ဇော်ကြီး (ပေါက်တော) မေလ ၁-ရက်နေ့တွင် ကျရောက်သော “ မေဒေး ကမ္ဘာ့အလုပ်သမားများနေ့” ကို ဂုဏ်ပြုသည့် အနေဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော်ဆေးခန်းတွင် ရခိုင်လူငယ်များက စုပေါင်းပြီး သွေးလှူပွဲတရပ်ကို မေလ ၁-ရက်နေ့ က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
ထိုအခမ်းအနားကို “ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး” (AASYC) မှ လူငယ်မောင်မယ်များက ဦးဆောင်ကျင်းပခဲ့ပြီး အဝေးရောက် ရခိုင်ရွေ့ပြောင်းအလုပ်သမားများနှင့် တခြားတိုင်းရင်းသား ရွေ့ပြောင်းအလုပ်သမားများက စုပေါင်းပြီးသွေးလှူဒါန်းခြင်းဖြစ်သည်။
အဆိုပါ သွေးလှူပွဲ အခန်းအနားကို နံနက် ၁၀း၀၀ နာရီမှ စတင်ခဲ့ပြီး ညနေ ၄း၃၀ မိနစ်တွင် အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ စုစုပေါင်း လူဦးရေ ၂၀၀ ကျော် တက်ရောက်ခဲ့ကြပြီး သွေးလှူသူ စုစုပေါင်း အရေအတွက်မှာ ၉၇ ယောက်ဖြစ်ကြောင်း သိရှိရသည်။
ယခုကဲ့သို့ မေဒေးနေ့တွင် သွေးလှူဒါန်းခြင်းမှာ ကမ္ဘာတ၀န်းလုံးရှိ အလုပ်သမားများ ကျန်းမာကြစေရန်နှင့် နယ်စပ်ဒေသအတွင်း၌ အခက်အခဲအမျိုးမျိုးကြောင့် လာရောက်လုပ်ကိုင်စားသောက်နေကြသော မြန်မာရွေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာချမ်းသာစေရန် ရည်ရွယ်ပြီး သွေးလှူဒါန်းရခြင်းဖြစ်သည်ဟု သွေးလှူဒါန်းသူများထဲတွင် ပါဝင်သူ လူငယ်တဦးက ပြောသည်၊
Source
No comments:
Post a Comment