ရှေ့နေ ဦးကြည်ဝင်းအား စက်တင်ဘာ (၁) ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံတွေ့ဆုံခွင့်ပြုလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်က ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ကို မတွေ့လိုသည့် ကိစ္စအပါအ၀င် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဆုံးအခြေအနေများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းအား ခေတ်ပြိုင်သတင်းထောက် ကိုပီတာက ဆက်သွယ် မေးမြန်းခဲ့သည်။ နအဖ သတင်းစာတွေမှာ ဒေါ်အောင်ဆန်းစုကြည်က ဦးအောင်ကြည်နဲ့ တွေ့ဆုံရေးနှင့် ပတ်သက်ပြီး ရှေ့နေဦးကြည်ဝင်းမှလွဲပြီး မည်သူ့ကိုမျှ မတွေ့လိုသေးကြောင်း ဦးကြည်ဝင်းအား ပြောသည်ဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းရာ ရှေ့နေ ဦးကြည်ဝင်းက ယခုကဲ့သို့ စတင်ဖြေကြားသည်။
ဖြေ။ ။ ဒီလိုပါဗျာ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ကြည်နဲ့ (၂) ရက်နေ့မှာ တွေ့ဆုံဖို့ရာ အာဏာပိုင်များ စီစဉ်ထားချက်။ အဲဒါက ကျနော့်ကိုမှာလိုက်တော့ ကျနော်က ဒေါ်စုကိုပြောပြတယ်လေ။ ဒီလိုစီစဉ်ထားတယ်လို့ပြောပါတယ်လို့၊ အဲတော့ ကျနော်ပြန်ထွက်တဲ့အခါကျတော့ အဲဒီကိစ္စနဲ့ပတ်သက်လို့ သူ့ရဲ့သဘောထား ပြန်ပြောပါဆိုတော့ သူက တော်တော်လေး မောနေတယ်ပေါ့ဗျာ။ I am tired တဲ့ I need a little rest ဆိုပြီးတော့ အဲလိုပြောတယ်ဗျ။ ပြောပြီးတော့ ဗိုလ်ချုပ်အောင်ကြည်ကိုတော့ ကျနော်မှတ်စုလေး ရေးထားတယ်။ မှတ်စုမှာ ဖော်ပြထားတဲ့ အတိုင်းဖတ်ပြမယ်နော်၊ ဦးအောင်ကြည်နဲ့ တွေ့ဆုံရန်ဆန္ဒရှိကြောင်း နှင့် နှုတ်ဆက်လိုက်ပါတယ်ဆိုတာလည်းပြောပါတဲ့။ အသိပေးပါတဲ့။ သို့သော် လက်ရှိ အခြေအနေဟာ ဆောင်ရွက်စရာတွေ မပြီးပြတ်ဘဲရှိနေတဲ့အတွက် တွေ့ဆုံရန်မဖြစ်နိုင်သေးလို့ နားလည် ခွင့်လွှတ်ပေးစေ လိုကြောင်း အဲလိုပြောတယ်ဗျ။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်က ဒေါက်တာတင်မျိုးဝင်းနဲ့ အဲဒီနေ့လည်း မတွေ့နိုင်ဘူးလို့ ပြောလိုက် တယ်လို့ သိရပါတယ်။ ဆရာတင်မျိုးဝင်းနဲ့ မတွေ့ရတဲ့အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ဆရာ့ကို ဘယ်လိုပြောလိုက်တာပါလဲ။
ဖြေ။ ။ ဆရာတင်မျိုးဝင်းနဲ့ မတွေ့နိုင်တာကလည်း အဲဒီဟာနဲ့ ဆက်နွယ်သွားတာပဲ။ မက်ဆေ့ခ်ျ ပေးတာ လည်း ဆရာတင်မျိုးဝင်းက ဒီနေ့နေ့လယ်ဝင်မယ်၊ ဗိုလ်ချုပ်အောင်ကြည်နဲ့ နောက်နေ့ တွေ့မယ်ဆိုတော့ အဲဒီ (၂) ချက်ကို သတင်းတပ်ဖွဲ့က မှာကြားလိုက်တယ်။ မှာကြားတော့ အဲဒါ တွေပြောတော့ သူ့ရဲ့တုံ့ပြန်ချက်က တပေါင်းတည်းလိုပါပဲ။
မေး။ ။ ဒေါက်တာတင်မျိုးဝင်းနဲ့ လစဉ် ပထမပတ် ကြာသပတေးနေ့တိုင်းမှာတွေ့ဆုံဖို့ မူလက သဘောတူထားပါတယ်။ ဒါပေမယ့် ဘာကြောင့် ဆရာနဲ့ တရက်တည်း တွေ့ဖို့ဖြစ်လာရတာလဲ သိချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်နေရလို့လား၊ တခြားအကြောင်းကြောင့်လား ဘာကြောင့်လို့ထင်ပါလဲ။
ဖြေ။ ။ ကျနော်လည်းအဲလိုပဲနားလည်တယ်။ ကြာသပတေးတောင် ပထမကြာသပတေးပေါ့။ အဲဒါပေါ့ဗျ၊ ကျနော်လည်း သိပ်တော့မရှင်းဘူးဗျ။ အက်စ်ဘီကလည်း ကျနော့်ကို အဲဒီအချက်တော့မပြောဘူးဗျ။ ကျနော်လည်း အဲဒီအချက်တော့မမေးဖြစ်ဘူး။ သူက (၁) ရက်နေ့ ကောက် လုပ်လိုက်ရော နောက်ဆုံး စစ်တာက ဆရာတင်မျိုးဝင်းက သြဂုတ်လ (၁၇) ရက်နေ့ (၁) ရက်ဆိုတော့ (၁၄) ရက်ပဲ နှစ်ပတ်အတွင်း ပြန်စစ်တဲ့သဘောပေါ့။ နှစ်ပတ်အတွင်း မစစ်ရဘူးလို့လည်း မဆိုပါဘူး။ ကျနော် အဲဒီအပိုင်းတော့ အဲလောက်ပဲပြောနိုင်မယ်။ ဒေါ်စုကတော့ တပေါင်းတည်း ဖြေလိုက်တယ်။ တော်တော်ပင်ပန်းနေတယ်။ နားတော့နားချင်တယ်လို့ပြောပါတယ်။
မေး။ ။ ကျနော်တို့နားလည်ထားတာက ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရပိုင်ခွင့်တွေအတွက် တောင်းဆို နေတယ်။ အဲဒီလို တောင်းဆိုနေတဲ့ ကာလမှာ ပြင်ပကအစားအသောက်လည်းမယူဘူး၊ ပြင်ပက ပုဂ္ဂိုလ်တွေနဲ့လည်း မတွေ့ဆုံဘူးလို့ နားလည်ထားပါတယ်။ ဆရာသိထားတာကရော ဘယ်လိုပါလဲ။
ဖြေ။ ။ မူလရပိုင်ခွင့်တွေ အကုန်လုံးအဆင်မချောသေးဘူး ဆိုကြပါစို့လေ။ အဲလိုဖြစ်လို့လည်း ပါမယ် ထင်တယ်။ အဲလိုကြီးတော့ ကျနော်အတိအကျမသိဘူး။ ဒါပေမယ့် ဟုတ်လည်း ဟုတ်နိုင်ပါတယ်။ မူလ ရပိုင်ခွင့်တွေကိစ္စကို အခုမနက်က စာတစောင်ပို့လိုက်ပြီး သတင်းတပ်ဖွဲ့ကို အခုဆက်ရေးနေတယ်၊ ရပိုင်ခွင့်တွေ တောင်းဆိုညှိနှိုင်းဖို့ကလည်း ကျနော့်တာဝန်ဖြစ်နေတယ်။ သိပ်လည်းမများလှပါဘူး။ ကျနော်တို့လုပ်နေတယ်လို့ပဲ ပြောပါရစေ။
မေး။ ။ ဆရာနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှာ ဆရာ့ကို အမှုအယူခံဝင်ဖို့ ကိစ္စကလွဲပြီး တခြား ကိစ္စတွေ မပြောရဘူးလို့ အာဏာပိုင်တွေက ပြောထားတယ်လို့ သတင်းတွေကြားရပါတယ် ဆရာ။ ဒါပေမယ့် ဆရာသွားတဲ့အခါမှာ ဦးအောင်ကြည်တို့ ဆရာတင်မျိုးဝင်းတို့နဲ့တွေ့ဖို့ ကိစ္စကို အာဏာပိုင်တွေက ကိုယ်တိုင် မသွားဘဲ ဆရာနဲ့ လူကြုံပါးပြီးပြောလိုက်တဲ့အပေါ်မှာ ဆရာ ဘယ်လိုသဘောရပါသလဲ။
ဖြေ။ ။ အဲလိုတော့ ကျနော့်ကို မတားပါဘူး။ အဲလိုမရှိဘူး။ ကျနော့်ကို အဲလိုမမှာပါဘူး။ မပြောတတ်ဘူး။ ကျနော်သွားတဲ့နေ့နဲ့ ကြုံလို့နဲ့တူပါရဲ့ အဲဒါတော့မပြောတတ်ဘူး။
မေး။ ။ အာဏာပိုင်တွေက ဦးအောင်ကြည်နဲ့တွေ့ဖို့ကိစ္စ ဆရာနဲ့လူကြုံပါးတဲ့ကိစ္စ၊ ဂမ်ဘာရီနဲ့တွေ့ဖို့ကိစ္စ တုန်းကလည်း အသံချဲ့စက်နဲ့ အော်တဲ့ကိစ္စကြောင့် မတွေ့တာလို့ ယူဆသူတွေ ရှိပါတယ်။ ဆရာ့ အမြင်ကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ မပြောတတ်ဘူးဗျာ အဲဒါတော့။ ဒါပေမယ့် ဒေါ်စုက အဲလိုမပြောပါဘူး။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည် ပြင်ပက အစားသောက်လက်မခံဘဲ နေတာကြာပြီဆိုတော့ ဆက်ပြီး ဒီအတိုင်းဆက်နေမယ်ဆိုရင် ဘယ်လိုဖြစ်လာနိုင်သလဲခင်ဗျ။ အစာငတ်ခံဆန္ဒပြနေတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ရော ဆရာ့ကို ဘာများပြောလိုက်ပါသေးလဲခင်ဗျ။
ဖြေ။ ။ ကျနော်က ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်စုလို့ ကျနော် အခုဒီကနေပြန်ပြီးတော့ ထွက်သွားလို့ရှိရင် အပြင်ကိုပြန်ရောက်သွားရင် လူတွေတော်တော်များများကလည်း ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံနေတယ် ဆိုပြီး သတင်းဖြစ်တယ်။ ယူဆနေကြတယ်။ စိုးရိမ်နေကြတယ်။ ဒါကလည်း ဗမာပြည်တွင်းသာမကဘဲနဲ့ တော်တော်များများ တခြားစိတ်ဝင်စားတဲ့နိုင်ငံတွေမှာလည်း အဲဒီစိုးရိမ်မှုတွေဖြစ်နေကြတယ်။ ဒါကြောင့်မို့လို့ ကျနော့်ကို ပထမဦးဆုံး မေးမယ့်မေးခွန်းက ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံတယ်ဆိုတာဟုတ်သလား။ ဘယ်လိုနေလဲလို့ မေးကြမယ်လို့။ အဲဒါဆိုရင် ကျနော်ဘယ်လိုဖြေရမလဲလို့ အဲလိုမေးလိုက်တယ်။ မေးလိုက် တော့ ဒေါ် အောင်ဆန်းစုကြည်က ကျနော့်ကို ပြောတာက အန်အယ်လ်ဒီလိုပြောပါတဲ့။ I am well ,but I am lost some weight တဲ့၊ ဘယ်လောက် weight ကျသွားတယ်ဆိုတာတော့ မေးချိန်လည်း မရပါဘူးခင်ဗျာ။ သူပြောတဲ့အတိုင်းသာ မှတ်ထားတာ။ အဲတော့ အဲဒီအပေါ်မှာ အဓိပ္ပာယ် ကောက်ယူကြပေါ့။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့တောင်းဆိုချက်တွေထဲက အယူခံဝင်ဖို့ကိစ္စ၊ ရှေ့နေနဲ့ တွေ့ခွင့်လည်းရပြီ၊ ဆရာဝန်နဲ့တွေ့ခွင့်လည်းရနေပြီဆိုတော့ အဓိက ဘာတွေကျန်ပါသေးလဲ ဆရာ။
ဖြေ။ ။ ဘာကျန်လဲဆိုတော့ သူ့ ကိုယ်ပိုင်အခွင့်အရေးတွေရှိတယ်။ အခုအရေးယူတဲ့ ဥပဒေ ပုဒ်မ ၉ (စ) မှာ ဘာဆိုလဲဆိုတော့ ကန့်သတ်ထားတဲ့ မူလအခွင့်အရေးများမှအပတဲ့ ကျန်တဲ့မူလ အခွင့်အရေးအားလုံး ခံစား ပိုင်ခွင့်ရှိတယ်တဲ့။ ဆိုတော့ အခုကန့်သတ်တဲ့ မူလအခွင့်အရေးက သံရုံးတွေ၊ နိုင်ငံရေးဟိုဒင်းတွေနဲ့ မတွေ့ရ ဘူး။ နောက် ဒုတိယက ခြံထဲမှာပဲ နေရမယ်ဆိုပြီး ပြောတာကိုး။ ကျန်တာတွေက ကျနော်တို့သိတာက Family က ပို့တဲ့စာတွေဘာတွေ သူ့ဆီမရောက်ဘူးတဲ့။ အဲလိုပြောတယ်။ ဘေးကစာတွေ ဘာတွေပြောတာမဟုတ်ဘူး။ Family ဆိုတော့ သား (၂) ယောက်ရှိတယ်။ သား (၂) ယောက်ဆီက စာတွေဘာတွေလည်း သူ့ဆီမရောက် ဘူးတဲ့။ လွန်ခဲ့တဲ့ (၁) ရက်နေ့က မဟုတ်ဘူး၊ ဟိုးဘက်တုန်းက ပြောဘူးတာက ဒီ ဆင်ဆာလုပ်တဲ့ဟာကို သူလက်ခံတယ် လုပ်ပါတဲ့။ လုပ်ပြီးရင်တော့ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ သူ့ဆီပို့ရမယ်တဲ့။ ဆိုတော့ ဒါတွေက ကျန်တဲ့မူလအခွင့်အရေးတွေ၊ ခံစားပိုင်ခွင့်ရှိတဲ့ မူလအခွင့်အရေးတွေဖြစ်နေတယ်။ နောက်ပြီးတော့ များမှာ ပေါ့ဗျာ၊ ဟိုဟာ ဒီဟာ မူလအခွင့်အရေးတွေဆိုတာလည်း သိတဲ့အတိုင်းပဲ။ ဒုတိယက မဂ္ဂဇင်း Time မဂ္ဂဇင်း၊ Newsweek မဂ္ဂဇင်း ဖတ်ပိုင်ခွင့်ရှိတယ်။ ပိုင်ခွင့်တရပ်အနေနဲ့ ပေးရမယ်။ ဒါပဲ၊ အဲဒါလည်း ကျနော်ပြန်ကြည့်ပြီး ပြီ၊ ကန့်သတ်တဲ့အထဲမပါဘူးဗျ။ မပါဘဲနဲ့ မပေးရင်တော့ သက်သက်မဲ့ ဥပဒေကိုလိုက်နာခြင်းမရှိဘူးလို့ ပြောရ မှာပေါ့နော်။ အဲဒါလေးတွေ အရေးဆိုပေးရဦးမယ်။ နောက် ဒေါ်ခင်ခင်ဝင်းဆိုလို့ရင်လည်း ပင်စင်သွားမထုတ် ရဘူး။ အပြင်လည်း မထွက်ရဘူး။ အဲဒါမျိုးလေးတွေပေါ့ဗျာ။
မေး။ ။ ပြီးခဲ့တဲ့အခေါက် ဆရာ ဒေါ်အောင်ဆန်းစုကြည်ဆီ သွားတဲ့အခါမှာ နေအိမ်အကျယ်ချုပ် တားဆီး မိန့်ထုတ်ထားတဲ့ကိစ္စ အယူခံလွှာမူကြမ်းကိုရေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တယ်လို့ ကျနော်တို့ သိရ ပါတယ်။ အဲဒီ အယူခံလွှာမူကြမ်းကို နေပြည်တော်က တားဆီးမိန့် မိတ္တူမရသေးဘဲနဲ့ ရေးလို့ရပါသလားဆိုတာ ရှင်းပြပေးလို့ရနိုင်မလားခင်ဗျာ။
ဖြေ။ ။ အဲဒါမဟုတ်ဘူး။ အဲဒါ ထိုင်စောင့်ရရင် ကျနော်။ ကျနော်တို့က ပြည့်စုံချင်လို့ တတ်နိုင်သရွေ့ကြိုးစား ပြီးတော့ လုပ်တယ်။ နေပြည်တော်မှာလည်းသွားမယ်။ တတိယပုဂ္ဂိုလ် ရှေ့နေလူငယ် ကိုလွှတ်မယ်။ လွှတ် ပြီးတော့ ကျနော်တို့ တောင်းထားတဲ့စာရှိတယ်၊ အဲဒါတွေရရင် ပိုပြည့်စုံတာပေါ့။ အခုအယူခံလွှာရေးပြီးပြီ။ ပြီးသွားတော့ ဒေါ်စုဆီမှာထားခဲ့တယ်။ သူက ဒါဖတ်လိမ့်မယ်ပေါ့ ဗျာ။ နောက်တခေါက် ကျနော်ဝင်တော့ ဆွေးနွေးပြီးတဲ့အခါကျတော့ သူ အတည်ပြုလို့ရှိရင် တင်ရုံပဲ။
မေး။ ။ ဆရာ့ကို ကူညီမယ့် လက်ထောက်ရှေ့နေ (၂) ယောက်မှာ ဦးဥာဏ်ဝင်းအပြင် နောက်ထပ် အမျိုး သမီးရှေ့နေတယောက်ကို ခေါ်မယ်ဆိုတာ အခုရပြီလားခင်ဗျ။
ဖြေ။ ။ အမျိုးသမီးတယောက်မဟုတ်တော့ဘူး။ ကျနော်အခု အမျိုးသားတယောက်ပဲ တာဝန်ပေးလိုက်ပြီ။ အဲဒီရှေ့နေက ဦးလှမျိုးမြင့်၊ ဗဟိုတရားရုံးရှေ့နေပေါ့။
မေး။ ။ ဒါဆို တားဆီးမိန့် မိတ္တူကတော့မရသေးဘူးပေါ့။ ဘယ်နေ့ကစပြီးအချုပ်ကျတယ်ဆိုတာ သိရပြီ လားဆရာ။
ဖြေ။ ။ ၂၀၀၄ ခုနှစ်လောက်ကဟာက ရတယ်ဗျ။ ၂၀၀၃ ခုနှစ်ကဟာ တနည်းအားဖြင့်ပြောရင် ဒီပဲယင်းပြီးပြီးချင်း နောက်ပိုင်းမရသေးဘူး ။ ရှုပ်နေသေးတယ်။ ဘာနဲ့ ချုပ်ထားမှန်းမသိသေးဘူး။ အဲဒါလိုက်ရဦးမယ်။ ဒါမှလည်း ကျနော်တို့ ပြည့်ပြည့်စုံစုံ တင်ပြနိုင်မယ်။
General power ကိစ္စ (ရှေ့နေလိုက်ဖို့ ပါဝါကတော့ရပြီ နောက်ထပ်တိုးတဲ့ ရှေ့နေ (၂) ယောက်ရဲ့ပါဝါက အခုလာမယ့် အခေါက်ဝင်တဲ့အခါကျ လက်မှတ်ထိုးရမယ်။ ကျနော့်အတွက်ကရပြီ၊ ဟို (၂) ယောက်အတွက်က လာမယ့်အပတ်မှာ ကျနော်ယူသွားရမယ်။ အထွေထွေကိုယ်စားလှယ်လွှဲစာ General power ကတော့ ဒေါ်စုက စာရွက်အဖြူနဲ့ပဲ ရေးဆိုပြီး ပြောလို့ ကျနော်တို့ ရေးပြီးတော့ယူခဲ့ပါပြီ။ ကျနော်နဲ့ ဦးဥာဏ်ဝင်းကို အထွေထွေ ကိုယ်စားလှယ် အပ်လိုက်တယ်။ Power of attorney ဆိုတာလည်း အကုန်လုံးကတော့ Power of attorney ချည်းပါပဲ။ ရှေ့နေ ကိုယ်စားလှယ်ကျတော့ Power of attorney လို့ခေါ်တယ်။ ရှေ့နေဆိုတာ အမှုလိုက်တဲ့ ရှေ့နေ)
No comments:
Post a Comment