည်ဆောက်ခဲ့သည်။ စက်မှုတက္ကသိုလ်နှင့် ကွန်ပြူတာသိပ္ပံ အပါအဝင် သက်မွေးဝမ်းကျောင်း တက္ကသိုလ်အသစ်များကို ဖွင့်လှစ်ခဲ့သည်။ ယခင် ကျောင်းသားဟောင်းများကို အတင်းအကျပ် ဆရာများအဖြစ် အမှုထမ်းစေခဲ့သည်။

မည်သို့ပင်ဆိုစေ မြန်မာလူငယ် အများစုမှာမူ လက်ရှိ စနစ်များအောက်တွင် ကိုယ့်တိုင်းပြည်တွင်း၌ အလုပ်အကိုင်တခု ရရှိရေး မျှော်လင့်ချက်မှာ အပြင်းအထန် ရုန်းကန်လှုပ်ရှားနေရဆဲပင်ရှိသည်။

မြန်မာလူငယ်များ မိမိတို့အလိုအလျောက် တိုင်းပြည်တွင်းမှ ထွက်ခွါကြခြင်းမှာ လူသားအရင်းအမြစ်များ ဆုံးရှုံးမှုအဖြစ် နောက်တလှမ်းဆုတ်သွားခြင်း ဖြစ်သော်လည်း အနာဂတ် မြန်မာနိုင်ငံအတွက် ရင်းနှီးမြုပ်နှံမှုတခု ဖြစ်နိုင်ကြောင်းဖြင့် အငြိမ်းစား စီးပွားရေးပါမောက္ခက ရေရှည်မျှော်လင့်ချက် ရောင်ခြည်ကို ထွန်းညှိပြလေသည်။

မြန်မာလူငယ်များ ပြည်တွင်းတွင် အလွန်ကြီးမားပြင်းထန်သော အခက်အခဲများကို ကြုံတွေ့ခဲ့ကြရပြီး နိုင်ငံရပ်ခြားသို့ ထွက်ကာ နိုင်ငံတကာ အဆင့်အတန်းရှိ ပညာရပ်များ သင်ကြားနိုင်သည့် အခွင့်အလမ်းများကို ရရှိခဲ့ကြခြင်းကြောင့်ဖြစ်သည်ဟု သူက ဆက်လက်၍ အနက်ဖွင့်ဆိုသည်။

စင်္ကာပူတွင် "အစဉ်အလာအားဖြင့် မြန်မာလူငယ်များသည် ပိုလီတက္ကနစ်ကျောင်းများသို့ တက်ရောက်ကာ ပညာသင်ကြပြီး ၂ နှစ်အတွင်း ဒီပလိုမာတခု ရရှိပြီး ပညာရေးတွင် ထူးချွန်ကြသောကြောင့် အလုပ်အကိုင်များကို အလွယ်တကူ ရရှိကြသည်" ဟု သူက ပြောသည်။

ကိုကို ကမူ သူ့ပညာရပ်အတွက် အလုပ်အကိုင်ရရန် မခဲယဉ်းသော်လည်း ရရှိသည့် လစာအနဲငယ်ဖြင့် မြန်မာပြည်တွင် သူ့အတွက် တိုးတက်ရန် မဖြစ်နိုင်တော့ကြောင်း ပြောဆိုလေသည်။

"ကျနော် ဒီမှာ (မြန်မာပြည်မှာ) ဘွဲ့ရခဲ့တာပါ။ ဒါပေမဲ့ ကျနော့်အလုပ်ကို အထောက်အကူဖြစ်မယ့် ပိုတိုးတက်အောင် လုပ်နိုင်မယ့်ဟာက ဒီမှာ ဘာမှ မရှိတော့ဘူး။ ကျနော့်အတွက် တခုတည်းသော မျှော်လင့်ချက်က နိုင်ငံခြားထွက်ပြီး ပညာဆက်သင်ဖို့ပါပဲ" ဟု သူက အဆုံးသတ် ပြောကြားသွားခဲ့သည်။

No comments: