Thursday, May 1, 2008

စစ်တွေတွင် ပိုစတာများဖြန့်ပီး ဆန္ဒခံယူပွဲအား ဆန့်ကျင်သည့် လုပ်ရပ်များ နေ့တိုင်းပေါ်ပေါက်နေ

ရခိုင်ပြည်နယ် စစ်တွေတွင် လတ်တလောကာလ အတွင်း ဆန္ဒခံယူပွဲအား ဆန့်ကျင်သည့် ပိုစတာများ ချိတိဆွဲ၍၎င်း၊ ဖြန့်ဝေ၍၎င်း ဆန့်ကျင်ကန့်ကွက်သည့် လုပ်ရပ်များ နေ့တိုင်း ပေါ်ပေါက်နေကြောင်း သတင်းရရှိသည်။
အမည်မဖေါ်လိုသူ ကျောင်းသား တဦးက “ဟို တရက်နှစ်ရက်အတွင်းကလည်း ဆန္ဒခံယူပွဲကို ဆန့်ကျင် ကန့်ကွက်တဲ့ စာတွေ ပိုစတာတွေကို လူတွေက စစ်တွေမှာ ဖြန့်ဝေခဲ့ပါတယ်။ မနေ့ကလည်း အင်ဘာလာဘက်မှာ အမည်မသိသူတွေက ဆန္ဒခံယူပွဲကို ဆန့်ကျင်တဲ့ စာတွေကို ဖြန့်ဝေခဲ့တယ်လို့ သိရှိရပါတယ်။” ဟု ပြောသည်။

စာထဲတွင် စစ်အစိုးရမှ ပြုလုပ်မည့် ဆန္ဒခံယူပွဲမှ ထွက်ပေါ်လာမည့် ဖွဲ့စည်းပုံ ရခိုင်လူထု အတွက် အကျိုးမရှိ၊ ညီညီညွတ်ညွတ် ကန့်ကွက်ကြနှင့် စစ်ကျွန်ဘ၀မှ လွတ်မြှောက်ရေး အားလုံး ကန်ကွက်မဲပေးဆိုသည့် စာတန်းများပါဝင်ကြောင်း သတင်းရရှိသည်။

ယခုကဲ့သို့ ဆန္ဒခံယူပွဲအား ဆန့်ကျင်သည့် စာရွက် စာတန်းများအား နေ့စဉ်နေ့တိုင်းလိုလို ပြုလုပ်နေသဖြင့် လုံခြုံရေးအား တင်းကြပ်စွာ ချထားပြီး တချို့ စစ်အစိုးရအား ဆန့်ကျင်သည့် ဘုန်းတော်ကြီးကျောင်းများအား ထောက်လှမ်းရေးနှင့် ရဲက အနီးကပ် စောင့်ကြပ်နေကြောင်း သတင်းတရပ်တွင် ဖေါ်ပြသည်။

ယခုအချိန်ထိ စစ်တွေတွင် ဖမ်းဆီးမှုများ မရှိသေးသော်လည်း အခြေအနေမှာ တင်းမာနေပြီး အာဏာပိုင်များနှင့် လူထုများ အကြားထိပ်တိုက် ရင်ဆိုင်မှုများ ဖြစ်လာရန် အခြေအနေများ ရှိနေကြောင်း သတင်း တရပ်တွင် ဖေါ်ပြသည်။

အဆိုပါ အမည် မဖေါ်လိုသူကပင် “ဒီတရက်နှစ်ရက်အတွင်း စစ်တွေမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကိုတော့ တိတိကျကျ မပြောနိုင်ဘူး၊ သတင်းတွေ မျိုးစုံထွက်နေပါတယ်။ တခုခုတော့ ဖြစ်မယ် ထင်တယ်။ လူတွေကတော့ စိုးရိမ်မှုတွေ များနေကြတာကို တွေ့နေရပါတယ်။” ဟု ပြောသည်။

Source

No comments: