ဆိုင်မွန်တစ်(စ်)ဒယ်
ရန်ကုန်နေအိမ်တွင် အကျယ်ချုပ်ချခံထားရ၊ သားသမီးများနှင့်ခွဲနေရ၊ ဧည့်သည်များလည်း ၀င်ခွင့်မရ၊ ဖုန်းလိုင်းလည်း ဖြတ်တောက်ခံရ၊ စာများလည်း ကြားဖြတ်အဖောက်ခံရ စသည့် အဖြစ်များကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀မှာ မည်သို့သောဘ၀မျိုး ဖြစ်မည်ဆိုသည်ကို မှန်းဆရ ခက်လှသည်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအောင်မြင်မှု ရလဒ်ကို စစ်အစိုးရ၏ ဖျက်သိမ်းခြင်းခံခဲ့ရသည့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယခုဆိုလျှင် နေအိမ်အကျယ်ချုပ် ကျခံနေရသည်မှာ (၁၃) နှစ်ထဲ ရောက်ရှိလာပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ်ကတည်းက ဆက်တိုက် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လပိုင်းက (၆၃) နှစ်ပြည့် မွေးနေ့ကိုလည်း တကိုယ်တည်း ကျင်းပခဲ့ရသည်။
အတည်မပြုရသေးသော အစီရင်ခံစာများ၏ အဆိုများအရ ယခင်က ကျန်းမာရေး ချူချာသည့် ဒေါ်အောင်ဆန်းစုကြည်မှာ ယခု ပြန်ပြီး နေထိုင်မကောင်း ဖြစ်နေသည်ဟု သိရသည်။ ပြီးခဲ့သည့် လက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရခဲ့သည့် ဒေါ်စု၏ ရှေ့နေဦးကြည်ဝင်းက “ကျမ ပင်ပန်းနေပြီ၊ အနားယူဖို့လိုတယ်” ဟု ဒေါ်စုကို ကိုးကားပြောသည်။
နေအိမ်သို့ အစားအသောက်များ ပို့ပေးခြင်းကို ဒေါ်စုမှ ငြင်းဆန်လိုက်ပြီးနောက်တွင် ဒေါ်အောင် ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြနေပြီဆိုသည့် သတင်းများလည်း ထွက်ပေါ်လာသည်။ ၂၀၀၃ ခုနှစ်က ကိုယ်အလေးချိန်ထက်စာလျှင် ယခု ကိုယ်အလေးချိန် (၇) စတုန်ခန့် လျော့ကျသွား ကြောင်း ဒေါ်စု၏ ရှေ့နေ ဦးကြည်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အဆင်မပြေမှုအခြေအနေတွင် မရေရာမှုများ ၀န်းရံနေသည့်တိုင် သံဃာ့အရေးအခင်းကို စစ်အစိုးရက ရက်ရက်စက်စက် ဖြိုခွင်းခဲ့ပြီး တနှစ်အကြာ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး၊ လူ့အခွင့်အရေး အခြေအနေများမှာမူ ယခင်နှင့် ထူးမခြားနားသာ ရှိနေသည်။ မည်သို့ အကဲဖြတ်စေကာမူ မြန်မာနိုင်ငံ၏ အခြေအနေမှာ သိသိသာသာ ပိုမိုဆိုးဝါးလာသည်။
ပြီးခဲ့သည့် မေလဆန်းပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်းနာဂစ်သည်လည်း ဆိုးဝါးသည့် အခန်းကဏ္ဍတွင် ပါဝင်သည်။ သို့ရာတွင် အဆိုးတွေထဲမှ အများစုမှာ သဘာဝဘေးအန္တရာယ် ထက် လူကြောင့် ဖြစ်ရသည့် ဆိုးရွားမှုများပင် ဖြစ်သည်။
ရွှေဝါရောင်တော်လှန်ရေးကြောင့် နိုင်ငံတကာမှ ပြစ်တင်ရှုတ်ချမှုများ၊ ဝေဖန်တောင်းဆိုမှုများ အပြင်းအထန် ပြုလုပ်ခဲ့သော်လည်း စစ်အစိုးရသည် ၁၉၈၉ ခုနှစ်ကတည်းက အကျဉ်းချ ထားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဝင်းတင်ကဲ့သို့သော ခေါင်းဆောင်ပိုင်းများ အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်ကို ဆက်လက် အကျဉ်းချထားဆဲဖြစ်သည်။
နိုင်ငံရေးအပြောင်းအလဲဖြစ်ရေးအတွက် ကုလသမဂ္ဂ၏ ကြိုးပမ်းအားထုတ်မှုများသည်လည်း နည်းနည်းမျှ အရာမထင်ခဲ့ပေ။ တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံများနှင့် စစ်ဗိုလ်ချုပ်များ စွမ်းအင် ထုတ်ကုန် စာချုပ်များ ချုပ်ဆိုခဲ့သောကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ ကုန်သွယ်ရေး ပိတ်ဆို့ထားမှုများသည်လည်း အခြေမခိုင် ဖြစ်ခဲ့ရသည်။ မနှစ်က လောင်စာဆီနှင့် သဘာဝ ဓာတ်ငွေ့ ရောင်းချမှုမှ ရရှိခဲ့သော ငွေကြေးသည် ဒေါ်လာ (၃.၃) ဘီလီယံအထိ ရှိခဲ့သည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ဘင်ဂျမင် ဇာဗက်စကီး၏ အဆိုအရ မြန်မာနိုင်ငံ လူဦး ရေထဲမှ လူပေါင်း ငါးသိန်းခန့်သည် ပြည်တွင်းမှာပင် ရွာပုန်းရွာရှောင်များအဖြစ် နေထိုင်နေကြရ သည်ဟုဆိုသည်။ စစ်တပ်သည် ကရင်နှင့် အခြားတိုင်းရင်းသားလူနည်းစုများအပေါ်တွင် “တရား လက်လွတ် သတ်ဖြတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ အဓမ္မ အစဖျောက်မှုများ၊ စည်းမဲ့ကမ်းမဲ့ ဖမ်းဆီးမှုများ၊ အဓမ္မလုပ်အားပေးခိုင်းစေမှုများ၊ သီးနှံဖျက်ဆီးမှုများ၊ သွားလာလှုပ်ရှားမှု ထိန်းကွပ် မှုများ” အပါအ၀င် စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုများ လုပ်ဆောင်နေသည်ဟုလည်း ဘင်ဂျမင်က ပြောသည်။
ကမ္ဘာကြီးထဲတွင် ဆိုးရွားသည့် ဆင်းရဲကျပ်တည်းမှု၊ ကျန်းမာရေးပြဿနာများ၊ အဂတိလိုက်စား မှုများကြား အများစု၏ တခုတည်းသော ဆန္ဒမှာ “လွတ်မြောက်လိုခြင်း” ဖြစ်သည်။ ကြာမြင့်စွာ ဒုက္ခဆင်းရဲ ခံစားခဲ့ကြရသည့် ဇင်ဘာဘွေနိုင်ငံသားများမှာပင် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေး နိုင်သည့် ရွေးချယ်ခွင့်တခုတော့ ရှိနေသည်။
သို့ရာတွင် မြန်မာနိုင်ငံသားများမှာမူ အုပ်ချုပ်သည့်အစိုးရက အကျဉ်းချထားခြင်း၊ ကန့်သတ်ထား ခြင်း ခံနေရသည့်ပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံများကလည်း လိုလိုလားလား လက်ခံမှုမရှိပေ။ ခန့်မှန်းခြေအားဖြင့် လူဦးရေ သန်း (၅၀) ကျော် နေထိုင်နေသော မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး အကျဉ်းထောင်ကြီး ဖြစ်လာရသည်။
“ကုလသမဂ္ဂမှ ကိုယ်စားလှယ် စေလွှတ်သည့်ကိစ္စမှာ လုံးဝ အောင်မြင်မှုမရှိ” ဟု ဘားမားကမ့်ပိန်း ယူကေမှ ဒါရိုက်တာဖြစ်သူ မာ့ခ် ဖာမန်နာက ပြောသည်။
နိုက်ဂျီးရီးယားနိုင်ငံခြားရေးဝန်ကြီးဟောင်း အီဘရာဟင် ဂမ်ဘာရီကို ၂၀၀၆ ခုနှစ် မေလတွင် အထူးသံတမန်အဖြစ် ခန့်အပ်ပြီးချိန်ကတည်းက နိုင်ငံရေးအကျဉ်းသားဦးရေ နှစ်ဆတိုးလာခြင်း၊ မြန်မာနိုင်ငံအရှေ့ပိုင်းတွင် တိုင်းရင်းသားလူနည်းစုများအား မျိုးပြုတ်အောင်သုတ်သင်မှု ပိုမို များပြားလာခြင်း၊ ဆိုင်ကလုန်းနာဂစ်အတွက် လူသားချင်းစာနာသည့် အကူအညီများကို ပိတ်ပင် တားဆီးခံရခြင်းတို့ ဖြစ်လာသည်ဟုလည်း မာ့ခ်က ပြောသည်။
“လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်ပြီး အလွန်အကျွံ ဆိုးရွားမှုတွေ ရှိနေခဲ့တာပဲ။ ဒါပေမယ့် ဂမ်ဘာရီရဲ့ နောက်ဆုံး ခရီးစဉ်နှစ်ခုမှာ စစ်အစိုးရရဲ့ ခေါင်းဆောင်ပိုင်းက သူ့ကိုတောင် မတွေ့ တော့ဘူး။ သူ့ကို စစ်အစိုးရအတွက် ဘက်လိုက်သူလို့ မြင်နေကြတော့ သူ့အနေနဲ့ နုတ်ထွက် သင့်ပြီလို့ ကျနော်တို့ထင်တယ်။ နှစ်ဘက်လုံးက သူ့ကို လေးစားမှုမရှိသလို ယုံကြည်မှုလည်း မရှိကြတော့ဘူးလေ” ဟု မာ့ခ်က ပြောသည်။
ဂမ်ဘာရီကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဝေဖန်ပြောဆိုသည်။ သြဂုတ်လ (၂၃) ရက် နေ့တွင် အဆုံးသတ်သွားသည့် ဂမ်ဘာရီ၏ နောက်ဆုံးခရီးစဉ်တွင် “အပြုသဘောဆောင်သည့် တိုးတက်မှုမရှိ” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဝေဖန်သည်။
အတိုက်အခံများက လက်မခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အောက်တွင် ၂၀၁၀ ပြည့်နှစ်၌ စစ်အစိုးရမှ ရွေးကောက်ပွဲများ ပြုလုပ်ရေးတွင် ကုလသမဂ္ဂအထူးသံတမန်မှ ကူညီမည်ဆိုသည့် ကမ်းလှမ်းချက်သည် အထူးသံတမန်တဦး၏ လွတ်လပ်မှုကို အခြေယိုင်စေသည်။
ဒေါ်အောင်ဆန်းစုကြည်အပိုင်းကိုကြည့်လျှင် ကျန်းမာရေးကောင်းသည်ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ ဂမ်ဘာရီနှင့် တွေ့ဆုံမည့်အရေးကို နှစ်ကြိမ်တိုင်တိုင် ငြင်းဆန်ခဲ့သဖြင့် ဂမ်ဘာရီ တယောက် ဒေါ်အောင်ဆန်းစုကြည် အိမ်ပေါက်ဝမှာ ရပ်နေခဲ့ရသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် အကြွမှု ထပ်မံမဖြစ်ပွားခင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီ မွန်းကိုယ်တိုင် တာဝန်ယူရမည့်အချိန် ရောက်လာပြီဟု မာ့ခ်က ပြောသည်။ ဘန်ကီမွန်းသည် ဒီဇင်ဘာလတွင် အာဆီယံခေါင်းဆောင်များနှင့် ဆွေးနွေးပြီး မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။
“နှစ်ပေါင်း (၂၀) အတွင်း မြန်မာနိုင်ငံကို ကုလသမဂ္ဂက (၃၇) ကြိမ်တိုင်တိုင် သွားရောက်လည် ပတ်ခဲ့ပေမယ့်လည်း အခြေအနေတွေက ပိုပြီးတော့ ဆိုးလာတယ်။ အခုဆိုရင် ကုလသမဂ္ဂ အနေနဲ့ စစ်အစိုးရ လုပ်ဖို့လိုတာတွေကို အချိန်ကန့်သတ်ချက်တွေ၊ စည်းကမ်းသတ်မှတ်ချက် တွေနဲ့ ဆောင်ရွက်ဖို့ လိုလာပါပြီ။ ပထမဆုံး စည်းကမ်းသတ်မှတ်ရမှာကတော့ နိုင်ငံရေးအကျဉ်း သားတွေအားလုံး လွှတ်ပေးရေးဖြစ်တယ်” ဟု မာ့ခ်က ပြောသည်။
နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးလုပ်ငန်းစဉ်အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ အပြည့်အ၀ ကျားကန်ပေးရေးမှာလည်း မရှိမဖြစ်လိုအပ်သည်။ စစ်အစိုးရအနေဖြင့် လိုက်လျောခြင်းမရှိပါက လခြုံရေးကောင်စီအနေနှင့် ဒဏ်ခတ်မည့် ဆုံးဖြတ်ချက်မျိုးချမှတ်ရန် အသင့် ရှိနေရမည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်း အဆုံးသတ်စေရေးအတွက် ကုလသမဂ္ဂနှင့် အခြားဆွေး နွေးပွဲများတွင် တက်တကကြကြွ စိတ်ရောကိုယ်ပါ ဆောင်ရွက်ခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းကိုတော့ မာ့ခ်က ချီးကျူးသည်။
သို့ရာတွင် အခြား အနောက်နိုင်ငံခေါင်းဆောင်များနှင့် တရုတ်နိုင်ငံကဲ့သို့သော အမှန်တကယ် သြဇာရှိသည့်နိုင်ငံများသည် မြန်မာ့အရေးအပေါ် စိုးရိမ်မှုနည်းလာသည့်ပြင် ပြီးခဲ့သည့်နှစ် စက်တင်ဘာတော်လှန်ရေးကြောင့် အာရုံစိုက်ခဲ့ရသော မီဒီယာစိတ်ဝင်စားမှုမှာလည်း ယခု အချိန်တွင် အခြားနေရာများသို့ ပြောင်းရွှေ့သွားပြီဖြစ်သည်။
“စိတ်ပျက်စရာတွေ တိုးလာတယ်။ လူထုအုံကြွမှုပြီးတဲ့နောက်ပိုင်း လူတွေဟာ အလွန်စိတ်ဓာတ် ကျလာတယ်။ အရမ်းကြောက်လန့်လာကြတယ်။ ဒါပေမယ့်လည်း ဂမ်ဘာရီတော့ တခုခုလုပ်မှာ ပဲဆိုတဲ့ မျှော်လင့်ချက်လေး ရှိနေကြတယ်။ အခု အဲဒီမျှော်လင့်ချက်လည်း ပျောက်သွားပြီး အရင်ကထက် ဖိနှိပ်ချုပ်ချယ်မှုတွေ ပိုများလာတယ်။ အခုအချိန်မှာတော့ ဒေါသထက် အကြောက် တရားက ပိုအားကောင်းနေတယ်။ ဒါပေမယ့် ဒီအခြေအနေတွေ ပြောင်းသွားနိုင်ပါတယ်” ဟု မာ့ခ်က ပြောသည်။
(စက်တင်ဘာ ၂ ရက် လန်ဒန်မြို့ထုတ် The Guardian သတင်းစာပါ ပင်တိုင်ဆောင်းပါးရှင် Simon Tisdall ၏ ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်)
No comments:
Post a Comment