NEJ/ ၁၉ မေ ၂၀၀၈
နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီးနောက် လှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံများ အားလုံးနီးပါး ရပ်ဆိုင်း ထားရဆဲဖြစ်ကြောင်း အဆိုပါဇုန်၏ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောသည်။
၎င်းက “လျှပ်စစ်ဓာတ်တိုင် (၁၅၀) ကျော် ပျက်စီးသွားတယ်။ လျှပ်စစ်မီးက သွယ်လို့မရသေးဘူး၊ ခုမှ ပြန်ပြီး တိုင်တွေ စိုက်နေရဆဲပဲ။ သူတို့ကတော့ ဒီတပတ်အတွင်း လာမယ့် ရက် (၂၀) ၀န်းကျင် မှာ အားလုံး အပြီးလုပ်ပေးမယ်လို့ ပြောတယ်။ လတ်တလောကတော့ အဆင်မပြေနိုင်သေးဘူး” ဟု ပြောသည်။
အဆိုပါစက်မှုဇုန်တွင် တိုင်းရင်းဆေးဝါး၊ အိမ်ဆောက်ပစ္စည်း၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း များ ထုတ်လုပ်သော စက်ရုံအချို့မှာ မိမိတို့အစီအစဉ်ဖြင့် နာဂစ်မုန်တိုင်းအပြီး နောက်နေ့များတွင် စတင်လည်ပတ်ခဲ့ကြောင်း သိရသည်။
“လည်ပတ်မှုတွေကို လုပ်ရတာကလည်း လူသုံးကုန်၊ စားကုန်သောက်ကုန်တွေက ဈေးကွက်မှာ လိုအပ်ချက်ရှိနေတယ်။ မလည်လို့ကလည်း မရဘူးလေ။ စက်ရုံလည်ပတ်ဖို့ ဆီတပေပါကို (၅) သိန်းကျော်နဲ့ လည်ရတာ။ အခုတော့ (၃) သိန်းခွဲလောက်ပဲ ရှိတော့တယ်” ဟု စားသောက်ကုန် စက်ရုံတရုံမှ ပြောသည်။
လှိုင်သာယာစက်မှုဇုန်တွင် ရွှေလင်ပန်းစက်မှုဇုန်၊ ငွေပင်လယ်ငါးပုစွန် ရောင်းဝယ်ရေးဇုန်အပါအ၀င် ဇုန်နံပါတ် (၁) မှ (၇) ထိရှိကာ စက်မှုဇုန်ကို အမှီသဟဲပြုနေရသော လူဦးရေ (၅) သောင်းကျော် ရှိကြောင်း ဇုန်စီမံခန့်ခွဲရေး စာရင်းဇယားများအရ သိရသည်။
“ဒီဇုန်မှာ အရင်က ဒီနာဂစ်မတိုင်ခင်က လည်ပတ်နေတဲ့ စက်ရုံပေါင်း (၄၀၀) ကျော်ရှိတယ်။ အမှန် တကယ် စာရင်းဇယားအရတော့ (၁) ထောင်ဝန်းကျင်လောက်ရှိမယ်။ ဖွံ့ဖြိုးအောင် အတော့်ကို လုပ်ယူနေရတုန်းမှာ သဘာဝဒဏ်ကို ခံလိုက်ရတယ်။ ပြီးခဲ့တဲ့ ၂၀၀၆ ကလည်း မာလာမုန်တိုင်း၊ အခု နာဂစ်” ဟု စက်ရုံပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။
လှိုင်သာယာစက်မှုဇုန်တွင် နာဂစ်မုန်တိုင်း တိုက်ခတ်သောကြောင့် စက်ရုံ (၁၇၀) ခန့် အနည်းနှင့် အများ ပျက်စီးသွားကြောင်း အဆိုပါ စက်မှုဇုမှ စီမံခန့်ခွဲရေးရုံး တာဝန်ရှိသူက ပြောသည်။
စက်မှုဇုန်တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်နေထိုင် အလုပ်လုပ်နေသူများမှာ ကရင်၊ ရခိုင်၊ မွန်၊ ချင်းနှင့် ဗမာလူမျိုးများဖြစ်ကြောင်း လှိုင်သာယာမြို့နယ်၏ လူဝင်မှုကြီးကြပ်ရေးဌာနမှ စုံစမ်းသိရသည်။
Source
No comments:
Post a Comment