Thursday, August 21, 2008

အဆုံးသတ်တိုက်ပွဲကို ဘယ်လိုဆင်နွှဲကြမလဲ

ဇွန်မှိုင်း

ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံကြီး ဖြစ်ပွားပေါ်ပေါက်ခဲ့တာ ဒီနှစ် သြဂုတ် လ (၈) ရက်နေ့မှာ နှစ် (၂ဝ) တင်းတင်း ပြည့်သွားပြီ။

ဒီနှစ် (၂ဝ) ပြည့်နေ့မှာ့ 
နိုင်ငံရေးသမားတွေကြားမှာ၊ နိုင်ငံရေးအင်အားစုတွေကြားမှာ့ 
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကြားမှာ၊ လူထုတွေကြားမှာ့ 
သတင်းစာသမားတွေကြားမှာ၊ ရုပ်သံ၊ ရေဒီယို၊ အင်တာနက်စာမျက်နှာ စတဲ့ မီဒီယာ တွေကြားမှာ့ 

ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့်ပတ်သက်ပြီး အလေးအနက်သုံးသပ်ခဲ့ကြတောတွေ၊ တွေ့ရကြားရပါတယ်။ မေးခွန်းတွေအမျိုးမျိုးထုတ် ကြည့်ကြတယ်။ ဝမ်းသာပါတယ်။ ဒီအရေး တော်ပုံကြီးအပေါ် ဒီလိုအလေးအနက်ပြုကြတာ၊ ပြုနေကြတာဟာ ဝမ်းသာစရာကောင်းတဲ့ ကိစ္စ ဖြစ်ပါတယ်။

အဲ့ဒီအထဲက မေးခွန်းတချို့ကို ကျနော်လည်း အင်မတန် စိတ်ဝင်းစားမိပါတယ်။

မေးခွန်းတွေက ဒီလိုပါ။

ဒီအရေးတော်ပုံကြီးက ကျနော်တို့ဘာတွေရရှိခဲ့ကြသလဲ။

ဒီအရေးတော်ပုံကြီးမှာ ကျနော်တို့ဘာတွေဆုံးရှုံးခဲ့ကြသလဲ။

လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူထုတရပ်လုံး ဟုန်းဟုန်းထ အုံကြွလှုပ်ရှား ခဲ့ကြပါလျက်နှင့် အပြီးသတ်အောင်ပွဲကို ဘာကြောင့်မဆင်ခဲ့နိုင်တာလဲ။

ကျနော်တို့ရဲ့အဓိက အားနည်းချက်က ဘယ်နေရာလဲ။

ရှစ်လေးလုံးကပေးလိုက်တဲ့ အောင်သီးအောင်ပွင့်တွေကို ကျနော်တို့ဘယ်လောက် ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့သလဲ၊ ဘယ်လောက် ဆက်လက်တိုးချဲ့ပြီး ပွားစည်အောင် လုပ်နိုင် ခဲ့ပြီလဲ။

ဒီနေ့ကာလ နိုင်ငံရေးအခြေအနေ(နိုင်ငံရေးဒီရေ)ဟာ အကျပိုင်းလား၊ အတက်ပိုင်း လား။

ရှစ်လေးလုံးရဲ့ မပြီးပြတ်သေးတဲ့ နိုင်ငံရေးတာဝန်တွေကို ဘယ်လို ဆက်လက်သယ်ဆောင် ကြမလဲ။

ရှစ်လေးလုံးအရေးတော်ပုံကြီးက ပြဋ္ဌာန်းပေးလိုက်တဲ့ ဒီနေ့ကာလ ကျနော်တို့အားလုံးရဲ့ လုပ်ငန်းတာဝန်တွေက ဘာတွေလဲ။

ဒီတာဝန်တွေကို အဓိကအားဖြင့် ဘယ်တိုက်ပွဲသဏ္ဍာန်တွေနှင့် ဆက်လက်တိုက်ပွဲဆင်ကြမလဲ။ စသည့် စသည့် မေးခွန်းများ။

မေးခွန်းတွေကို ကြည့်ရုံနှင့်တင် ဒီအရေးတော်ပုံကြီးအပေါ်မှာ ဘယ်လောက်လေးနက်ကြတယ်၊ ဘယ်လောက် အားထားကြတယ်၊ ဒီကနေ့ကာလ တိုက်ပွဲတွေအတွက် ဒီအရေးတော်ပုံကြီးက ဘယ်လောက်သြဇာကြီးသလဲဆိုတာ ခန့် မှန်းတွက်ဆလို့ရနိုင်လောက်ပါတယ်။

ဒီမေးခွန်းတွေကို ကျနော်တို့ဝိုင်းပြီး ဖြေကြည့်ကြရအောင်ဗျာ။



(၂)

ဒီအရေးတော်ပုံကြီးမှာ ကျနော်တို့ဘာတွေဆုံးရှုံးခဲ့ရသလဲ။

ရင်ဆိုင်နေရတဲ့ရန်သူဟာ (မဆလ)တပါတီအာဏာရှင်စနစ်လည်းဖြစ်ပြီး စစ်ဗျူရို ကရက် ယန္တရားကို အခိုင်အမာတည်ဆောက်ထားတဲ့ စစ်အာဏာရှင်စနစ်လည်းဖြစ်ပါတယ်။

ဒီပွဲဟာ သာမန်ပွဲတပွဲမဟုတ်တော့ဘူး။

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို အပြည့်အဝရယူပိုင်ဆိုင်ချင်တဲ့ လူမျိုးစုံ မြန်မာပြည်သူ လူထုကြီးက တဖက်၊ စစ်အာဏာ၊ စစ်ဗျူရိုကရက်ယန္တရားကို အခိုင်အမာတည်ဆောက်ထားလို တဲ့ စစ်အုပ်စုလက်တဆုပ်စာကတဖက် ဖြစ်ပွားခဲ့ကြရတဲ့ အာဏာဆိုင်ရာ အဆုံးအဖြတ်တိုက်ပွဲ ကြီး ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဗိုလ်နေဝင်းဦးဆောင်တဲ့ စစ်အုပ်စာဟာ့ 

စစ်အာဏာရှင်တို့ရဲ့သဘာဝအတိုင်း သူ့အာဏာထိပါးလာမှုကို မီးကုန်ယမ်းကုန် ကာကွယ်တယ်။

ပရိယာယ်မျိုးစုံ၊ နည်းစုံလမ်းစုံ သုံးပြီး အသည်းအသန် ကာကွယ်ခဲ့တယ်။

ဒါကြောင့်လည်း ဒီအရေးတော်ပုံကြီးအတွင်းမှာ ကျနော်တို့ပြည်သူတွေဘက်က အရင်းအနှီးတွေ အများကြီး ပေးလိုက်ရတယ်။

ထောင်ချီပြီး အသက်တွေပေးခဲ့ကြရတယ်။

ထောင်ချီပြီး အကျဉ်းထောင်တွေထဲ ရောက်ခဲ့ကြရတယ်။

ထောင်သောင်းချီပြီး လက်နက်ကိုင်တော်လှန်နယ်မြေတွေဆီ အိုးအိမ်တွေပစ်ပြီး ထွက်ခွာခဲ့ကြရတယ်။

ကျနော်တို့ ဘာတွေရလိုက်သလဲ။

(မဆလ)တပါတီအာဏာရှင်စနစ်ကို ဖတ်ချဖျက်သိမ်းပစ်လိုက်နိုင်တယ်။

ပြည်သူတွေ ညီညီညွတ်ညွတ်နှင့် အခုလိုပဲ လူထုတိုက်ပွဲဆင်နိုင်ရင် အခုလိုပဲ အောင်ပွဲ ဆင်နိုင်တယ်ဆိုတဲ့ တိုက်ပွဲလက်တွေ့က ပေးလိုက်တဲ့အသိကို ရရှိခဲ့တယ်။

နိုင်ငံရေးပါတီများတည်ထောင်ဖွဲ့စည်းခွင့်နှင့် နိုင်ငံရေးလှုပ်ရှားခွင့်တစုံတရာရရှိတဲ့ ဒီမိုကရေစီဝန်းကျင်တခုကို ရရှိခဲ့ပါတယ်။



(၃)

ကျနော်တို့က (မဆလ)တပါတီအာဏာရှင်စနစ်ကို ဖြုတ်ချဖျက်သိမ်းပစ်လိုက်နိုင်ပေ မယ့် စစ်အာဏာရှင်စနစ်ကိုတော့ မဖျက်သိမ်းလိုက်နိုင်ပါဘူး။

ဒီလောက် လှည်းနေလှေအောင်း မြင်းစောင်းမကျန် တပြည်လုံးအုံကြွတော်လှန်ခဲ့ကြတာတောင် ဘာကြောင့် အဆုံးသတ်အောင်ပွဲမ ခံနိုင်ခဲ့တာလဲ၊ အဓိက အားနည်းချက်က ဘယ်နေရာလဲ။

ဒီမေးခွန်းကို ခင်ဗျားဘယ်လိုဖြေမလဲ။

လူထုရဲ့ညီညွတ်မှုဟာ မလုံလောက်ခဲ့ဘူးလား။

လူထုရဲ့ရဲရင့်မှုကရော ဘယ်နေရာမှာ မလုံမလောက်ဖြစ်နေခဲ့လို့လဲ။

ကျနော့်အမြင်ကတော့ လူထုဘက်က အများကြီးကို လုံလောက်ခဲ့ပါတယ်။

အဓိကအားနည်းချက်က လူထုဘက်မှာ မဟုတ်ပါဘူး။ အဲ့ဒီကာလတိုက်ပွဲအတွင်းက ခေါင်းဆောင်စုဘက်မှာ ဖြစ်ပါတယ်။

“တပါတီစနစ်ဖျက်သိမ်းရေး”
“ပါတီစုံ စနစ်ကျင့်သုံးရေး”
“ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး”
ဆိုတဲ့ လူထုရဲ့ တခဲနက်ကြွေးကြော်တောင်းဆိုသံတွေကို အချိန်ကိုက် ထိထိရောက် ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ဆိုရင့့် 

အခြေအနေအရပ်ရပ်က ဆောင်ရွက်နိုင်လောက်အောင် လုံလောက်ရမှာဖြစ်သလို၊ ခေါင်းဆောင်စုရဲ့တညီတညွတ်တည်း တီထွင်မှုရှိရှိ၊ ပိုင်းဖြတ်မှုရှိရှိ ရဲဝံ့တည်ကြည်စွာ ဆောင် ရွက်နိုင်စွမ်းကလည်းအလွန်ကိုပဲအခရာကျပါတယ်။

အဲ့ဒီကလာမှာ့ 

ကျနော်တို့ရရှိနေတဲ့ အခြေအနေတွေဟာ တစုံတရာတော့ ပြည့်စုံနေပြီလို့ ပြောမယ် ဆိုရင် ပြောနိုင်မယ်ထင်ပါတယ်။

ဒါပေမယ့် ဒီအခြေအနေတွေကို အမိအရယူနိုင်လောက်တဲ့ အဆင်သင့်ဖြစ်မှုမျိုးတော့ အဲ့ဒီကာလခေါင်းဆောင်စုမှာ လုံလုံလောက်လောက် မရှိခဲ့ကြဘူးလို့ ကျနော်သုံးသပ်ချင်တယ်။

ဒါဟာ အဓိကကျသော အကြောင်းတကြောင်းလို့ ကျနော်မြင်တယ်။

နောက့့်  အရင်းခံကျတဲ့ အခြားအကြောင်းတကြောင်းကတော့ ....
ကျနော်တို့ရင်ဆိုင်နေရတဲ့ ရန်သူဟာ အလွန်ခေါင်းမာ၊ အလွန်ရက်စက်၊ အလွန်ရူးသွပ် တဲ့ စစ်အာဏာရှင်ဖြစ်နေတဲ့ကိစ္စ ဖြစ်ပါတယ်။

ဒါကြောင့် စစ်အုပ်စုဟာ ကျနော်တို့ရဲ့ ဟာနေတဲ့ ကွက်လပ်ကနေ အရက်စက် အရမ်း ကားဆုံး ပစ်ခတ်ဖြိုခွင်းပြီး စစ်အာဏာသိမ်းခြင်းဖြင့် ကျနော်တို့တိုက်ပွဲကို ယာယီအားဖြင့် တန့်ရပ်သွားအောင် လုပ်ဆောင်သွားနိုင်တာဖြစ်ပါတယ်။

စစ်အုပ်စုကို ကြောက်စရာ လုံးလုံးမလိုဘူးဆိုပေမယ့် အရမ်းမဲ့အထင်သေးလို့တော့ မသင့်ဘူးဆိုတဲ့အချက်ကို ဒီအချက်က သက်သေပြတယ်လို့ သဘောရပါတယ်။



(၄)

တိုက်ပွဲရလဒ်တွေကို ကျနော်တို့ဘယ်လိုတိုးချဲ့ခဲ့နိုင်သလဲ။

နိုင်ငံရေးပါတီတွေ ပေါ်လာတယ်။

၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဆိုတာ ပေါ်လာတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီဆိုတာ ပေါ်လာတယ်။

(မကဒတ) ကျောင်းသားတပ်မတော်ဆိုတာ ပေါ်လာတယ်။

ပြည်တွင်းမှာ၊ နယ်စပ်မှာ၊ နိုင်ငံတကာမှာ အတိုက်အခံအင်အားစုတွေ အင်နှင့်အားနှင့် ပေါ်လာတယ်။

နိုင်ငံတကာရဲ့ အာရုံစိုက်မှု၊ စာနာမှု၊ ထောက်ခံဝန်းရံမှုတွေ ပေါ်လာတယ်။

ရှစ်လေးလုံးအရေးတော်ပုံရဲ့ မပြီးပြတ်သေးတဲ့တိုက်ပွဲတွေကို ပွဲဆက်ကြရလိမ့်မယ် ဆိုတဲ့ သံန္နိဋ္ဌာန်တွေ ပေါ်လာတယ်။

စစ်အာဏာရှင်စနစ်ကို အကုန်အစင်မဖျက်သိမ်းနိုင်သေးသရွေ့ ရှေ့ကို ဘာမှဆက်လို့ မရနိုင်တော့တာမို့ မဖြစ်မနေ စစ်အာဏာရှင်စနစ်ကို အကုန်အစင်ဖျက်သိမ်းပစ်ရမယ်ဆိုတဲ့နိုင်ငံရေးပိုင်းဖြတ်မှုတွေပေါ်လာတယ်။

ဒါတွေဟာ့  ရှစ်ဆယ်ရှစ်အရေးတော်ပုံကြီးရဲ့ ရလဒ်တွေကနေ ဆင့်ပွားပေါ်ထွန်း လာတဲ့ ရရှိချက်အသစ်တွေ ဖြစ်တယ်လို့ ကျနော်မြင်တယ်။

ဒီနေ့ကာလ နိုင်ငံရေးအခြေအနေ(နိုင်ငံရေးဒီရေ)ဟာ အကျပိုင်းလား၊ အတက်ပိုင်း လား။

ကျနော့်အမြင်အရဆိုရင် ဒီမေးခွန်းက မေးဖို့မလိုတဲ့ မေးခွန်းဖြစ်ပါတယ်။

ရှစ်ဆယ်ရှစ်အရေးတော်ပုံကြီးရဲ့ ရလဒ်တွေကနေ ဆင့်ပွားပေါ်ထွန်းလာတဲ့ ရရှိချက် အသစ်တွေလည်း ရှိနေပြီ။

