အေးချမ်းမြေ့
သူတို့မျက်နှာထားတွေက အားလုံး တပုံစံတည်း။ သူတို့ ကိုဖမ်းမိလို့ တုံ့ပြန်ပုံကလည်း တထေရာတည်း။ သူတို့အားလုံး၏ အရွယ်၊ သူတို့လာတတ်သည့်အချိန်၊ သူတို့ လုပ်ပုံ လုပ်နည်းများက အားလုံး တပုံစံ တည်းဖြစ်သည်။
ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်နှင့် လှိုင်မြို့နယ်တို့တွင် ကျက်စားနေသော ကလေး သူခိုး ကလေးများအကြောင်းကို စမ်းချောင်းသား တဦးက ပြောပြနေခြင်းဖြစ်၏။
ကလေးများ၏ အရွယ်မှာ ၁၂ နှစ် ၁၃ နှစ် ပတ်ဝန်းကျင်ဖြစ်ပြီး အုပ်စုတစုလျင် အနည်းဆုံး ကလေး ၃ ဦးမှ ၆ ဦးထိ ပါဝင် သည်ဟု သူကဆိုသည်။
“ကျနော်တို့ ရပ်ကွက်ထဲမှာတင် မိတာ ၉ ခါလောက်ရှိပြီ” ဟု သူက ပြောသည်။ ကလေး များ အဓိက ယူသည့် ပစ္စည်းများမှာ အဝတ်အထည်၊ ဖိနပ်၊ အမ်ပီသရီး ပလေယာ၊ စတီးချိုင့် စသည့် တန်ဖိုးအလွန်မကြီး သော ပစ္စည်းများဖြစ်သည်။
သူတို့ပုံစံက လမ်းထဲတွင် ပလတ်စတစ်ကောက်သည့် ပုံစံအတိုင်း ပီနံအိတ်ခပ်ကြီးကြီး တလုံး လွယ်ထားသည်။ ခိုးယူထား သည့်ပစ္စည်းများကို အောက်တွင်ခံကာ အပေါ်တွင် ပလတ်စတစ်ပစ္စည်း အစုတ်များ ဖုံးထားတတ်သည်ဟု ဆိုသည်။
“ဖမ်းမိတဲ့သူတွေက ကလေးတွေပဲဆိုပြီး ပြောဆို ပြန်လွှတ်ကြတာပဲ။ ဒါပေမယ့် မိတဲ့ ကလေးအားလုံးက ဖြေတာ တပုံစံ တည်းဖြစ်နေတယ်။ ပလတ်စတစ်ကောက်ရင်း ဒီပစ္စည်းကို တွေ့လို့ ယူမိတာပါ လို့ဖြေတယ်” ဟု စမ်းချောင်းသားက ပြောပြသည်။
တန်ဖိုးနည်း ပစ္စည်းများဖြစ်ခြင်း၊ ခိုးယူသူတို့မှာ ကလေးများ ဖြစ်နေခြင်းကြောင့် ပစ္စည်း ပျောက်သူတို့မှာ ရဲစခန်းသို့မတိုင် တော့ဘဲ ပြန်လွှတ်လိုက်ကြသည်။ ထိုကလေးများက တန်ဖိုးကြီးမားသည့် ပစ္စည်းများကို ယူနိုင်သောအနေအထား ရှိသည့် တိုင် လုံးဝယူသွား ခြင်းမရှိကြောင်း သိရသည်။
“ဟန်းဖုန်းလို ပစ္စည်းမျိုး အလွယ်တကူတွေ့တာတောင် မယူဘူး” ဟု သူက ဆက်ပြောသည်။
ထိုနယ်မြေအတွင်းမှ ဒုရဲအုပ်အဆင့် ရှိသူတဦးက ကလေးများမှာ ကြည့်မြင်တိုင် ငါးဈေး တဘက်ကမ်း အေး ရွာမှ ဖြစ်နိုင် သည်ဟု သုံးသပ်သည်။ ၎င်းက ထိုကလေးများ၏ နောက်ကွယ်တွင် ကြိုးကိုင်စေခိုင်းနေသူ တဦး သို့မဟုတ် တဦး မက ရှိနိုင်သည်ဟု ဆိုသည်။
“အိမ်တအိမ်ကို ဝင်ရင် သွပ်ပြားကို ချိုးတာကအစ သပ်ရပ်တယ်။ သေသေချာချာ လေ့ကျင့် ထားတာသေချာတယ်။ အိမ်ထဲကို ကျွမ်းကျင်တဲ့ ၂ ယောက်ကဝင်တယ်။ အပြင်မှာ ကျန်တဲ့ လူတွေက စောင့်နေတယ်” ဟု ၎င်းကရှင်းပြသည်။
ကြည့်မြင်တိုင် မြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတဦးကလည်း သူ့အိမ်ဘေးခြံစည်းရိုးကို ထိုကလေးများခွာ၍ ဝင်နေစဉ် ဖမ်းဆီးမိဖူးသည်ဟု ပြောပြသည်။ စစ်မေးသည့်အခါ ကလေးများက ကြောက်ရွံ့ခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ပင် ဖြေသည် ဟု ဆို၏။
“ကြည့်မြင်တိုင် တဘက်ကမ်းကလို့ ပြောတယ်။ ခိုးလို့ရတဲ့ ပစ္စည်းတွေကို ကြည့်မြင်တိုင် ညဈေးမှာ သွင်းတယ်တဲ့။ အင်္ကျီ တထည် ခပ်လတ်လတ်ဆိုရင် ၅၀၀ လောက်ရတယ် ပြောတယ်။ ကြောက်လန့်ပုံတော့ လုံးဝမရဘူး” ဟု ၎င်းကပြောပြသည်။
ညပိုင်းတွင် ထိုကလေးများမှာ ညလုံးပေါက် နေထိုင်၍ ရသော သီရိမင်္ဂလာ ကုန်စိမ်း ဈေးတွင် အချိန်ဖြုန်းလေ့ရှိသည်တဲ့။
“ကြည့်မြင်တိုင် တဘက်ကမ်းမှာတော့ အဲဒီလို ကလေးတွေ အများကြီးပဲ။ အိမ်ခြေရာမဲ့တွေ၊ မိဘမဲ့ ကလေးတွေပေါ့” ဟု ကြည့်မြင်တိုင်မြို့နယ်အတွင်း နေထိုင်သည့် သတင်းထောက် တဦးကပြောပြသည်။ ၎င်းက ဆက်လက်၍ နာဂစ်ဆိုင်ကလုန်း မုန်တိုင်း နောက်ပိုင်းတွင် အမှုအခင်းများ ပိုမို ထူပြောလာသည်ဟု ဆိုသည်။
သြဂုတ်လဆန်းပိုင်းကလည်း စမ်းချောင်းမြို့နယ်အတွင်းရှိ ဇေယျဝတီ စာသင်တိုက်တွင် ၁၃ နှစ်၊ ၁၄ နှစ် ဝန်းကျင်ရှိ မိန်းကလေး ၂ ဦး ယောက်ျားလေး ၃ ဦးတို့ ဝင်ရောက် ခိုးယူ ခဲ့ရာ မိန်းကလေး ၁ ဦးနှင့် ယောက်ျားလေး ၁ ဦးကို ဖမ်းမိခဲ့ကြောင်း သိရသည်။
“ချော့မေး၊ ခြောက်မေးတာ မရဘူး။ ဘုန်းကြီးက ရိုက်ပြီးမေးတော့မှ ကြည့်မြင်တိုင် တဘက်ကမ်း အေးရွာက လို့ဖြေတယ်” ဟု ၎င်းဇေယျဝတီကျောင်းတိုက်နှင့် နီးစပ်သူ တဦးက ပြောပြသည်။
ကလေး အရေအတွက် ၄၀၊ ၅၀ ဝန်းကျင်ခန့် ရှိနိုင်ကြောင်းနှင့် ၎င်းတို့၏ စုရပ်မှာ ကြည့်မြင်တိုင် ဗားကရာနှင့် နတ်စင်လမ်း တို့ဖြစ်သည်ဟု ဆိုသည်။
ကြည့်မြင်တိုင် တဘက်ကမ်း အေးရွာ အပါအဝင် ရွာများမှ ကလေးငယ်များမှာ ညနေစောင်းသည်နှင့် စက်လှေစုငှားပြီး ရန်ကုန်မြို့အတွင်း တောင်းရမ်းစားသောက်ကြသည်ဟု ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းတွင်နေထိုင်သူ တဦးက ပြောပြသည်။
“ညနေပိုင်းမှာ မြို့ထဲထွက်တောင်းစားပြီး ည ၁၀ နာရီလောက်ကျတော့ သီရိမင်္ဂလာဈေးမှာ တညလုံး အချိန်ဖြုန်းကြတာ။ အဲဒီထဲက အကြီးပိုင်းတွေက မနက်အစောကြီး အိမ်တွေထဲ ဝင်ခိုးကြတာ” ဟု သူက ပြောပြသည်။
တောင်းစားသည့် ကလေးများကော ခိုးသည့်ကလေးများပါ အဖွဲ့နှင့်ဖြစ်ပြီး နောက်ကွယ်မှ စေခိုင်းနေသော ဂိုဏ်းထောင် ထားသူများ ရှိကြသည်ဟု သူကပြောပြသည်။ ထိုကလေးများနှင့် လူကြီးတချို့တို့ စာရင်းရှင်း နေကြသည်ကို မြင်ဖူးသည်ဟု သူကဆိုသည်။
“လေလွင့်ကလေးတွေ အရမ်းများတယ်ဗျ။ အကျင့်စာရိတ္တ ပျက်ပြားနေတဲ့ ကလေးတွေအတွက် ရင်လေးဖို့ ကောင်းတယ်။ သူတို့ကြီးလာရင် ဆိုပြီးတွေးတောင် မတွေးရဲအောင်ဘဲ” ဟု ၎င်းကပြောသည်။
ယခုနောက်ပိုင်းတွင် စာနာတတ်သူများက မိဘမဲ့ဂေဟာများ ပရဟိတ ဂေဟာများ ထူထောင်လာကြသော် လည်း မိဘမဲ့ ကလေးများထဲမှ ၁၀ ရာခိုင်နှုန်းမျှကိုပင် လက်ခံနိုင်ခြင်းမရှိသေးကြောင်း အဖြူရောင်သက်တံ ပရဟိတ အဖွဲ့ဝင်တဦးက ပြောပြသည်။ ပရဟိတ ဂေဟာ အများစုမှာ လုပ်ချင်စိတ်အား ဖြင့်သာ ဖွင့်ထား ကြသော်လည်း အများစုမှာ အခြေခိုင်မာခြင်း မရှိဟု သူကဆိုသည်။
“လှည်းကူးက ဝိတိုရိယ ကလေးဂေဟာဆိုရင် ကလေး ၅၀ ကျော်ရှိတယ်။ ကလေးအားလုံးကို ကျောင်းထား ပေးတယ်။ ဒါပေမယ့် ကလေးတွေကလယ်ကွင်းထဲမှာ တဲထိုးပြီးနေရတယ်” ဟု သူကိုယ်တိုင်ကြုံခဲ့သည့် အဖြစ်အပျက်ကို ပြောပြသည်။
ထိုဂေဟာမှကလေးများမှာ နေ့စဉ် သောက်သုံးရေခပ်ကြရပြီး ချက်ပြုတ်ရန် ထင်းခွေထွက်ရသည်။ အလှူရှင် မရှိ၍ အဆင်မပြေသည့် နေ့များတွင် ထမင်းမစားရဘဲ ဆန်ပြုတ်သာ သောက်ရသည်တဲ့။
တချို့သော ကလေးဂေဟာများမှ ကလေးများကို အရွယ်မရောက်သေးခင်မှာပင် နိုင်ငံတော်က ခေါ်ယူကာ စခန်းသွင်း လေ့ကျင့်ပေးမှုများ အများအပြားရှိကြောင်း မကြာသေးခင်ကမှ အငြိမ်းစားပေးခံခဲ့ရသော ဗိုလ်မှူး ဟောင်းတဦးက ပြောပြသည်။
“ရဲမွန်တပ်မြို့က စခန်းသွင်း လေ့ကျင့်ပေးနေတဲ့ ကလေးတွေထဲမှာ အငယ်ဆုံးက ၉ နှစ်ပဲရှိသေးတာ တွေ့ဖူးတယ်” ဟု သူကပြောသည်။
ထိုကလေးများမှာ ဘဝအခြေမခိုင်ခင်မှာပင် မြန်မာ့တပ်မတော်၊ ရဲ၊ အကြမ်းဖက် နှိမ်နင်းရေး အထူးတပ်ဖွဲ့၊ လုံထိန်း စသည့် နေရာများသို့ ရောက်သွားကြရသည်ဟု ဆက်ပြောသည်။
“တကယ်တော့ သူတို့မှာ ဘာအပြစ်မှ ရှိတာမဟုတ်ဘူး။ သူတို့ဘဝက အဖြူထည်သက်သက်ပဲ။ ဒါပေမယ့် သူတို့ရဲ့အနာဂတ် တွေကတော့ ကြောက်စရာကောင်းတယ်” ဟု ဗိုလ်မှူးဟောင်းက စိတ်မချမ်းမြေ့စွာ ဆိုသည်။
နာဂစ်ဆိုင်ကလုန်း မုန်တိုင်းနောက်ပိုင်းတွင် မိဘမဲ့ကလေး အမြောက်အများချီ၍ ကျန်ခဲ့သည်။ ထိုကလေးများအတွက် နိုင်ငံ တော်က ပြုလုပ်ပေးသော မည်သည့်အစီအစဉ်မှ မည်မည်ရရ မကြားရသေးပေ။
“ခက်တာက နိုင်ငံတော်ကလည်း ဘာမှမလုပ်ပေး၊ ကျနော်တို့လို ပြည်တွင်းက ပရဟိတ အလှူရှင်တွေ အနေနဲ့လည်း လွတ်လွတ်လပ်လပ် လုပ်ခွင့်မရ၊ ပေးနိုင်သလောက် ကျပြန်တော့လည်း ဆင့်ပါးစပ် နှမ်း ပက် သလောက်ပဲရှိတာ” ဟု ကလေးသူငယ် ကူညီစောင့်ရှောက်ရေး လူမှုဝန်ထမ်း တဦးက စိတ်ပျက်လက်ပျက် ကောက်ချက်ချသည်။
No comments:
Post a Comment