Monday, May 19, 2008

ကုလသမဂ္ဂအရာရှိ မုန်တိုင်းသင့်ဒေသသို့ သွားရောက်ခွင့်ရ

AP / ၁၉ မေ ၂၀၀၈



မြန်မာစစ်အစိုးရက ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ အကူအညီပေးရေးအဖွဲ့ အကြီးအကဲကို ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့ ယနေ့သွားခွင့်ပြုခဲ့သည်။

ဆိုင်ကလုန်းဘေးသင့် ဒေသများသို့ နိုင်ငံခြားသားများအား သွားလာခွင့်အား ကန့်သတ်နေသည့် စစ်အစိုးရက ကုလ အထွေထွေအတွင်းရေးမှူးချုပ် လက်အောက်မှ လူသားချင်းဆိုင်ရာ အကူအညီ ပေးရေး အဖွဲ့အကြီးအကဲ ဂျွန်ဟုမ်းစ်ကို ခရီးတိုအဖြစ် သွားခွင့်ပြုခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူတဦးက ပြောသည်။

မစ္စတာဟုမ်းစ်သည် ငတ်မွတ်မှုနှင့် ရောဂါဘေးကြုံနေရပြီး ခိုလှုံရာမဲ့နေသော မုန်တိုင်းဘေးသင့် ဒုက္ခသည်များရှိရာ နယ်မြေသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်း အမည်မဖော်လိုသူ အဆိုပါ တာဝန်ရှိသူက ပြောသည်။

နာရီအနည်းငယ်သာကြာမည့် ယင်းခရီးစဉ်မှ ရန်ကုန်သို့ ပြန်ရောက်လျှင် မစ္စတာဟုမ်းစ်သည် ပြည်တွင်း၌ အကူအညီပေးနေသည့် နိုင်ငံတကာအဖွဲ့များနှင့် တွေ့ဆုံရန်ရှိကြောင်းသိရသည်။

မြန်မာစစ်အစိုးရက ကုလသမဂ္ဂနှင့် အဆင်ပြေစွာ ဆက်ဆံနိုင်ရေး ကြိုးစားသည့်အနေဖြင့် လာမည့် ဗုဒ္ဓဟူးနေ့ မြန်မာနိုင်ငံသို့ ရောက်ရှိမည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းအား မြစ်ဝကျွန်းပေါ်ဒေသသို့ သွားခွင့်ပြုမည်ဖြစ်ကြောင်းလည်း နယူးယော့ခ်ရှိ ကုလပြောခွင့်ရ အမျိုး
သမီး မီရှေးမွန်းတပ်စ်က ပြောသည်။

အစောပိုင်းတွင် မစ္စတာဘန်ကီမွန်းက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဖုန်း၊
စာတို့ဖြင့် အဆက်အသွယ် ပြုခဲ့သော်လည်း တစုံတရာ ပြန်ကြားခြင်းမပြုခဲ့ကြောင်း၊ တတိယ မြောက်စာကို ရန်ကုန်မြို့သို့ ယမန်နေ့က ရောက်ရှိသွားသော မစ္စတာဟုမ်းစ်နှင့် ထပ်မံထည့်ပေး လိုက်ကြောင်း မစ္စမွန်းတပ်စ်က ပြောသည်။

ကုလသမဂ္ဂ၏ ယခုကြိုးစားနေမှုများကြောင့် မုန်တိုင်းဒုက္ခသည်များအား အကူအညီ ပေးနိုင်ရန် နိုင်ငံခြား စစ်သင်္ဘောများအား မြန်မာနိုင်ငံအတွင်းသို့ ၀င်ခွင့်ပေးရေး လမ်းစဖြစ်လာနိုင်ကြောင်း ဗြိတိန်အဆင့်မြင့်သံတမန်တဦးက ပြောသည်။ သို့သော် သောက်ရေသန့်နှင့် သင့်တင့်သော အမိုး အကာများ မရှိသဖြင့် ဒုက္ခသည် ကလေးအမြောက်အမြား ထပ်မံသေဆုံးရဖွယ်ရှိကြောင်း အဆိုပါ သံတမန်က သတိပေးသည်။

မုန်တိုင်းဘေးသင့်ခဲ့မှုအပေါ် စစ်အစိုးရ၏ ကိုင်တွယ်ဖြေရှင်းနေပုံကို နိုင်ငံတကာမှ ဝေဖန်ပြစ်တင်မှု များဖြစ်ပေါ်နေစဉ် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ယမန်နေ့တွင် ၎င်း၏ ပထမ ဦးဆုံးခရီးစဉ်အဖြစ် ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာနှင့် ဒဂုံမြို့နယ်တို့မှ ဒုက္ခသည်စခန်းများကို လှည့်လည်ကြည့်ရှုကြောင်း စစ်အစိုးရပိုင် ရုပ်သံသတင်းဌာနမှ ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံအတွင်း ယခုလ (၂-၃) ရက်များ၌ တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လတ်တ လော သတင်းများအရ လူ အနည်းဆုံး (၇၈,၀၀၀) ဦးသေဆုံးပြီး ပျောက်ဆုံးသူ (၅၆,၀၀၀) ဦး ရှိကြောင်း သိရသည်။

မုန်တိုင်းဒဏ်ခံရသည့် ဒေသတခုဖြစ်သော လပွတ္တာမြို့ရှိ ကလေးအမြောက်အများသည် မိုးဒဏ် ကာနိုင်ရန် ၎င်းတို့၏ ဦးခေါင်း ကို လက်ဖြင့် အကာအကွယ်လုပ်၍ ပုဂ္ဂလိကအလှူရှင်များထံမှ ဆန်၊ ဟင်းနှင့် အာလူးများရရှိနိုင်ရန် တန်းစီနေကြရသည်။ အစားအစာ အကန့်အသတ်ရှိသဖြင့် ကလေး ငယ်များနှင့် သက်ကြီးရွယ်အိုများကိုသာ အဓိကထား ပေးဝေနေကြရကြောင်း သိရသည်။

ဒုက္ခသည်များကို အကူအညီပေးနေသော Save the Children အဖွဲ့က ဒုက္ခသည်ကလေး အမြောက်အမြား အငတ်ဘေးကြုံနေရကြောင်း သတိပေး ပြောကြားခဲ့မှုအပေါ် စစ်အစိုးရက လူထု၊ လူမှုအဖွဲ့အစည်းနှင့် ဌာနဆိုင်ရာများအား စုပေါင်း၍ ၎င်းတို့အနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို အလျင်အမြန် လုပ်ဆောင်နေကြောင်း ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှတဆင့် တုံ့ပြန်ဖော်ပြခဲ့သည်။

ယင်းအပြင် နိုင်ငံခြားသတင်းဌာနများကို သတင်းမှားများ ဖော်ပြနေကြောင်း စွပ်စွဲလိုက်ပြီး ကယ် ဆယ်ရေးစခန်းများအတွက် အခြေခံ လိုအပ်ချက်များနှင့် ပတ်သက်၍ စုံစမ်းလေ့လာမှုများ ပြုလုပ် နေကြောင်း၊ ကျွမ်းကျင်သူများကလည်း မုန်တိုင်းသင့်ဒေသများသို့ ကျန်းမာရေးလိုအပ်ချက်များကို ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း သတင်းစာက ဖော်ပြသည်။

စစ်အစိုးရပိုင် ရေဒီယိုအသံလွှင့်ဌာနကလည်း ကယ်ဆယ်ရေးလုပ်ငန်းများအတွက် စစ်အစိုးရအနေ ဖြင့် အမေရိကန်ဒေါ်လာ (၂) သန်းခန့် အသုံးပြုပြီးဖြစ်ပြီး ပြည်တွင်းပြည်ပမှလည်း အလှူရှင်ငွေ များ ဒေါ်လာသန်းနှင့်ချီ၍ ရရှိနေကြောင်း ထုတ်လွှင့်ခဲ့သည်။

သို့သော် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များကမူ ဒုက္ခသည်ဦးရေ (၂.၅) သန်းခန့်သည် အစားအစာသာမက မုတ်သုန်မိုးဒဏ်ခံနိုင်ရန် အမိုးအကာများ၊ ဆေးဝါး၊ သောက်ရေသန့်တို့ အရေးပေါ် လိုအပ်လျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုနေကြသည်။ ကုလသမဂ္ဂ၏ ယခုလ (၁၇) ရက်ထုတ် အစီရင်ခံချက်အရ နိုင်ငံတကာ အဖွဲ့အစည်းများမှ ပေးအပ်သည့် အရေးပေါ် အကူအညီ သည် လတ်တလော၌ လူ (၅၀၀,၀၀၀) ဦးခန့်အတွက်သာ ဖူလှုံကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း အကူအညီ ပေးခွင့်ရထားသော ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း များနှင့် World Vision ကဲ့သို့ သောနိုင်ငံတကာ အဖွဲ့များသည် မြစ်ဝကျွန်းပေါ်အတွင်း၌ ဒေသခံ မြန်မာဝန်ထမ်းများဖြင့်သာ အကန့်အသတ်ဖြင့် ကူညီနေရသောကြောင့် ရောဂါဖြစ်ပွားမှု ပိုမို ကျယ်ပြန့်မလာစေရန် အားထုတ်မှုနှင့် အင်အား ပိုမိုလိုအပ်နေကြောင်း ပြောသည်။

အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်ထားသော အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ် နိုင်ငံတို့မှ စစ်သင်္ဘောများသည် မြန်မာရေနယ်နိမိတ်နှင့် နီးကပ်စွာရောက်ရှိနေပြီဖြစ်သော်လည်း မြန်မာအာဏာပိုင်များက ၀င်ရောက်ခွင့် မပေးသေးပေ။

မြန်မာအာဏာပိုင်များအနေဖြင့် ကူညီရေး ဆောင်ရွက်ချက်များကို အိန္ဒိယ၊ တရုတ်၊ ထိုင်းနှင့် အင်ဒိုနီးရှားကဲ့သို့သော အာရှနိုင်ငံများမှ တဆင့်ဆောင်ရွက်ရန် ဆန္ဒရှိနေကြောင်း ဗြိတိန်နိုင်ငံခြား ရေးဝန်ကြီးရုံးဝန်ကြီး မဲလော့ခ်ျဘရောင်းက ပြောသည်။

Source

No comments: