Narinjara News
ရခိုင်ပြည်နယ် စစ်တွေတွင် လုံခြုံရေးကို အထူး တိုးမြှင့်ချထားသော်လည်း စစ်အစိုးရ ဆန့်ကျင်ရေး စာများ ပျံ့နှံ့နေကြောင်း သတင်းရရှိသည်။
အမည်မဖေါ်လိုသူ စစ်တွေမြို့ခံ တဦး၏ အပြောအရ သိရှိရသည်မှာ အဆိုပါ စာများထဲတွင် ကုန်ဈေးနုံးကျဆင်းရေး၊ အဖမ်းဆီး ဦးအိဿရိယနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်ပေးရေး စသည့် တောင်းဆိုချက်များ ပါဝင်သည့် အပြင် အမျိုးသားရေးဆိုင်ရာ နိုးဆော်သည့် စာများလည်း ပါဝင်ကြောင်း သိရှိရသည်။
စစ်တွေတွင် သြဂတ်(စ်)လ ၈ ရက်နေ့နှင့် အဆိုပါနေ့နောက်ပိုင်းတွင် ကျောင်းသားလူငယ်နှင့် အလုပ်သမားအင်အားစု (စစ်တွေ) ကျေညာချက် တစောင်ထုတ်ပြန်ပြီး စစ်တွေတွင် ဖြန့်ဝေခဲ့သည်။
အဆိုပါ စာထဲတွင် ပါဝင်သော အချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
အို….. ဗုဒ္ဓဘာသာဝင် ရခိုင်သူတော်စင် အပေါင်းတို့ -- အခု အချိန်အခါ၌ သံဃာတော် အရှင်သူမြတ်တို့သည် အများပြည်သူ အကျွန်ုပ်တို့ လူဝတ်ကြောင်များ၏ စား၊ ၀တ်၊ နီ မှု ဒုက္ခအပေါင်းကို မကြည့်နိုင်၊ မမြင်နိုင်၊ မနေသာနိုင်တော့ သဖြင့် အရှင်သူမြတ်တို့မှာ ကိုယ်ကျိုး လုံးဝ မပါဝင်ဘဲ ရဟန်းအာဇာနည်များ ပီပီ ဒုတိယမ္ပိ ရှေ့တန်းသို့ ထွက်လာနေကြပြီ ဖြစ်ပါသဖြင့် ပထမ အကြိမ် ယမန်နှစ်က ပုံစံ အဖြစ်ဆိုးမျိုး လုံးဝ မဖြစ်ရလေအောင် မိစ္ဆာ စစ်ဘီးလူးများရန်မှ ၀ိုင်းဝန်း အကာအကွယ်ပီးရန် အတွက် အကျွန်ုပ်တို့ စစ်တွေ မြို့သူ မြို့သား ဗုဒ္ဓဘာသာဝင်များမှာ လွန်စွာမှ တာဝန်ရှိပါသည်။ အာဏာပိုင်များဘက်မှ ဘာသာ၊ သာသနာကို ထင်တိုင်းကြဲ စော်ကား မော်ကား ပြုလုပ်လာမည် ဆိုပါက လုံးဝ (လုံးဝ) သည်းခံရန် မသင့်ပါ (သည်းလည်း မခံနိုင်ပါ)။ ဖြစ်လာနိုင်သည်မှာ ယမန်နှစ်က ရန်ကုန်မြို့၌ ၂၆-၉-၀၇ ညဥ့်အချိန် “ ငွေကြာရံ” ပရိယတ္တိ ကျောင်းတိုက်ကို စီးနင်းဝင်ရောက်ကာ သံဃာတော်များကို သူပုန် စခန်းကို ၀င်စီးသကဲ့သို့ မိုက်မိုက်ကန်းကန်း ပြုလာနိင်ပါသည်။ ဤသို့ ပြုလာလျှင် ငါတို့ ရခိုင်သွေးကို ပြရလိမ့်မည်။ အမျိုးဘာသာ သာသနာ ပညာအတွက်ဆိုလျှင် ရခိုင်တို့သည် မည်သည့်အခါမှ လက်မနှေးခဲ့ပါ။ အစဉ်အလာကြီးသည်။ ရဲရင့်တည်ကြည်သည်။ ဤသည်ကို ငါတို့ မမေ့သကဲ့သို့ သင်အာဏာပိုင်တို့ကိုလည်း အထူး သိစေအပ်သည်။ ယခု သံဃာတော် အရှင်သူမြတ်တို့၏ ဦးဆောင်မှုအောက်တွင် အများပြည်သူများပါ ပူးပေါင်း အရေးဆိုနေခြင်းမှာ မပြီးဆုံးသေးသော အမျိုးသားရေးတိုက်ပွဲကို ၀င်ရောက် ဆင်နွဲနေခြင်း ဖြစ်၍ ဆက်တိုက်ဆင်နွဲလားမည် ဖြစ်ကြောင်း ပါရှိသည်။
ယခုကဲ့သို့ စာများ ပိုစတာများကို နေ့စဉ်နေ့တိုင်း ဖြန့်ဝေနေသဖြင့် အာဏာပိုင်များ အနေဖြင့် စစ်တွေ လုံခြုံရေးနှင့် ပတ်သက်ပြီး အထူး စိုးရိမ်နေကြောင်း သတင်းရရှိသည်။
No comments:
Post a Comment