လုထုတိုက်ပွဲတွေကလည်း မနားတမ်း ပေါ်ပေါက်နေတယ်။

တိုက်ပွဲအတွေ့အကြုံတွေနှင့် ထက်သန်နေတဲ့ မျိုးဆက်သစ်တွေလည်း တပွဲပြီးသွား တိုင်း ပြီးသွားတိုင်း အသစ်အသစ်တွေ ပေါ်ပေါက် နေတဲ့ ဒီနေ့လို ကာလမျိုးမှာ စစ်အုပ်စုက ဘယ်လောက်ပဲ ဟန်ရေးပြင်နေနေ ကျနော်တို့ ဘာကို တွေးပြီးစိုးရိမ်နေရဦးမှာလဲ။။

ဒါကြောင့် ဒီနေ့ကာလ နိုင်ငံရေးအခြေအနေ (နိုင်ငံရေး ဒီရေ) ဟာ အတက်ဖြစ်တယ်လို့ ကျနော် ရဲရဲ ပြောချင်တယ်။



(၅)

ဒါဆိုရင့့်  ဒီကနေ့ ကျနော်တို့ဆောင်ရွက်ကြရမယ့် အဓိကနှင့်အခြေခံအကျဆုံး လုပ်ငန်းတာဝန်ဟာ ဘာဖြစ်မလဲ။

‘စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး’ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်အမြစ်ကုပ်နိုင်တဲ့ရေခံမြေခံတိုင်းကိုဖျက်ပစ်ရမယ်။

စစ်အာဏာရှင်စနစ်ရဲ့ ရေသောက်မြစ်ကို တစမကျန် ဖြတ်ပစ်ရမယ်။

စစ်အာဏာရှင်စနစ်ရဲ့ ဒိုင်းတွေ၊ လွှားတွေ၊ ချပ်ဝတ်တန်ဆာတွေကို အကုန်လုံးဖျက်ဆီးပစ်ကြရလိမ့်မယ်။

အဲ့ဒါတွေဟာ လက်တွေ့ကျကျပြောရရင် ဘာတွေဖြစ်မလဲ။

ကျနော့်အမြင့့် 

နအဖရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ နအဖရဲ့ (၉၂့  ၄၈%) ၊ နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ။

ဒီသုံးခုဟာ နအဖရဲ့ရေခံမြေခံ၊ နအဖရဲ့ရေသောက်မြစ်၊ နအဖရဲ့ဒိုင်းလွှား ချပ်ဝတ် တွေဖြစ်တယ်။

ဒါတွေအားလုံးကို ကျနော်တို့ပြတ်ပြတ်သားသား ဆန့်ကျင်ကြရလိမ့်မယ်။ ပြတ်ပြတ်သားသား တိုက်ဖျက်ပစ်ကြရလိမ့်မယ်။



(၆)

ဘယ်လိုတိုက်ပွဲသဏ္ဍာန်မျိုး၊ ဘယ်လုပ်ဟန်မျိုးနှင့် ဒီပွဲကို ဆက်ကြမလဲ။

အဆုံးသတ်တိုက်ပွဲကို ဘယ်လိုဆင်နွှဲကြမလဲ။

တိုက်ပွဲသဏ္ဍာန်က အမျိုးမျိုးဖြစ်နိုင်ပါတယ်။

နိုင်ငံရေး၊ စစ်ရေး၊ သံတမာန်ရေး ဘက်ပေါင်းစုံက တိုက်ပွဲဆင်ရပါလိမ့်မယ်။

လုပ်ဟန်ကတော့  လူထုလုပ်ဟန်ဖြစ်ရပါလိမ့်မယ်။ လူထုတရပ်လုံး၊ အင်အားစု အားလုံး ပါဝင်နိုင်တဲ့လုပ်ဟန် ဖြစ်ရပါလိမ့်မယ်။

တဦးကောင်းတယောက်ကောင်း လုပ်ဟန်နှင့် လုပ်လို့ရနိုင်လိမ့်မယ်မဟုတ်ပါ။

တဦးစီတဦးစီတိုင်းအတွက် အောင်ပွဲကို တဦးစီတဦးစီတိုင်းက တိုက်ပွဲဆင်ပြီး ရယူကြ ရပါလိမ့်မယ်။

လူထုတရပ်လုံးအတွက် အောင်ပွဲကို လူထုတရပ်လုံးက ပိုင်းဖြတ်မှုရှိရှိ တိုက်ပွဲဆင်ပြီး ရယူကြရပါလိမ့်မယ်။

ကျနော်တို့မှာ ဘယ်ကယ်တင်ရှင်မှမရှိနိုင်ဘူး။

ကျနော်တို့ကို ကယ်တင်မယ့်သူဟာ ကျနော်တို့ကိုယ်တိုင်ပဲ ဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်ကို စိုက်ထူကြရပါလိမ့်မယ်။

ဒါဖြင့် ဒါကို ဘယ်လိုအစပြုရမလဲ။

နိုင်ငံရေးအင်အားစုအသီးသီးရဲ့ ဦးဆောင်အခန်းက ဘာလဲ။

နိုင်ငံရေးအင်အားစုအသီးသီးရဲ့ ဒီကနေ့တာဝန်ဟာ လူထုကိုစည်းရုံး၊ လူထုရဲ့ နိုးကြားမှုကို မြှင့်တင်၊ လူထုရဲ့ရဲရင့်မှုကို အရှိန်မြှင့်။

လူထု လက်တွေ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဒုက္ခတွေကြောင့် ဖြစ်ပေါ်လာတဲ့ဒေါသတွေကို တိုက်ပွဲစိတ်ဓာတ်များအဖြစ် လမ်းကြောင်းပေး ဆိုတဲ့ လုပ်ငန်းတွေကို စိတ်ရှည်ဇွဲရှိစွာ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။

အရေးကြီးတကာ့အရေးကြီးဆုံးကတော့ 

လူထုကို လက်တွေ့မကျတဲ့ မက်လုံးတွေ မပေးမိဖို့နှင့် တိုက်ပွဲဦးကျိုးသွားစေတာမျိုး မဖြစ်ရအောင့့်  တိုက်ပွဲစီမံချက်တွေ ချမှတ်ရာမှာ လောမကြီးမိကြဖို့ ဖြစ်ပါတယ်။

တပ်ဦးကျွံခြင်းနှင့် နောက်မြီးဆွဲဖြစ်ခြင်းကို ရှောင်ရှားနိုင်ရေးဟာ တိုက်ပွဲတိုင်းရဲ့ အသက် ဖြစ်ပါတယ်။

လူထုရေချိန်ကို တစတစမြှင့်ယူသွားရင်း လူထုရေချိန်နှင့်အညီ လူထုလိုက်ပါနိုင်တဲ့ တိုက်ပွဲသဏ္ဍာန်များနှင့် အစချီသင့်တယ်။

တိုက်ပွဲငယ်လေးတွေက အောင်ပွဲငယ်လေးတွေကို ရရှိစေခြင်းဖြင့် လူထုသတ္တိကို ပိုပြီး ရဲရင့်ထက်သန်လာစေရမယ်။

‘တစက်မှတမျက်နှာ’ ဖြစ်လာရေးအတွက် စနစ်တကျပြင်ဆင်၊ စနစ်တကျ တိုက်ပွဲ ဆင်ကြရလိမ့်မယ်။

လူထုအကျိုးကို တည့်တည့်မျက်နှာမူထားပြီး လူထုအားကိုအရယူကာ စစ်အာဏာရှင် စနစ်ကို အကုန်အစင်ဖြိုလှဲ ဖျက်သိမ်းပစ်ခြင်းဖြင့်သာ ရှစ်လေးလုံးအရေးတော်ပုံကြီးက ပြဋ္ဌာန်း ပေးလာတဲ့ ဒီနေ့ကာလရဲ့ လုပ်ငန်းတာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်ယူဆမိပါတယ်။ ။


No comments: