Tuesday, August 19, 2008

မြန်မာနိုင်ငံကို စည်းကမ်းသတ်မှတ်ခြင်း

မစ္စတာ ဘဲနဒစ်ရော်ဂျားစ် (၁၈-၈-၀၈)(တောင်အာရှရေးရာ ပေါ်လစီအကြံပေးအရာရှိ၊ Christian Solidarity Worldwide လူ့အခွင့်အရေးအဖွဲ့)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီသည် မြန်မာစစ် အစိုးရနှင့် ထပ်မံဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် လာမည့် ရက်အနည်းငယ်အတွင်း ရန်ကုန်သို့ ရောက်မည်ဟု မျှော်လင့်ရသည်။ သူ၏ အလည်အပတ်ခရီးသည် အဓိပ္ပာယ်တစုံတရာ ရှိမည် ဆိုပါက ဂမ်ဘာရီအနေနှင့် သာမန် ကုလသမဂ္ဂ သံတမန်တဦး လုပ်ဆောင်မှုမျိုးထက် ကျော် လွန်ပြီး အပြောင်းအလဲအတွက် ခိုင်မာသည့် တောင်းဆိုမှုများ ပြုလုပ်ရမည်ဖြစ်သည်။

၁၉၉၀ ခုနှစ်ကတည်းက ကုလသမဂ္ဂသံတမန်များ မြန်မာနိုင်ငံသို့ (၃၇) ကြိမ် လာရောက် လည် ပတ်ခဲ့ပြီးဖြစ်သည်။ လူ့အခွင့်အရေးကောင်စီနှင့် အထွေထွေညီလာခံကြားတွင် ဆုံးဖြတ်ချက်ပေါင်း (၃၀) ကျော် ချမှတ်ခဲ့ပြီးဖြစ်သည်။ လုံခြုံရေးကောင်စီ ကလည်း ဥက္ကဋ္ဌ ထုတ်ပြန်ကြေညာချက် (၂) ရပ် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ထိုဆောင်ရွက်ချက်အားလုံးသည် ထိရောက်မှု အနည်းငယ်သာရှိခဲ့သည်။ မည်သည့်အချိန် နောက်ဆုံးထား လုပ်ကိုင်ရမည် ဆိုသည့်အချက် မပါသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် စစ်အစိုးရအား မရေမရာ တောင်းဆို မှုများမှာလည်း အရာမထင်ခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်မှာ (၁၂) နှစ်ကြာ နေအိမ်အကျယ်ချုပ် ကျခံနေရဆဲသာ ဖြစ်သည်။

ထို့ကြောင့် ယခင်လုပ်နည်းများအတိုင်း လုပ်သည်ထက် ကုလသမဂ္ဂသည် စစ်အစိုးရအား မည် သည့်အချိန် အပြီးလုပ်ပေးရမည်ဆိုသည့် တိုးတက်မှုအတွက် စည်းကမ်းသတ်မှတ်ချက်မျိုးဖြင့် စစ်အစိုးရအား တင်ပြရမည်။ ပထမဆုံး စည်းကမ်းသတ်မှတ်သင့်သည်မှာ (၂၀၀၀) ကျော် နေပြီဖြစ်သော နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးရေးဖြစ်သည်။ နိုင်ငံရေး အကျဉ်းသား အများစုမှာ ဆိုးဝါးသော အကျဉ်းထောင်အနေအထား၊ ညှဉ်းပမ်းနှိပ်စက်မှု၊ ရက်စက်ကြမ်းကြုတ် မှုနှင့် ဆေးကုသခံခွင့်ကို ငြင်းဆန်ခံရမှုများကြောင့် ကျန်းမာရေး အခြေအနေမှာ လွန်စွာစိုးရိမ် ရသည့် အနေအထားတွင် ရှိနေသည်။ ”

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံသို့ မသွားရောက်မီကတည်းက မစ္စတာ ဂမ်ဘာရီအနေနှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးအတွက် စစ်အစိုးရအား ခိုင်ခိုင်မာမာ တိုက်တွန်းခဲ့သင့်သည်။ စစ်အစိုးရမှ လိုက်လျောမှုမရှိလျှင် မစ္စတာဘန်ကီမွန်းအနေနှင့် မြန်မာနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို ပယ်ဖျက်သင့်သည်။

ဒုတိယအရေးကြီးသည့် စည်းကမ်းသတ်မှတ်ချက်မှာ မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသရှိ အရပ်သား များအပေါ် စစ်အစိုးရမှ ထိုးစစ်ဆင်နေ မှုများ ချက်ချင်း ရပ်စဲစေရေးဖြစ်သည်။ ထိုအရပ်ဒေသရှိ ရွာပေါင်း (၃,၂၀၀) မှာ စစ်တပ်ဖျက်ဆီးမှုဒဏ် ခံခဲ့ရပြီး အရပ်သားပေါင်း (၁၀,၀၀၀) ကျော် ရွာပုန်းရွာရှောင် လုပ်နေခဲ့ရသည်မှာ ၁၉၉၆ ခုနှစ်ကတည်းက ဖြစ်သည်။ စစ်အစိုးရမှ တိုင်းရင်း သားများ နေထိုင်သော ရွာများကို ဖျက်ဆီးခဲ့သည်မှာ ဒါဖာတွင်ဆူဒန်စစ်အစိုးရမှ ဖျက်ဆီးသည် ထက် (၂) ဆရှိသည်။ မြန်မာနိုင်ငံသည် ကမ္ဘာတွင် အဓမ္မ စစ်မှု ထမ်းခိုင်းသည့် ကလေးစစ်သား အများဆုံးနိုင်ငံဖြစ်သည်။

ထိုသို့သော မည်သည့်အချိန် အပြီးလုပ်ပေးရမည်ဆိုသည့် လက်တွေ့ဆန်သည့် စည်းကမ်း သတ်မှတ်ချက်များ ချမှတ်ထားခြင်းအားဖြင့် မစ္စတာ ဂမ်ဘာရီအနေနှင့် သူလုပ်ကိုင်နေသည့် တိုးတက်မှုကိုလည်းကောင်း၊ သူမလုပ်သည့် ကိစ္စအပေါ်မှာလည်းကောင်း ဆန်းစစ်နိုင် မည်ဖြစ် သည်။ စစ်အစိုးရဘက်က လိုက်နာမည်ဆိုလျှင် ပို၍ကောင်းမည်။ စစ်အစိုးရဘက်မှ စည်ကမ်း ချက်များကို လိုက်နာမှု မရှိလျှင် နိုင်ငံတကာမှ အရေးယူမှု လိုအပ်နေပြီဟု ရှင်းရှင်းလင်းလင်း အချက်ပြလိုက်ခြင်းဖြစ်သည်။

စစ်အစိုးရအနေနှင့် ထိုစည်းကမ်းသတ်မှတ်ချက်များကို လိုက်နာရန် ပျက်ကွက်ပါက နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့် အားကြီးသည့် ပိတ်ဆို့မှုများစွာ ပြဋ္ဌာန်းနိုင်သည်။ ကုလသမဂ္ဂကဲ့သို့သော အဖွဲ့အစည်းတွင် စစ်အစိုးရအား မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်မှ ပြန်လည်ရုပ် သိမ်းဖို့ အချက်မျိုး ဖြစ်သည်။ စစ်အစိုးရမှာ တရားမ၀င်အစိုးရဖြစ်သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အကြီးအကျယ် မဲရှုံးခဲ့ပြီး ဆိုင်ကလုန်း နာဂစ်အရေးတွင် ကိုင်တွယ်မှု၌လည်း ပေါ့ပေါ့ဆဆရှိကြောင်း သက်သေထူခဲ့ပြီးဖြစ်သည်။ ကုလသမဂ္ဂအဆိုအရ မုန်တိုင်းဒုက္ခသည် (၁) သန်းကျော်မှာ ယခုအချိန်အထိ အကူအညီ မရရှိသေးဟု ဆိုသည်။

စစ်အစိုးရသည် မှောင်ခိုထက် များစွာနိမ့်ကျသည့် ငွေကြေးလဲလှယ်နှုန်းကနေ နာဂစ်အလှူငွေ ဒေါ်လာ သန်းပေါင်းများစွာကို ခိုးယူ သည်ဟု ကုလသမဂ္ဂက ပြောသည်။ စစ်အစိုးရသည် အုပ်ချုပ်မင်းလုပ်ရန် မသင့်တော်သည့် အစိုးရဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် အနိုင်ရရှိခဲ့သည့် တရားဝင်အစိုးရဖြစ်သင့်သူတို့မှာ ယခုအချိန်တွင် ပြည်ပနိုင်ငံတွင် အဝေးရောက်အစိုးရ အဖြစ် ရပ်တည်နေရသည်။

ထို့အပြင် လုံခြုံရေးကောင်စီမှတဆင့် နိုင်ငံပေါင်းစုံမှ မြန်မာနိုင်ငံကို လက်နက် မရောင်းချရေး ဒဏ်ခတ်ပိတ်ဆို့မှုမျိုး ချမှတ်သင့်သည်။ တရုတ်နိုင်ငံနှင့် ရုရှနိုင်ငံတို့ကိုလည်း ဗီတိုအာဏာ မသုံးရန် တင်းတင်းကျပ်ကျပ် ဖိအားပေးသင့်သည်။ အရေးပါသည့် ငွေကြေးအရောင်း အ၀ယ် အချက်အချာနေရာများဖြစ်သည့် တိုကျို၊ ဟောင်ကောင်၊ စင်္ကာပူနှင့် ဥရောပသမဂ္ဂတို့ အနေ နှင့်လည်း စစ်ဗိုလ်ချုပ်ကြီးများ၏ ပိုင်ဆိုင်မှုများကို ပစ်မှတ်ထားသည့် ငွေကြေးပိတ်ဆို့မှုဥပဒေများ ပြဋ္ဌာန်းသင့်သည်။

နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနှင့် မြန်မာ စစ်ခေါင်းဆောင်များကို ၎င်းတို့အမှန်တကယ် ဖြစ်နေ သည့်အတိုင်း ရာဇ၀တ်ကောင်များ ဟုသာ အမည်တပ် ခေါ်ဝေါ်သင့်သည်။ ဆူဒန် ခေါင်းဆောင် အိုမာ အယ်လ်ဘာရှာကို တရားစွဲဆိုနိုင်ခြင်း၊ ရာဒိုဗန် ကရက်ဒ်ဇစ်ကို ဖမ်းဆီးလိုက်နိုင်ခြင်းတို့ ရှေ့တွင် ရှိခဲ့ဖူးပြီဖြစ်သည်။ မြန်မာ စစ်ဗိုလ်ချုပ်များကိုလည်း နိုင်ငံတကာ ရာဇ၀တ်ရုံးတွင်ဖြစ်စေ၊ အခြား တရားစီရင်မှုဖြင့်ဖြစ်စေ အရေးယူသင့်သည်။

မြန်မာစစ်အစိုးရသည် အထင်အရှား တရားမ၀င်အစိုးရဖြစ်နေခြင်း၊ မြန်မာပြည်သူများအပေါ် သိသိသာသာထိခိုက်နာကျင်စေအောင် လုပ်ဆောင်ခြင်းတို့ ရှိနေသည့်အတွက် ကုလသမဂ္ဂ၏ ယုံကြည်အားထားရမှုအပိုင်း ကောင်းမည်၊ ဆိုးမည်ဆိုသည်မှာ ပုံမှန်မဟုတ်သည့် ထိုအနေ အထားများပေါ်တွင် မူတည်နေသည်။

ထို့ကြောင့် မစ္စတာ ဂမ်ဘာရီအနေနှင့် ယခုခရီးစဉ်တွင် ယခင်နှင့်မတူသော၊ ပိုမိုအကျိုးရှိမည်ဟု မျှော်လင့်ရသော ချည်းကပ်မှုမျိုးနှင့် မြန်မာပြည်သူများအတွက်သာမက ကုလသမဂ္ဂအတွက်ပါ ကြိုးစားရန် တာဝန်ရှိနေသည်။

သြဂုတ်လ (၁၅-၁၇) ထုတ် Wall Street Journal, Asia ပါ မစ္စတာ ဘဲနဒစ်ရော်ဂျားစ်၏ Benchmarking Burma ဆောင်းပါးကို ပြန်ဆိုခြင်းဖြစ်သည်။ မစ္စတာရော်ဂျာသည် အင်္ဂလန်အခြေစိုက် Christian Solidarity Worldwide လူုအခွင့်အရေးအဖွဲ့ကြီး၏ တောင်အာရှရေးရာ ပေါ်လစီ အကြံပေးအရာရှိဖြစ်သည်။

No comments: